Friday, February 27, 2015

ဧရာဝတီတိုင်း၏ အခွန်အများဆုံး ထမ်းဆောင်သူမှာ အရက်ချက် လုပ်ငန်းပိုင်ရှင်ဖြစ်

ပုသိမ်၊ ဖေဖော်ဝါရီ ၁၉

ဧရာဝတီတိုင်းဒေသကြီး အတွင်း၌ ၀င်ငွေခွန် အများဆုံး ထမ်းဆောင်သူ (၁၀)ဦး စာရင်းနှင့် ကုန်သွယ် လုပ်ငန်းခွန် အများဆုံးထမ်းဆောင်သူ (၁၀)ဦး စာရင်းတွင် ညောင်တုန်းမြို့မှ အရက်ချက်စက်ရုံ ပိုင်ရှင်မှ ထိပ်ဆုံးတွင် ဦးဆောင်နေပြီး အဆိုပါစာရင်း နှစ်ခုစာလုံးတွင် အရက်လေလံ ရရှိသူများနှင့် မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်း ပိုင်ရှင်များ၊ ဟိုတယ်လုပ်ငန်းရှင်များ ပါဝင်ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရ ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းကိုကိုကတိုင်းဒေသကြီး လွှတ်တော် တွင်း မေးမြန်းမှု၌ ထည့်သွင်း ဖြေဆိုခဲ့သည်။

ပထမအကြိမ် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် (၁၂)ကြိမ် မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ဖြစ်ေ သာ ဖေဖော်ဝါရီလ (၁၉)ရက်နေ့တွင် ဖျာပုံမြို့နယ် မဲဆန္ဒနယ်(၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်၏ ဧရာဝတီတိုင်း ဒေသကြီးအတွင်းနှင့် ဖျာပုံမြို့နယ်အတွင်းတွင် အခွန်ထမ်း အများဆုံးသူနှင့် အခွန်မည် မျှ ပေးဆောင်သည်ကို သိရှိလိုကြောင်း မေးခွန်းကို တိုင်းဒေသကြီးအစိုးရ အဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဘဏ္ဍာရေး ၀န်ကြီး ဦးဝင်းကိုကိုမှ ပြန်လည်ဖြေကြားရာတွင် ယခုကဲ့သို့ စာရင်းထုတ်ပြန် ပေးခဲ့ခြင်းဖြစ်သည်။…

လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်၏ မေးခွန်းတွင် ဖျာပုံမြို့ပေါ်တွင် လူဦးရေငါးသောင်းဝန်းကျင် နေထိုင်ပြီး မြို့နေလူဦးရေ သုံးသိန်းကျော် ရှိကြောင်း၊ နိုင်ငံတစ်ဝန်းလုံးတွင် အခွန်အများဆုံးထမ်းဆောင် သူစာရင်းကိုနိုင်ငံ တစ်ဝန်းကြေညာပေးနေသည် ကို တွေ့မြင်ကြား သိနေရသဖြင့် မိမိတို့တိုင်းဒေသကြီး အတွင်းအခွန်အများဆုံး ထမ်းဆောင်သူများကိုလည်း သိရှိလိုပါသဖြင့် ယခုကဲ့သို့ မေးခွန်းမေးမြန်း ရခြင်း ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

အဆိုပါ လွှတ်တော်ကိုယ်စားလှယ်ဦးဝင်းမြင့်၏ မေးခွန်းအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဘဏ္ဍာ ရေးဝန်ကြီး ဦးဝင်းကိုကို မှ ပြန်လည် ဖြေကြားရာတွင် ပြည်တွင်းအခွန်များဦးစီးဌာနမှ နှစ်စဉ်အများဆုံး အခွန်ထမ်းဆောင် သူများကို ကြေညာပေးနေသဖြင့် မိမိတို့ တိုင်းဒေသကြီးအတွင်း အများဆုံး အခွန်ထမ်းဆောင်သူများကိုလည်း စာရင်း ထုတ်ပြန်နိုင်ရန် ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြထားသော်လည်း တစ်စုံတစ်ရာညွှန်ကြားချက် မရှိသေးသဖြင့် ထုတ်ပြန်နိုင်ခြင်း မရှိသေးကြောင်း၊ သို့သော် လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့် ၏ မေးခွန်းမှာ မိမိတို့တိုင်းဒေသကြီးအတွင်း အခွန်ငွေများ ပိုမိုရရှိရန် ရည်ရွယ်သည်ဟု နားလည်သဖြင့် အခွန်ထမ်းဆောင်သူ စာရင်းများကို ပြန်လည်ဖြေကြားသွားမည် ဖြစ်ကြောင်း လွှတ်တော်သို့ပြန်လည် ဖြေကြားခဲ့သည်။

ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းကိုကို ပြန်လည်ဖြေကြားခဲ့သည့် ဧရာဝတီတိုင်း ဒေသကြီးအတွင်း ၂၀၁၃ -၁၄ စည်း ကြပ်နှစ်အတွင်း ကုန်သွယ်လုပ်ငန်းခွန် အများဆုံး ထမ်းဆောင်သည့်(၁၀)ဦးစာရင်းမှာ (၁) ညောင်တုန်း အရက်ချက် စက်ရုံပိုင်ရှင် ဦးတင်ဝင်း(၂) အရက်လေလံ ရရှိသူ ဦးတင်စိုး (၃) မြောင်းမြမြို့ ကားထုတ်လုပ်ခြင်း လုပ်ငန်းလုပ်ကိုင်သူ ဦးကျော်ကျော်အောင် (၄) ဟင်္သာတစက်မှုဇုန်မှ ဦးဝင်းထွန်း ထွန်း(၅)ချောင်းသာမှ Royal Place ဟိုတယ်၊ (၆) ဟင်္သာတစက်မှုဇုန်မှ ဦးမြင့်ခိုင်ထွန်း(၇)ငွေဆောင်မှ Bay Of Bengal ဟိုတယ်၊(၈) ကား ထုတ်လုပ်ခြင်း လုပ်ငန်းလုပ်ကိုင်သူ ဦးမိုးအောင်(မြောင်းမြ)၊ (၉) ချောင်းသာမှ ဟိုတယ်လုပ်ငန်းရှင် ဦးမျိုးခိုင်ပါ (၄)ဦး၊ (၁၀)အရက်ချက် စက်ရုံနှင့် စားသောက်ဆိုင်ပိုင်ရှင် ဒေါ်ညွန့်ညွန့်ဝင်း (ပန်းတနော်)တို့ဖြစ်သည်။ ၀င်ငွေ ခွန်အများဆုံး ထမ်းဆောင်သူများမှာ(၁) ညောင်တုန်း အရက်ချက် စက်ရုံပိုင်ရှင် ဦးတင်ဝင်း၊(၂) ချောင်းသာမှ Royal Place ဟိုတယ်၊ (၃)မြောင်းမြမြို့ ကားထုတ်လုပ်ခြင်း လုပ်ငန်းလုပ်ကိုင်သူ ဦးကျော်ကျော်အောင်၊ (၄) ငွေဆောင်မှ Bay Of Bengal Goft Resort Hotel Co;Ltd (၅) ကားထုတ်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်သူ ဦးမိုး အောင် (မြောင်းမြ) (၆)ဟင်္သာတစက်မှုဇုန်မှ ဦးဝင်းထွန်းထွန်း (၇) ဟင်္သာတစက်မှုဇုန်မှ ဦးမြင့်ခိုင်ထွန်း (၈) အရက်လေလံရရှိသူ ဦးဝေဖြိုးအောင်၊ (၉) ဆန်စက်နှင့် တည်းခိုခန်းပိုင်ရှင် ဦးသန့်ဇင်(မြောင်းမြ)၊ (၁၀) အရက်လေလံရရှိသူ ဦးတင်စိုးတို့ဖြစ်ကြသည်။

ဖျာပုံမြို့နယ်အတွင်း ၂၀၁၃ -၁၄စည်းကြပ် နှစ်ဝင်ငွေခွန် အခွန်ထမ်း ဦးရေ(၂၁၅၅)ဦးရှိပြီးကုန်သွယ် လုပ်ငန်းခွန် အခွန်ထမ်းဦးရေ (၇၆၇) ဦးရှိသည်။ ယခုထုတ်ပြန်ခဲ့သော အခွန်ထမ်းဆောင်သူများ၏ အခွန် ငွေမည် မျှပေး ဆောင်သည်ကိုမူ ၂၀၁၁ခုနှစ်၊ ၀င်ငွေခွန်ဥပဒေအရ ထုတ်ဖော်ပြောကြား ၍ မဖြစ်သော လျှို့ဝှက်ကိစ္စရပ် များ ဖြစ်သောကြောင့် မည်မျှပေးဆောင်သည်ကို ထုတ်ဖော်မပြောလိုကြောင်း ဦးဝင်းကိုကိုက မြန်မာသံတော်ဆင့် သို့ ပြောသည်။

ရဲရင်ထွန်း (ပုသိမ်)

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

 

No comments:

Post a Comment