Wednesday, February 25, 2015

ကျောင်းစာကြည့်တိုက်ကနေ တစ်ဆင့် ပညာရှာမှီးရေးဓလေ့ အပြောင်းအလဲ ဆီသို (ဆောင်းပါး)

စည်သူအောင်မြင့် (ဆောင်းပါး)

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက်ကကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ချင်းပြည်နယ်အမတ် ဦးဆလိုင်းခွဲယန်က အခြေခံပညာ အဆင့်ကျောင်းတွေမှာ ကျောင်းစာကြည့်တိုက်တွေ ပေါ်ထွန်းရေးနဲ့ ပတ်သက်ပြီး အစိုးရကို တိုက်တွန်းတဲ့ အဆိုတစ်ခုတင်ပါတယ်။ သူတင်တဲ့ အဆိုကို အမတ်အများစုကလည်း ထောက်ခံကြပါတယ်။ ဒီအဆိုဟာ ရိုးရှင်းသယောင် ထင်ပေမယ့် နောက်ဆက်တွဲ တွေးစရာ၊ ဝေဖန် သုံးသပ်စရာ၊ အကောင်အထည် ဖော်စရာကိစ္စ အများအပြားရှိနေတာ တွေ့ရပါတယ်။ သူ့အဆို အပြည့်အစုံက ဘာလဲ၊ ဒုဝန်ကြီးက ဘယ်လိုပြန်ဖြေသလဲ၊ ဒါနဲ့ ပတ်သက်ပြီး ဘယ်လောက်အထိ မျှော်မှန်း လုပ်ကိုင်ဖို့ လို အပ်မလဲဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။

ဦးဆလိုင်းခွဲယန် တင်တဲ့ အဆို အပြည့်အစုံက ခုလိုပါ။ ''အခြေခံ ပညာအဆင့် အထက်တန်းကျောင်းများတွင် ကျောင်းစာကြည့်တိုက် များ ပေါ်ထွန်းရေးနှင့် ကျောင်းစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုး တိုးတက်ရေး အတွက် အလေးထားဆောင်ရွက်ပေးရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း'' အဆိုပဲဖြစ်ပါ တယ်။ ဒါနဲ့ ပတ်သက်ပြီး အမတ်အများစုကတော့ ထောက်ခံဆွေးနွေးကြပါတယ်။ ပညာရေး ဒုဝန်ကြီး ဦးသန့်ရှင်းကတော့ အထက်တန်းကျောင်းတွေမှာ ကျောင်းစာကြည့်တိုက်တွေ ဖွင့်လှစ် ပေးထားပြီးဖြစ် တယ်၊ စာကြည့်တိုက်တွေနဲ့ ပတ်သက်ပြီး ပြန်ကြားရေး ဝန်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်၊ ဒါ ကြောင့် ဒီအဆို မှတ်တမ်းလောက်ပဲတင်ထားပါ ဆိုပြီးဖြေပါတယ်။ ဒါပေမယ့် အဆိုရှင် ဦးဆလိုင်းခွဲယန်ရဲ့ တောင်းဆိုချက်ကြောင့် လွှတ်တော်ရဲ့ အဆုံးအဖြတ် ရယူရာမှာတော့အဆိုကို လွှတ်တော်က အတည်ပြု ပေးလိုက်တာ ဖြစ်ပါတယ်။

ကျောင်းစာကြည့်တိုက်တွေ အကြောင်းပြောရင် မြန်မာ့ပညာရေးအကြောင်းကနေစပြီး ပြောရမှာ ဖြစ်ပါ တယ်။ ခုဆို မြန်မာနိုင်ငံ ပညာရေးစနစ် အလွန်နိမ့်ကျ ညံ့ဖျင်းနေတာ၊ ဘွဲ့ရသူတွေလည်း ဘာပညာမှ ကောင်းကောင်း မတတ်ကြဘူးဆိုတာ အားလုံးက လက်ခံထားကြပြီလည်း ဖြစ်ပါတယ်။ တကယ်တော့ ပညာရေး အခြေအနေ နိမ့်ကျမှုဟာ ဒီလောက်မကပါဘူး။ ကျောင်းသူ ကျောင်းသားတွေဟာ ကိုယ်သင်ရတဲ့ ပညာကို တတ်မြောက်မှု မရှိရုံမက ကျောင်းပညာသင်ချိန်မှာရော၊ ကျောင်းစာသင်ခန်း အပြင်ဘက်လူ့ လောကထဲ ရောက်သွားချိန်မှာပါ ဆက်စပ်ပညာရှာဖွေမှုဆိုတာကို သိလည်းမသိ၊ နားလည်းမလည်၊ တတ်လည်း မတတ်ကြပါဘူး။

ဒီလို မသိမတတ်တာဟာ ငယ်စဉ်ကတည်းက စာပေသင်ကြား ပို့ချပေးတဲ့ ကျောင်းဆရာ ဆရာမတွေ ကိုယ်တိုင်က သင်ကြားပြသပေးခြင်း၊ လမ်းညွှန်ပေးနိုင်ခြင်း မရှိတာကြောင့်လည်း ဖြစ်ပါတယ်။ အလားတူ အဲဒီ ဆရာဆရာမတွေကိုလည်း သက်ဆိုင်ရာ ကျောင်းအုပ်၊ ပညာရေးမှူး၊ အဆင့်မြင့် ပညာရေးအရာရှိတွေ ကိုယ်တိုင် သင်ကြားပြသ လမ်းညွှန်မှုမရှိတာကြောင့် ဘာမှ မသိနားမလည်ကြတာ ဖြစ်ပါတယ်။

တစ်နည်းပြောရရင် ပညာရေးစနစ်ထဲမှာ ရှိနေတဲ့ မူဝါဒချမှတ်သူတွေ၊ အဆင့်မြင့် အရာရှိတွေ၊ ပညာရေး မှူးတွေ၊ ကျောင်းအုပ်တွေ၊ ဆရာဆရာမတွေကိုယ်တိုင် ပြင်ပစာဖတ်တဲ့ ဓလေ့မရှိတာကြောင့်လို့လည်း ပြောနိုင်ပါတယ်။ အဲဒီ ဆိုးမွေကို ကျောင်းသူကျောင်းသားတွေကရ၊ နောင် အရွယ်ရောက် ဘွဲ့ရ၊ ဆရာ ဆရာမ ပြန်လုပ်ရင်း စာဖတ်ခြင်းကို မသိတော့ဘူးဆိုတဲ့ အခြေအနေရောက်လာတာမျိုးပါ။

ဒီအတွက် ပညာရေးဝန်ကြီးဌာနက ပထမဦးဆုံး လုပ်ရမယ့် အလုပ်ဟာကျောင်း သင်ခန်းစာကို ပြင်ပစာ အုပ်စာတမ်းအချက် အလက်တွေရှာဖွေ ဖတ်ရှုလေ့လာမှုနဲ့ ပေါင်းစပ်တတ်အောင် သင်ကြားပေးတဲ့ စနစ် ပေါ်ပေါက်အောင် ကြိုးစားဖို့ပဲ ဖြစ်ပါတယ်။ နိုင်ငံတကာက စာသင်ကျောင်းတွေ အဖို့ မထူးဆန်းပေမယ့် မြန်မာနိုင်ငံအတွက် ကတော့အခုမှ စလုပ်ရမယ့် သဘောဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ ပညာရပ်ပို့ချတာ၊ပညာ ဆည်းပူးတာမျိုး အဆင့်မြင့်ပညာရေး အရာရှိတွေ၊ အထူးသဖြင့် ပညာရေးမှူးနဲ့ ကျောင်းအုပ်တွေ လေးလေး နက်နက် အကောင်အထည်ဖော်နိုင်အောင် လမ်းညွှန်ပေးရပါလိမ့်မယ်။ နောက်ပိုင်း ဆရာ၊ ဆရာမတွေ အပြင် ကျောင်းသားမိဘတွေပါ သိမြင်နားလည်လာအောင် နည်းပေါင်းစုံနဲ့ ပညာပေးရပါလိမ့်မယ်။ အဲလို အမူအကျင့်ဆိုင်ရာကို အရင်ပြုပြင်ပြောင်းလဲမှု လုပ်နေတုန်း တစ်ပြိုင်နက်တည်း အကောင်အထည်ဖော်ရ မှာကတော့ ကျောင်းစာကြည့်တိုက်တွေပဲ ဖြစ်ပါတယ်။ ရိုးရိုး စာအုပ်စာတမ်းတွေအပြင် ဒီဂျစ်တယ် စာ ကြည့်တိုက်ပါလုပ်ပေးဖို့ လိုပါလိမ့်မယ်။ ဒီနေ့ အခြေအနေ ဒီဂျစ်တယ်စာကြည့်တိုက် ထူထောင်တာ မခက် ခဲသလို ငွေကုန်ကြေးကျလည်း မများပါဘူး။ စိတ်ဝင်စားဖို့ပဲ လိုပါတယ်။ လွှတ်တော်တွင်း ပညာရေး ဒုဝန် ကြီးရဲ့ ဖြေကြားချက်ထဲမှာ ကျောင်းစာကြည့်တိုက်တွေ ရှိနေပြီးသား ဆိုတာမျိုး ပါပါတယ်။ သူပြောတာ မှန်နိုင်ပါတယ်။ တချို့ကျောင်းတွေမှာ စာကြည့်တိုက်ဆိုတာ ရှိပြီးသားပါ။ ဒါပေမယ့် ဒီစာကြည့်တိုက်ဟာ တ ကယ်ပဲ ကျောင်းသူ ကျောင်းသားတွေရဲ့ ပညာရှာမှီးရာ အထောက်အကူ ဖြစ်စေသလား၊ ဗဟုသုတ ရှာမှီးရာ နေရာဖြစ်ရဲ့လား၊ တကယ်ရော အသုံးပြုနေ ကြပါသလားဆိုတာကတော့ မေးစရာမေး ခွန်းတွေရှိနေပါတယ်။

မှန်ပါတယ်။ ကျောင်းတချို့မှာ ကျောင်းစာကြည့်တိုက်တွေ ရှိပေမယ့် စာအုပ်၊ စာတမ်း စုံစုံလင်လင် မရှိပါဘူး။ တချို့ကျောင်း စာကြည့်တိုက်က စာအုပ်တွေကတော့ ဗီရိုတွေထဲ သော့ခတ်လျက်သားဖြစ်ပြီး ဘယ်သူမှ အသုံးပြုလို့ မရပါဘူး။ သေချာတာကတော့ ကျောင်းအများစုကြီးက စာကြည့်တိုက်တွေကို ပညာရှာမီးရာနေ ရာ အဖြစ်အသုံးပြု လည်ပတ်နေခြင်း မရှိတာပါပဲ။ ဒီအတွက် ပထမအဆင့် စာပေဖတ်ရှုလေ့လာခြင်း၊ ကျောင်းစာကို အထောက်အကူ ဖြစ်စေမယ့် စာအုပ်စာတမ်းတွေကနေ ပညာရှာမှီးခြင်း အလေ့အထကို အရင်ပြုစု ပျိုးထောင်ပေးရပါမယ်။ တဆက်တည်း ကျောင်းစာကြည့်တိုက်မှာ စာအုပ်စာတမ်းတွေ ပြည့်စုံ အောင်၊ ဖြစ်နိုင်ရင် ဒီဂျစ်တယ်စာကြည့်တိုက် ထူထောင်နိုင်အောင် လုပ်ရပါမယ်။ သက်ဆိုင်ရာ ကျောင်း အုပ် ဆရာတွေကိုယ်တိုင် ဒီကိစ္စလေးနက်ရင်၊ ကျောင်းသား မိဘတွေကို စည်းရုံးပြီး အကောင် အထည် ဖော်ရင် မဖြစ်လာနိုင်စရာ အကြောင်း မရှိပါဘူး။

နောက်ဆုံးအဆင့်ကတော့ စာကြည့်တိုက်ကို အသက်ဝင်နေအောင် လုပ်ဖို့ပါ။ ကျောင်းအားလပ်ချိန်တိုင်း ကျောင်းသား ကျောင်းသူတွေ အလွယ်တကူ ဝင်ရောက်ဖတ်ရှုနိုင်အောင်၊ လိုအပ်ရင် အိမ်ကိုပါ ငှားရမ်း လေ့လာ ဖတ်ရှုခွင့်ပေးနိုင်အောင် လုပ်ပေးကြရပါလိမ့်မယ်။ ဒါမှသာ ကျောင်း စာကြည့်တိုက်၊ စာအုပ်စာ တမ်းတွေကို အသုံးပြုပြီး ပညာဆည်းပူးမှုဓလေ့ အဆင့် မြှင့်တင်နိုင်မှာဖြစ်သလို အသိဥာဏ်ဗဟု သုတနိမ့် ပါးတဲ့ နိုင်ငံသားတွေအဖြစ်ကနေ စာဖတ်တဲ့ ဓလေ့ကို ခုံမင်တဲ့၊ စဉ်းစားဆင်ခြင်တုံ တရားမြင့်မားတဲ့ နိုင်ငံ သားတွေ ပေါ်ပေါက်လာမှာ ဖြစ်ပါကြောင်းသုံးသပ် တင်ပြလိုက်ရပါတယ်။


Credit -  Mizzima News

No comments:

Post a Comment