Monday, February 23, 2015

သပိတ်မှောက် စစ်ကြောင်းများအား ထောက်ခံကြောင်း ရတနာပုံ တက္ကသိုလ် ကျောင်းသားအချို့ ဆန္ဒပြ

မန္တလေး (မဇ္ဈိမ)။ ။ အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက်သည့် ကျောင်းသားများ၏ သပိတ်မှောက် စစ်ကြောင်းများအား
ထောက်ခံကြောင်း ရတနာပုံတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ ၄၀ ကျော်တို့ ဖေဖော်ဝါရီ ၂၃ ရက်က တက္ကသိုလ်ဝင်းအတွင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

Yadanarbon-University-Student-Strike
ကျောင်းသားများ၏ သပိတ်မှောက်စစ်ကြောင်းများအား ထောက်ခံကြောင်း ဖေဖော်ဝါရီ ၂၃ ရက်က ရတနာပုံတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူအချို့ တက္ကသိုလ်ဝင်းအတွင်း ဆန္ဒထုတ်ဖော်နေစဉ်၊ (ဓာတ်ပုံ - အောင်ကိုဦး၊ မဇ္ဈိမ)



အဆိုပါ ထောက်ခံဆန္ဒထုတ်ဖော်မှုနှင့် ဟောပြောပွဲများကို တက္ကသိုလ်ဝင်းအတွင်း ဖေဖော်ဝါရီ ၂၅ ရက်ထိ ပြုလုပ်သွားမည်ဟု ရတနာပုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂအဖွဲ့ ဥက္ကဌ ကိုနိုင်ရဲဝေက မဇ္ဈိမကို ပြောသည်။

“အတည်ပြုထားတဲ့ ဥပဒေကို ပြင်ပေးဖို့တိုက်ပွဲဝင်တာ အားလုံးနဲ့ သက်ဆိုင်တယ်ဆိုတာကို ဟောပြောသွားမယ်” ဟု ကိုနိုင်ရဲဝေက ဆိုသည်။

ကျောင်းဝင်းအတွင်း ဆန္ဒထုတ်ဖော်မှုအား အသံချဲ့စက်အသုံးပြု၍ မဟောပြောရန်နှင့် စာသင်ဆောင်များ ရှေ့တွင်လှည့်လည်ခြင်း မပြုရန် ကျောင်းအာဏာပိုင်များက တားမြစ်ခဲ့သော်လည်း ဆန္ဒထုတ်ဖော်သည့်  ကျောင်းသား၊ ကျောင်းသူများက လိုက်နာခဲ့ခြင်း မရှိပေ။

“ကျွန်တော်တို့ကို စက်တွေသုံးပြီး ကျောင်းထဲမလှည့်ဖို့ပြောတယ်။ တားတယ်ပေါ့ဗျာ၊ ဒါကိုလက်မခံဘူး။ အခု ကျွန်တော်တို့လုပ်တာကို ဆရာ၊ ဆရာမတွေကိုပါ သိစေချင်တယ်” ဟု ဆန္ဒထုတ်ဖော်ခဲ့သည့် ဒုတိယနှစ်၊ ဥပဒေ ဘာသာရပ်သင်ကြားနေသည့် ကိုအောင်မျိုးလွင်က ပြောသည်။

ကျောင်းဝင်းအတွင်း သီချင်းဖွင့်ပြီး အသံချဲ့စက်ဖြင့် ဆန္ဒထုတ်ဖော်ဟောပြောနေမှုကို တားဆီးရခြင်းမှာ စာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများ အနှောက်အယှက်ဖြစ်မည်ကို စိုးရိမ်ခြင်းနှင့် မလိုလားအပ်သည့် ပြဿနာများဖြစ်လာနိုင်သောကြောင့်ဟု ရတနာပုံတက္ကသိုလ်၊ ဒုတိယပါမောက္ခချုပ် ဦးအောင်အောင်မင်းက မဇ္ဈိမ၏ မေးမြန်းမှုကို ဖြေကြားခဲ့သည်။

ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်ခြင်းမရှိသည့် ရတနာပုံတက္ကသိုလ်မှ တတိယနှစ်ကျောင်းသူ မအေးနန္ဒာဝင်းက “သမီးတို့က ကြောက်တယ်၊ မပါရဲဘူး။ တစ်ခုခုဖြစ်မှာစိုးတယ်။ နယ်ကလာတက်ရတာလေ။ ဒီပညာရေးက မကောင်းဘူး၊ အာမခံချက်မရှိဘူးဆိုတာတော့ နားလည်တယ်။သမီးတို့ အခုသင်နေတာက တတ်ဖို့မဟုတ်ဘူး၊ ဘွဲ့ရဖို့ပဲ” ဟု သူမ၏ သဘောထားကို ပြောသည်။

အဆိုပါ ဆန္ဒထုတ်ဖော်ဟောပြောပွဲကို မွန်းလွှဲ ၁၂နာရီ မိနစ် ၃၀တွင် အဆုံးသတ်ခဲ့ပြီး ဖေဖေါ်ဝါရီလ ၂၄ ရက်၊ နံနက် ၉ နာရီတွင် စတင် ပြုလုပ်ဦးမည်ဟု ဦးဆောင်ဆန္ဒထုတ်ဖော်သည့် ကျောင်းသား၊ ကျောင်းသူများက ပြောသည်။

Credit - Mizzima News

No comments:

Post a Comment