Thursday, February 26, 2015

အလုပ်သမား ဆန္ဒပြမှု ပြဿနာ ဘယ်လို အဖြေရှာမလဲ (ဆောင်းပါး)

စည်သူအောင်မြင့် (ဆောင်းပါး)

အခုလပိုင်းအတွင်း မအေးမငြိမ်းဘဲ ဆက်တိုက်ဖြစ်ပွားနေတဲ့ ပြဿနာ တစ်ခုကတော့ အလုပ်သမားတွေရဲ့ ဆန္ဒပြပွဲတွေပါ။ တချို့စက်ရုံတွေက အလုပ်သမား သပိတ်ပြဿနာတွေ ပြေလည်သွားပေမယ့် တချို့စက်ရုံတွေမှာတော့ သပိတ်မှောက်ဆဲ၊ အလုပ်သမား ခေါင်းဆောင်တချို့ အဖမ်းခံရဆဲ၊ အာဏာပိုင်တွေက အရေးယူ မယ်လို့ သတိပေးထားဆဲ အခြေအနေမျိုး ဖြစ်နေတာလည်း တွေ့မြင်ရပါတယ်။ ဘာကြောင့် အလုပ်သမား ဆန္ဒပြမှုတွေ မကြာခဏ ဖြစ်နေရတာလဲ၊ ရေရှည် ဒီပြဿနာ ပြေလည်အောင် ဘယ်သူတွေက ဘာတွေလုပ် ရင် ရနိုင်မလဲဆိုတာ လေ့လာ သုံးသပ်ကြည့်ရအောင်။

အလုပ်သမား ဆန္ဒပြမှု ပြဿနာ အားလုံးလိုလိုရဲ့ အရင်းခံကတော့ လုပ်ခ လစာ နည်းပါးလို့ တိုးတောင်းရာကစတဲ့ ပြဿနာ ဖြစ်ပြီး ကျန်တာတွေကတော့ နောက်ဆက်တွဲ ပြဿနာတွေပါ။ နောက်ဆက်တွဲ ပြဿ နာတွေမှာ လုပ် ခလစာပေးတဲ့ပုံစံ မမှန်ကန်တာ၊ လုပ်ငန်းခွင့်အခြေအနေ မကောင်းတာ၊ ဆန္ဒပြ သပိတ်မှောက်ပွဲ ဖြစ်လာ ပြီဆိုရင် အာဏာပိုင်တွေရဲ့ ကိုင်တွယ်ပုံ ကြမ်းတမ်းတာ၊ ဖမ်းတာဆီးတာ တရားစွဲတာ စတဲ့ ပြဿနာတွေပဲ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တကယ့်အရင်းခံ ပြဿနာကတော့ လုပ်ခလစာနည်းပါးမှု ဆိုတာကိုတော့ ငြင်း လို့မရပါဘူး။

လုပ်ခလစာ နည်းတယ်ဆိုတာဟာ အလုပ်သမားတွေအနေနဲ့ သူတို့လုပ်ရတဲ့ အလုပ်ချိန်၊ ရတဲ့လုပ်အားခ၊ အဲဒီ ရတဲ့လခကနေ ပြန်ပြီးအသုံးပြုရတဲ့ လူနေမှုစရိတ်နဲ့ အထွေထွေစရိတ် အချိုးအစား မမျှတတာကို ဆို လိုတာပါ။ တကယ့်လက်တွေ့ မြန်မာအလုပ်သမားတွေရဲ့ ကျွမ်းကျင်မှုနဲ့ရတဲ့ လုပ်ခလစာဟာ အိမ်နီးချင်း နိုင်ငံတွေထက် အများကြီးနည်းနေတယ်လို့တော့ မဆိုနိုင်ပါဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံက ကုန်ဈေးနှုန်းနဲ့ အထွေထွေ လူနေမှုစရိတ် မြင့်မားတာကြောင့် လုပ်ခလစ နည်းတဲ့သဘော၊ မလောက်ငှတဲ့သဘော သက်ရောက်သွားရတာ ဖြစ်ပါတယ်။

ဥပမာအားဖြင့် မြန်မာနိုင်ငံသားအလုပ် သမားတစ်ယောက်ရော၊ ကမ္ဘောဒီးယားက အလုပ်သမားတစ် ယောက်ပါ တစ်ရက် လုပ်ခနှစ်ဒေါ်လာခွဲရတယ် ဆိုပါစို့၊ အဲဒီ နှစ်ဒေါ်လာခွဲဟာ ကမ္ဘောဒီးယား နိုင်ငံသား အလုပ်သမားအတွက် တော်တော်တန်တန်သုံးလို့ လောက်ငှနိုင်ပေမယ့် မြန်မာအလုပ် သမားအတွက်က တော့ ဘာမှသိပ်သုံးလို့ မရနိုင်ပါဘူး။ အကြောင်းကတော့ လက်ရှိ မြန်မာနိုင်ငံရဲ့ ကုန်ဈေးနှုန်းနဲ့ လူနေမှု စရိတ် အထွေထွေဟာ ကမ္ဘောဒီးယား နိုင်ငံထက် မြင့်မားနေလို့ပဲ ဖြစ်ပါတယ်။

နောက်ပြဿနာတစ်ခုက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု လာလုပ်တဲ့ စက်ရုံအလုပ်ရုံ ပိုင်ရှင်တွေအနေနဲ့ လက်ရှိ အလုပ်သမားတွေကို ပေးနေတဲ့ လုပ်ခလစာထက် တိုးမြှင့်ပြီးပေးရင် မဖြစ်နိုင်ဘူး လားဆိုတာပါ။ ဒါကို တော့ မဖြစ်နိုင်ဘူးဆိုပြီး အလုပ်ရှင်တွေဘက်က ပြောကြပါတယ်။ အကြောင်းရင်းကတော့ မြန်မာနိုင်ငံထဲ လာမြှုပ်နှံတာဟာ တခြားအိမ်နီးချင်း နိုင်ငံတွေနဲ့မတူ ကုန်ကျစရိတ် ကြီးမြင့်လို့ပါတဲ့။ လျှပ်စစ်မီး မှန်မှန်မရ တဲ့ ပြဿနာ၊ စက်ရုံ အလုပ်ရုံ တည်ဆောက်မယ်ဆိုရင် မြေဈေးကြီးတဲ့ ပြဿနာ၊ ငှားပြီး လုပ်မယ်ဆိုရင် စက်ရုံ၊ အလုပ်ရုံ ငှားခဈေးနှုန်း မြင့်နေတာ၊ အခြားသော အထွေထွေကုန်ကျ စားရိတ်တွေ မြင့်တက်နေတာကြောင့်ပဲလို့ ဆိုကြပါတယ်။

အလုပ်ရှင် အလုပ်သမား နှစ်ဖက်စလုံးကို ကြည့်လိုက်ရင် အလုပ်ရှင်ဘက်ကလည်း သိပ်မကိုက်ဘူး၊ အလုပ်သမားတွေ ဘက်ကလည်း စားမလောက်ဘူးဆိုတာ တွေ့နိုင်ပါတယ်။ ဒီအတွက် အလုပ်ရှင်နဲ့ အလုပ်သမား ဖြစ်နေတဲ့ ပြဿနာတွေမှာ တစ်ပွဲဖြစ်တစ်ပွဲဖြေရှင်း၊ ဆေးမြီးတိုနဲ့ ကုသလို့ ရေရှည်အဆင်ပြေ မှာ မဟုတ်ဘူးဆိုတာ တွေ့ရမယ် ဖြစ်ပါတယ်။ ပြဿနာ အားလုံးပြေလည်စေရေး အစိုးရဘက်မှာပဲ လုံးလုံး တာဝန်ရှိနေတာ သွားတွေ့ကြရပါလိမ့်မယ်။

ပထမ တစ်ချက်ကတော့ မြန်မာနိုင်ငံမှာ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးနေသေးတဲ့ ပြဿနာပါ။ သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့သစ် တက်လာပြီးနောက်တောင် မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံမှုတွေများ၊ အလုပ်အ ကိုင် အခွင့်အလမ်းပေါများဆိုတဲ့ အခြေအနေအထိ ရောက်မလာသေးပါဘူး။ ဒါကြောင့်လည်း ဒီနေ့အချိန် ထိ မြန်မာပြည်သူတွေဟာ ထိုင်း၊ မလေးရှားလို နိုင်ငံတွေဆီထွက်ပြီး အလုပ်လုပ်နေကြရဆဲ ဖြစ်နေတာက သက်သေဖြစ်ပါတယ်။ ဒုတိယ တစ်ချက်ကတော့ ရင်းနှီးမြှုပ်နှံမှုလာ လုပ်ကြတဲ့လုပ်ငန်းရှင်တွေ အဆင်ပြေ အောင် အကောင်အထည်ဖော်ပေးဖို့ပါ။ လျှပ်စစ်မီးမှန်မှန်ရဖို့၊ တခြားလုပ်ငန်း ဆောင်တာတွေ လုပ်ရလွယ် ကူအောင် ဗျူရိုကရေစီယန္တရား အဆင်ပြေချောမွေ့အောင် လုပ်ပေးဖို့၊ မြေဈေးတွေ၊ စက်ရုံ ငှားရမ်းခတွေ အိမ်နီးချင်းနိုင်ငံတွေနည်းတူ ဖြစ်သင့်တဲ့အတိုင်းအတာအထိ ဖြစ်လာဖို့ လုပ်ကိုင်ပေးရပါလိမ့်မယ်။

နောက်ပြဿနာ တစ်ခုကတော့ ကုန်ဈေးနှုန်း ကျဆင်းရေးပါ။ အမေရိကန် ဒေါ်လာ ၁ဝဝ ဟာ ထိုင်း၊ ကမ္ဘောဒီး ယားမှာ အသုံးခံသလောက် မြန်မာနိုင်ငံအတွင်း အသုံးမခံဘူးဆိုတာဟာ ဈေးကွက်သဘောအရ သူ့ဖာသာသူ ဖြစ်ချင်သလို ဖြစ်နေတာမျိုး မဟုတ်ပါ။ အစိုးရရဲ့ စီမံခန့်ခွဲမှုအရပ်ရပ် အားနည်းညံ့ဖျင်းတာ တွေကြောင့် ဖြစ်ရတဲ့ ပြဿနာပါ။ ကုန်စည်တွေ တစ်နေရာကနေ တစ်နေရာ သယ်ယူရာမှာ မလိုအပ်ဘဲ ကုန် ကျစရိတ် များပြားတာ၊ ကုန်ပစ္စည်း ထုတ်လုပ်သူဆီကနေ တကယ့်စားသုံးသူ လက်ထဲရောက်သည် အထိ အဆင့်တွေများနေတာ၊ ကုန်ပစ္စည်း ထုတ်လုပ်မှုဆိုင်ရာ ကုန်ကျစရိတ် မြင့်မားတာ၊ အဆင့်တိုင်းနေရာတိုင်း မှာ အဂတိလိုက်စားမှုတွေ ရှိနေတာတွေဟာ ကုန်ဈေးနှုန်းကြီးမြင့်ခြင်းနဲ့ အထွေထွေ ကုန်ကျစရိတ် မြင့်မား ခြင်းရဲ့ လက်သည် တရားခံတွေပဲ ဖြစ်ပါတယ်။ ဒါကို ပြုပြင်ဖို့ အစိုးရဘက်ကပဲ လုပ်ပေးရမှာဖြစ်ပါတယ်။

နောက်ဆုံး အရေးတကြီး ပြဿနာ တစ်ခုကတော့ အလုပ်သမားတွေရဲ့ အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ရေး ပါ။ နည်းသွားရင် အလုပ်သမားတွေ လက်ခံမှာ မဟုတ်သလို၊ များသွားရင်လည်း အလုပ်ရှင်တွေ မခံနိုင်၊ ရင်းနှီးမြှုပ်နှံမှု မလုပ်ကြတော့မယ့် ပြဿနာ ရှိပါတယ်။ ဒါကို သိလို့လည်း အစိုးရဟာ အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ရေး နေ့ရွှေ့၊ ညရွှေ့ အချိန်ဆွဲ၊ အချိန်ဆိုင်းနေတာ ဖြစ်နိုင်ပါတယ်။ အဲလို အချိန်ဆွဲ အချိန်ဆိုင်း နေလို့လည်း ခုလို အလုပ်သမားတွေရဲ့ ဆန္ဒပြသပိတ်မှောက်ပွဲတွေ တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာတာ ဖြစ် ပါတယ်။ ခြုံပြီး ပြောရရင် လက်ရှိ အလုပ်ရှင် အလုပ်သမား ဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို ကောင်းကောင်း မွန်မွန် ဖြေရှင်းနိုင်ဖို့ဆိုရင် အရည်အချင်းရှိတဲ့၊ စီမံခန့်ခွဲမှု ကောင်းတဲ့၊ တာဝန်ယူမှုရှိတဲ့ အစိုးရတစ်ရပ် ဖြစ် မှသာ ပြေလည်နိုင်မှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

 Credit - Mizzima News

No comments:

Post a Comment