ပြီးခဲ့တဲ့အပတ်ထဲမှာ ပြည်ထဲရေး ဒု-ဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က မြန်မာနိုင်ငံရဲ့ ရဲတပ်ဖွဲ့ဝင် ၅,၇၆၆ ဦးကို တာဝန်ပျက်ကွက်မှု၊ ဥပဒေချိုးဖောက်မှုအရ အပြစ်ပေး အရေးယူခဲ့ရတယ်လို့ ပြည်သူ့လွှတ်တော်မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒါဟာ ငါးနှစ်အတွင်း အရေးယူအပြစ်ပေးခဲ့တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
လက်ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် အင်အားက ၇၂,ဝဝဝ ကျော် ရှိတယ်လို့ သိရပါတယ်။ ဒီအရေအတွက်အပေါ် မူတည်စဉ်းစားမယ်ဆိုရင်၊ အခုလို အရေးယူ အပြစ်ပေးခံခဲ့ရတဲ့ ရဲတပ်ဖွဲ့ဝင်အရေအတွက်ကို အချိုးချကြည့်ရင် တပ်ဖွဲ့ဝင်အင်အား စုစုပေါင်းရဲ့ ၁၂ ရာခိုင်နှုန်းသော
ရဲတပ်ဖွဲ့ဝင်တွေကို အရေးယူခဲ့ရတဲ့ သဘောပါပဲ။ တစ်ခါ နောက်ထပ် အချိုးချကြည့်မယ်ဆိုရင်လည်း အဲဒီ ၁၂ ရာခိုင်နှုန်းသော ရဲတပ်ဖွဲ့ဝင်များဟာ တစ်လမှာ အမှုပေါင်း တစ်ရာနီးပါး ကျူးလွန်သွားခဲ့ကြတဲ့သဘော ယူဆလို့ရနိုင်ပါတယ်။
ဒီကိစ္စနဲ့နွှယ်ပြီး ပြောစရာရှိလာတာက မိမိတို့နိုင်ငံမှာ လက်တွေ့နဲ့ပြောင်းပြန် သဘောသက်ရောက်နေတဲ့ ဆောင်ပုဒ်တွေ၊ ဆိုင်းဘုတ်တွေကို ပြည်သူတွေက ရယ်စရာသဘောထားနေကြတာ အားလုံးအသိဖြစ်ပါ တယ်။ ကာတွန်းတွေ ဆောင်းပါးတွေထဲမှာ ထောက်ပြ လှောင်ပြောင်ကြတာမျိုးလည်းရှိပါတယ်။ အဲဒီလို ဆောင်ပုဒ်တွေထဲမှာ ရဲတပ်ဖွဲ့စခန်းတွေမှာ ရေးထားတဲ့ ကူညီပါရစေဆိုတဲ့ ဆောင်ပုဒ် ဖြစ်ပါတယ်။ အခုလို ပြစ်မှုကျူးလွန်လို့ အရေးယူအပြစ်ပေးခဲ့ရတယ်ဆိုရာမှာလည်း ဖော်ထုတ်လို့ ပေါ်ပေါက်လာလို့ အရေးယူခဲ့ရ တဲ့အရေအတွက်ပဲဖြစ်ပြီးတော့ မသိလို့လွတ်သွားတဲ့ ပြစ်မှုကျူးလွန်မှု အရေအတွက်က ဘယ်လောက်ရှိနေ နိုင်ဦးမလဲ။ ဒီိလိုစဉ်းစားရင် မိမိတို့နိုင်ငံ ရဲတပ်ဖွဲ့ဝင်များရဲ့အခြေအနေဟာ စိတ်ပူဖို့ကောင်းလောက်အောင် ယိုယွင်းနေတဲ့သဘော သက်ရောက်ပါတယ်။
ဒီမိုကရေစီစနစ် အောင်မြင်ထွန်းကားနေတဲ့ တိုင်းပြည်များမှာ ရဲတွေဟာ လူထုရဲ့ ယုံကြည်မှု၊ လေးစားအားကိုးမှုကို တကယ်လက်တွေ့ ရနိုင်ကြပါတယ်။ ပြစ်မှုကျူးလွန်တဲ့ အရပ်သားမပြောနဲ့ လက်နက်ကိုင်စစ်သား တွေသည်ပင်လျှင် ရဲတွေကို ဥပဒေနဲ့ပတ်သက်ပြီး လေးစားကြရပါတယ်။ သာမန်အစိုးရ ဝန်ထမ်းမပြောနဲ့၊ အဆင့်မြင့်ဝန်ထမ်းများဖြစ်ကြတဲ့ အစိုးရအဖွဲ့ဝင်ဝန်ကြီးများအဆုံး ရဲတွေကို လေးစားကြရပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုတော့ အဲဒီတိုင်းပြည်တွေက ရဲတွေဟာ ဥပဒေနဲ့အညီ နေထိုင်ရုံတင်မကဘဲ ဥပဒေကို ကာကွယ်တဲ့နေရာမှာ အထူးသဖြင့် လူထုကို အကူအညီပေး၊ စောင့်ရှောက်တဲ့နေရာမှာ ရှေ့တန်းကရှိနေ ကြလို့ပါပဲ။ ဒါဟာ မိမိတို့ အတုယူကြရမှာပါ။
ဒီကြားထဲ ဆန္ဒပြတဲ့လူအုပ်စုကို လူစုခွဲတဲ့အခါ ရဲတပ်ဖွဲ့ဝင်တွေရဲ့ အရေးယူ ဆောင်ရွက်မှုဟာ လိုအပ်တာထက်ပိုပြီး လုပ်ပိုင်ခွင့်ကို ပိုပြီးအသုံးပြုခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ကြားခဲ့ကြရပါတယ်။ ပိုပြီး အသုံး ပြုတယ်လို့ပြောရမယ့်အဖြစ်ကလည်း ဆန္ဒပြလူအုပ်ကို သွေးမြေကျရတဲ့အထိ လူစုခွဲခဲ့ကြတဲ့အဖြစ်ကို ဆိုလိုတာပါပဲ။ အခုဆိုရင် ဆန္ဒပြလူစုနဲ့၊ ကျူးကျော်အဖြစ် သတ်မှတ်ခံရတဲ့နေရာများမှာ ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်ရှင်းလင်းရာမှာ ပြည်သူတွေ သွေးမြေကျရတဲ့ အဖြစ်အထိ ဖြစ်လာနေတာဟာ ထုံးစံတစ်ခုလို ဖြစ်လာနေတယ်လို့တောင် ဝေဖန်ခံနေရပြီလို့ ပြောနိုင်ပါတယ်။
ဒီလိုတွေ ဘာ့ကြောင့်ဖြစ်လာရတာလဲ။ ရဲတပ်ဖွဲ့ဝင်တွေဆိုတာ ပြည်သူကိုလေးစားရမယ်၊ ပြည်သူကို အကူအညီပေးရမယ်၊ ပြည်သူကို စောင့်ရှောက်ရမယ်ဆိုတဲ့ အခြေခံကျင့်ဝတ်ကို ဘေးချထားလိုက်ကြလို့ သာ အခုလိုဖြစ်နေကြတာပါ။ ပိုဆိုးတာက ပြည်သူကို ရန်သူလိုသဘောထား ဖိနှိပ်တဲ့သဘောဆောင်တဲ့ အဖြစ်အပျက်မျိုးတွေအထိ ဖြစ်လာနေတာဟာ တိုင်းပြည်အတွက် မကောင်းတဲ့ လက္ခဏာလို့ပဲ ပြောရမှာပါ။
ဒါကြောင့်မို့ ဒီမိုကရေစီ နိုင်ငံတချို့ရဲ့ အကူအညီနဲ့ မိမိတို့နိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့အပေါ် ကျိုးနွံစေရေး၊ ကူညီစောင့်ရှောက်စေရေးနဲ့ ဥပဒေနဲ့အညီ အဓိကရုဏ်း ဖြေရှင်းပုံဖြေရှင်းနည်းတွေကို သင်တန်းတွေပေး တဲ့နည်းအပြင်၊ အပြစ်ကျူးလွန်သူကို ဥပဒေအရ အရေးယူသည့်နည်းအပြင် အရေးအကြီးဆုံးအချက်က ပြည်သူ့ရဲများ စိတ်ဓာတ်ပြုပြင်ပြောင်းလဲရေးက ပိုပြီးအဓိကကျကြောင်း တင်ပြလိုက်ပါတယ်။
Credit - Mizzima News
No comments:
Post a Comment