ရန်ကုန် (မဇ္ဈိမ)။ ။ အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း ပုဒ်မ ၃၆၊ ပုဒ်မခွဲ (ည) တွင် အခြားဘာသာရေး အဖွဲ့အစည်းများမှ ဖွင့်လှစ်ထားသော ပညာရေး ကျောင်းများကို ပြင်ဆင်ဖြည့်စွက်ထားသည့် ရွည်ရွယ်ချက်မှာ ဗုဒ္ဒဘာာသာ ဘုန်းတော်ကြီး သင်ပညာရေး ကျောင်းများကဲ့သို့ အခြားသော ဘာသာများတွင်လည်း အလှူရှင်များ၏ ကူညီထောက်ပံ့မှုများဖြင့် နွမ်းပါးချို့တဲ့ပြီး ကျောင်းနေရန် အခက်အခဲရှိသော ကလေးသူငယ်များအား ဘာသာရေး စာပေများနှင့် လုံးဝသက်ဆိုင်ခြင်း မရှိစေဘဲ ကျောင်းပညာသင်ခွင့် မဆုံးရှုံးစေရန် ဖြစ်သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်က ဖေဖော်ဝါရီ ၂၃ ရက်တွင် ကြေညာချက် ထုတ်ပြန်လိုက်သည်။
အတည်ပြုပြီးသားဖြစ်သည့် အမျိုးသား ပညာရေး ဥပဒေပါ ပုဒ်မ ၆၈ (က) ဘာသာရေးကိုသာ သီးသန့်သင်ကြားပေးသော ကျောင်းများသည် ဤဥပဒေနှင့် သက်ဆိုင်ခြင်း မရှိစေရ ဟူသော ပြဋ္ဌာန်းချက်ကိုလည်း လေးပွင့် ဆိုင်ဆွေးနွေးပွဲမှ သဘောတူ တင်သွင်းထားသည့် အမျိုးသား ပညာရေး ဥပဒေအား ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ချက်ခြင်း မရှိဘဲ ဖြည့်စွက်ပုဒ်မ ၃၄ (ည) သည် ဘာသာရေးကျောင်များနှင့် သက်ဆိုင်ခြင်း မရှိဟုလည်း ကြေငြာချက်တွင် ဖော်ပြထားသည်။
“အမျိုးသား ပညာရေး ဥပဒေကိုပြင်ဆင်သည့် ဥပဒေမူကြမ်း” အား ကျောင်းသား၊ ပြည်သူများကို နားလည်မှု လွှဲမှားစေအောင် လေးပွင့်ဆိုင် သဘောတူညီချက်ကို ဖောက်ဖျက်ပြီး နိုင်ငံပိုင်မီဒီယာများတွင် လွှဲမှားစွာဖော်ပြခဲ့သည်ဟု ပညာရေးဝန်ကြီးကို လိပ်မူပြီး ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီနှင့် ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ယက် (NNER) တို့က ဖေဖော်ဝါရီ ၂၂ ရက် ရက်စွဲဖြင့် အိတ်ဖွင့်ပေးစာတစ်စောင် ပေးပို့ခဲ့သည်။
Credit - Mizzima News
No comments:
Post a Comment