စည်သူအောင်မြင့် (ဆောင်းပါး)
အခုဆိုရင် အစိုးရ၊ လွှတ်တော်၊ ကျောင်းသား၊ NNER (မြန်မာနိုင်ငံ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်)
လေးပွင့်ဆိုင် ကိုယ်စားလှယ်တွေ ညှိနှိုင်းတိုင်ပင်ရေးဆွဲ သဘောတူခဲ့တဲ့ အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းလွှတ်တော်ကို ရောက်သွားပါပြီ။ ဥပဒေကို ပြင်ပေးဖို့ တောင်းဆိုကြတဲ့ သပိတ်မှောက် ကျောင်းသားတွေထဲက တချို့ စစ်ကြောင်းတွေ ရပ်နားလိုက်ပြီး၊ ပင်မ သပိတ်စစ်ကြောင်းကတော့ လွှတ်တော်အခြေအနေ စောင့်ကြည့်ဖို့ ယာယီရပ်နားထားပါပြီ။
လွှတ်တော်ကသာ ကျောင်းသားတွေနဲ့ NNER ဘက်က သဘောတူ နိုင်လောက်တဲ့ သင့်တင့်တဲ့ ဥပဒေတစ်ခု အတည်ပြု ပေးနိုင်ခဲ့ရင်
ပြဿနာ အေးငြိမ်းသွားမှာဖြစ်ပြီး သမိုင်းဝင် ရလဒ်ကောင်းတစ်ခု ရလာမှာဖြစ်ပါတယ်။ တိုင်းပြည် အတွက်လည်း ကောင်းမွန်တဲ့ ဥပဒေ တစ်ခုရ၊ ဒီဥပဒေဖြစ်လာရေး ဆောင်ရွက်ပေးတဲ့ အစိုးရနဲ့ လွှတ်တော် ဘက်ကလည်း အနိုင်ရ၊ ကျောင်းသားနဲ့ NNER ဘက်ကလည်း လိုချင်တာရ အားလုံးအနိုင်ရတဲ့ ရလဒ်မျိုး ဖြစ်လာပါလိမ့်မယ်။ ဒါပေမယ့် ပြဿနာက ဒီလောက်မရိုးရှင်းပါဘူး။ ဒီပြဿနာနဲ့ ပတ်သက်ပြီး အစိုးရကို ပြည်သူတွေ ဘာကြောင့် မယုံကြသလဲဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။
ဥပဒေကြမ်း လွှတ်တော်ထဲရောက်သွားပေမယ့် ပြဿနာတွေ အေးမသွားနိုင်တာကတော့ အစိုးရဘက်က လုပ်ကိုင်ဆောင်ရွက်မှုတွေကြောင့်ပါ။ ပြင်ဆင်ချက် ဥပဒေမူကြမ်း အစိုးရပိုင် သတင်းစာတွေကနေ မူသုံးခု ဖော်ပြခဲ့ပါတယ်။ ဥပဒေမူကြမ်းနှစ်ခုကို 'NNER ကိုယ်စားလှယ်များနှင့် ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင် ကော်မတီမှ ကျောင်းသား ကိုယ်စားလှယ်များကိုယ်စား ဒေါက်တာ သိန်းလွင်၊ ဒေါက်တာ ညိုညိုသင်းနှင့် ဦးအောင်မှိုင်းဆန်းတို့ ရေးဆွဲ လက်မှတ်ထိုးထားသည့် အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေ (မူကြမ်း) ပါ ပြင်ဆင် ဖြည့်စွက်သည့် ပြဋ္ဌာန်းချက်များနှင့် တည်ဆဲ အမျိုးသား ပညာရေး ဥပဒေပါ ပြဋ္ဌာန်းချက်များ နှိုင်းယှဉ်ဇယား' ဆိုပြီး ခေါင်းစဉ် တပ်ဖော်ပြထားပါတယ်။ နောက်တစ်မူကတော့ ''NNER နှင့် ကျောင်းသားတောင်းဆိုသည့် ၁၁ ချက်နှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာနက ပြင်ဆင်ပေး ပို့ထားသည့် ဥပဒေပြင်ဆင်ချက်' ဆိုပြီး ဖော်ပြထားပါတယ်။
တကယ်တော့ ဥပဒေကြမ်းရေးဆွဲတင်သွင်းရေးနဲ့ ပတ်သက်ပြီး အစိုးရ၊ လွှတ်တော်၊ ကျောင်းသားနဲ့ NNER ကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။ ဆွေးနွေးပွဲအစမှာ ပညာရေးဝန်ကြီးဌာနက တင်လာတဲ့ ဥပဒေကြမ်း တစ်မူ၊ ကျောင်းသားတွေနဲ့NNER ဘက်က တင်လာတဲ့တစ်မူ နှစ်ခုဖြစ်ခဲ့ပါတယ်။ ဆွေးနွေးပွဲမှာ ငြင်းခုံရင်း ကျောင်းသားတွေနဲ့ NNER ဘက်က တင်ပြလာတဲ့ ဥပဒေမူကြမ်းကို အခြေတည်၊ အဲဒီ ဥပဒေကြမ်းပေါ်မှာ လေးပွင့်ဆိုင်ဆွေးနွေးပြီး အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ အဲဒီမူကိုပဲ 'လေးပွင့်ဆိုင် ဆွေးနွေး ပွဲရလဒ် ဥပဒေကြမ်း' အဖြစ် လွှတ်တော်ကို တင်ရမှာဖြစ်ပါတယ်။ နဂိုဆွေးနွေးစဉ်တုန်းက ဥပဒေကြမ်းနှစ်ခု ဖြစ်နေတယ်၊ ဥပဒေကြမ်း နှစ်ခုစလုံးကို အပြိုင်တင်မယ်ဆိုပြီး ပြောဆိုသဘောတူညီချက် ရယူတာမျိုး မရှိခဲ့ပါဘူး။ အဲဒီလို သဘောတူညီချက် မရှိခဲ့တဲ့ အစိုးရဘက်က တင်ပြတဲ့ ဥပဒေကြမ်းကို သတင်းစာမှာ ဖော်ပြတာ၊ လေးပွင့်ဆိုင် သဘောတူညီချက် ဥပဒေကြမ်းကို ကျောင်းသားတွေနဲ့ NNER ရဲ့ မူကြမ်းအဖြစ်ပဲ ပုံဖော်ပြသတာတွေဟာ မရိုးသားရာ ရောက်ပါတယ်။ ဆွေးနွေးပွဲဆိုင်ရာ ကတိကဝတ်ကို ဖောက်ဖျက်ရာ ရောက်ပါတယ်။
ပြောရရင် ပညာရေးဥပဒေ ပြင်ဆင်ပေးဖို့ တောင်းဆိုဆန္ဒပြပွဲ ကာလတစ်လျှောက်လုံး ကျောင်းသားတွေဟာ အစိုးရနဲ့ လွှတ်တော်ကို လုံးဝယုံကြည်မှုရှိတာ မဟုတ်ပါဘူး။ ဒါကြောင့်လည်း တချို့ကျောင်းသားခေါင်း ဆောင်တွေဟာ သူတို့လိုလားတဲ့ 'ပညာရေး ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေ' အတည်ပြု မပြီးမချင်း သပိတ် မှောက် တိုက်ပွဲဆင်တာကို မရပ်ချင်ကြပါဘူး။ အကြောင်းကတော့ သူတို့ ရှေ့မျိုးဆက် ကျောင်းသားတွေဟာ မကောင်းတဲ့ အစိုးရ၊ ကတိမတည်တဲ့ အစိုးရ၊ ကလိမ်ကကျစ် အစိုးရ၊ ဖိနှိပ်တဲ့ အစိုးရမျိုးကိုပဲ ကြုံခဲ့ရပြီး အလဲလဲအကွဲကွဲ ဖိနှိပ်တာခံခဲ့ရဖူးလို့ပါပဲ။ ဒါပေမဲ့လည်း အခုနောက်ဆုံး ကျောင်းသားသပိတ်ဖြစ်စဉ်မှာ သမ္မတ ဦးသိန်းစိန် အစိုးရဘက်က လေးပွင့်ဆိုင်ဆွေးနွေးရေးကို လက်ခံတာ၊ ဥပဒေကြမ်းတစ်ခုရသည် အထိ လိုက်လျောပေးခဲ့တာကိုကြည့်ပြီး သီတဂူဆရာတော်ကြီးလို ငြိမ်းချမ်းရေးကိုမျှော်လင့်တဲ့ ဆရာတော် ကြီးတွေ၊ တခြားအမြော်အမြင်ရှိသူတွေရဲ့ နားချမှု၊ စိတ်ရှည်ဖို့ ဖျောင်းဖျမှုတွေကြောင့် ကျောင်းသားတချို့၊ သပိတ်စခန်းသိမ်း၊ ကျောင်းသားတချို့ သပိတ်ယာယီရပ်နားဆိုတဲ့ အခြေအနေရောက်သွားတာပါ။ အစိုးရနဲ့ လွှတ်တော်ကို ယုံကြည်သွားလို့ မဟုတ်ပါဘူး။
ဒါပေမယ့် ခုအခါတော့ အစိုးရဘက်က ဇာတိရုပ် ပြလာပါတယ်။ ပညာရေး ဥပဒေမူကြမ်းနဲ့ ပတ်သက်ပြီး အစိုးရ သတင်းစာမှာ မမှန်မကန် ဖော်ပြလာတာ၊ တက္ကသိုလ်နဲ့ ကျောင်းတချို့မှာ ကျောင်းသားသပိတ် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေဖြစ်အောင် တန်ပြန်အကောင်အထည်ဖော်လာတာတွေဟာ ပညာရေးဥပဒေ ကြမ်း အတည်ပြုရေးနဲ့ပတ်သက်ပြီး အဆင်ပြေချောမွေ့မှု မရှိအောင် လုပ်တဲ့သဘော၊ ကျောင်းသားထုနဲ့ ပြည်သူလူထုအတွင်း မတည်မငြိမ် ပြန်ဖြစ်အောင် လုပ်တဲ့သဘော သက်ရောက်စေပါတယ်။ မြွေပူရာ ကင်းမှောင့်ဆိုသလို အမျိုးဘာသာ သာသနာ စောင့်ရှောက်ပါမယ်ဆိုတဲ့ ဆရာတော်၊ သံဃာတော်တွေနဲ့ ဖွဲ့စည်းထားတဲ့ မဘသအဖွဲ့ကြီးကလည်း ပညာရေးဥပဒေကြမ်းထဲမှာ 'တိုင်းပြည်နဲ့ လူမျိုးအနာဂတ်အတွက် ရတက်မအေးစရာများ၊ ကျောချမ်းစရာ ယိုပေါက် ဟာပေါက်များ၊ ကြီးမားသော ဘေးထွက်ဆိုးကျိုးများ၊ မသိမသာ မလိမ့်တပတ် နားလှည့်ပါးရိုက်မှုများ စသည် စသည် မြောက်မြားစွာ ပါဝင်နေသည်' ဆိုပြီး မမှန်မကန် ကြေညာချက်ထုတ်လာပါတယ်။ ဒါကို အစိုးရသတင်းစာကလည်း အားရဝမ်းသာ ဖော်ပြပေးခဲ့ တာတွေ့ရပါတယ်။ (အဲဒီ ထုတ်ပြန် ချက်မမှန်ကန်ကြောင်းNNER နဲ့ ကျောင်းသားတွေ သတင်းစာရှင်း လင်းပွဲလုပ် ရှင်းခဲ့ပြီမို့ အကျယ်မရှင်းလိုတော့ပါဘူး။)
ပြောရရင် အခု ပညာရေး ဥပဒေ ပြင်ဆင်ရေးကိစ္စမှာ လက်ရှိအစိုးရဟာ အရင်စစ်အာဏာရှင်အစိုးရ အဆက်ဆက်လိုပဲ မပြောင်းမလဲရှိနေဆဲ၊ မရိုးမသားလုပ်နေဆဲဆိုတာ ထင်ရှားလာပါတယ်။ ဒီလိုလုပ်ခြင်းဟာ ကျောင်းသား သပိတ်ပြဿနာ အေးအေးငြိမ်းငြိမ်း ပြေလည်သွားရမယ့်အစား၊ ထိပ်တိုက်တိုးမှုတွေ၊ အကြမ်းဖက် ဖိနှိပ်မှုတွေနဲ့အတူ အရင်ခေတ်ဟောင်းတုန်းကပုံစံအတိုင်း မပြေမလည် နိဂုံးချုပ်သွားနိုင်မယ့် အန္တရာယ်လည်း မြင်နေရပါတယ်။ အစိုးရရဲ့ ကျောင်းသားတွေနဲ့ တွေ့ဆုံဆွေးနွေးမှု ဘယ်လိုလုပ်တယ်၊ ဘယ်လို သဘောတူညီချက်ရယူတယ် စတာတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေတင်မက တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကလည်း စောင့်ကြည့်နေပါတယ်။ အစိုးရအနေနဲ့ ဒီလိုသာ မရိုးမဖြောင့်တဲ့ သဘောဆက်လုပ်နေရင် ကျောင်းသားနဲ့ ပြည်သူတွေရဲ့ ယုံကြည်ကိုးစားမှုရလာမှာ မဟုတ်သလို၊ တိုင်းရင်းသားတွေနဲ့ တွေ့ဆုံဆွေးနွေးရာမှာလည်း ပြေလည်မှုရအောင် ဆောင်ကျဉ်းနိုင်မှာ မဟုတ်ကြောင်း သုံးသပ် တင်ပြလိုက်ပါတယ်။
Credit - Mizzima News
No comments:
Post a Comment