ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ဖေဖော်ဝါရီလ (၂၅)ရက်နေ့ နံနက် (၁၀း၀၀)နာရီခန့် က မြောင်းမြမြို့နယ်နှင့် ခရိုင်တရားရုံးတို့၌ လာဘ်ပေးလာဘ်ယူပြု တရားစီရင်မှုများနှင့် အကျင့်ပျက်ဝန်ထမ်း များအား အရေးယူပေးရေး အတွက် မြောင်းမြမြို့ခံ (၂၀)ဦးခန့်က မြို့တွင်းသို့လှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြ သည်။
အဆိုပါ ဆန္ဒဖော်ထုတ်ပွဲအား ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေနှင့် အညီ လျှောက် ထားပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စကြာသီဟ၊ စကြာနန္ဒစေတီတော်ရှေ့မှ စတင်ခဲ့ကာ မြောင်းမြ
ခရိုင်တရား ရုံးနှင့် မြောင်းမြမြို့နယ် တရားရုံးရှေ့အထိ ““တရားမဲ့၊ ဥပဒေမဲ့ ငွေတောင်းယူသူတွေ အရေးယူပေး၊ လာဘ်ပေး လာဘ်ယူ တရားစီရင်သူအရေးယူပေး၊ ဥပဒေအားမကိုး လာဘ်ထိုး အမှုလိုက်ရှေ့နေအလိုမရှိ၊ ခွတုတ်ခွစား ရှေ့နေများ အလိုမရှိ၊ ခွင်မတက်ပဲ အမှုစစ် တရားသူကြီးအရေးယူပေး၊ လက်ဖက်ရည်ဆိုင် အကြောင်းပြု အမှုပွဲ စားသက်သေလိုက်စားမှု အရေးယူပေး၊ ဥပဒေလက်တစ်လုံးခြားဥပဒေ အရာရှိများ အရေးယူပေး၊ အမှုပွဲ စားဒလန်ထား ရှေ့နေအလို မရှိ””စသည့် ကြွေးကြော်သံဆိုင်းဘုတ်များ ကိုင်ဆောင်ကာ လမ်းလျှောက်ချီ တက်ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။…
““လာဘ်ပေးလာဘ်ယူမှု လုပ်နေတာတွေကို အသေးစိတ်သက်သေတွေ ကျွန်တော့်ဆီမှာရှိတယ်။ ဥပမာ ကန့်ကော်မြိုင်ရပ်ကွက်က အုပ်ချုပ်ရေးမှူးနဲ့ ဆယ်အိမ်မှူးက အရပ်သား စစ်မှုထမ်းဟောင်းတစ်ဦးကို အိမ်ပေါ် တက်ပြီး လက်သီးနဲ့ထိုးလိုက်တာ အင်္ဂါချို့ယွင်းသွားတယ်၊ အဲဒါကို တရားသေ လွှတ်လိုက်တယ်။ လွှတ်ရတဲ့ အကြောင်းက မရိုးမဖြောင့် အမူအကျင့်ကြောင့် လွှတ်တာလို့ ယူဆတယ်။ တရားသူကြီးတွေ တရားခွင်မှာ မတက်ဘဲနဲ့ စာရေးတွေနဲ့ လွှတ်ထားတာရှိတယ်၊ လာကြည့်လို့ရတယ်””ဟု ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင်သူ ဦးစစ်အောင်က မီဒီယာများသို့ပြောကြားသည်။
မြောင်းမြမြို့နယ်တရားရုံးနှင့် ခရိုင်တရားရုံးတို့တွင် အမှုတွဲများ ကူးယူခြင်း၊ ရေးသားခြင်းများ၌ လာဘ်ငွေ တောင်းခံမှုများရှိနေပြီး မတရားအမိန့်ချမှတ်မှုများကိုလည်း ကိုယ်တိုင်ကြုံတွေ့ရသည့်သက်သေ များစွာရှိ ကြောင်း ဆန္ဒထုတ်ဖော်ကြသူများက မြောင်းမြခရိုင် တရားရုံးရှေ့တွင် ဟောပြောခဲ့ကြသည်။
အဆိုပါ ဆန္ဒထုတ်ဖော်မှုအပြီးတွင် မြောင်းမြခရိုင် ရှေ့နေများအသင်းက ဆန္ဒထုတ်ဖော်ပွဲကိုကန့် ကွက်သည့် အနေဖြင့် မီဒီယာများကို ရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ခဲ့သည်။
““ကြွေးကြော်သံမှာပါတဲ့ ဥပဒေအားမကိုး လာဘ်ထိုးအမှုလိုက် ရှေ့နေ၊ အမှုပွဲစားဒလန်ထား ရှေ့နေဆိုတာ တွေနဲ့ ပတ်သက်ပြီးတော့ အဲလိုလုပ်နေတာတွေက ဘယ်ရှေ့နေလဲ၊ ဘယ်သူလဲ၊ တစ်ဦးတစ်ယောက် အတွက် အားလုံးကို ၀ါးလုံးရှည်နဲ့ မရမ်းပါနဲ့၊ ကျွန်တော်တို့တွေက ဥပဒေပညာနဲ့ ဂုဏ်သိက္ခာရှိရှိ အသက်မွေးနေသူတွေ ပါ၊ ဒါကြောင့် လုပ်ဆောင်တဲ့ ရှေ့နေများရှိရင် ပြောပါ။ အရေးယူဆောင်ရွက်ပေး ပါ့မယ်။ အခုလိုကြွေးကြော်ခဲ့တဲ့ အတွက် အားလုံးရဲ့ ဂုဏ်သိက္ခာထိခိုက်တာကြောင့် ဥပဒေအရ ရင်ဆိုင်သွားပါမယ်””ဟု မြောင်းမြခရိုင်ရှေ့ နေများအသင်းမှ တရားလွှတ်တော် ရှေ့နေဦးသိန်းမြင့်က မီဒီယာများသို့ ပြောသည်။
အဆိုပါ ဆန္ဒထုတ်ဖော်မှုနှင့် ပတ်သက်၍ တရားသူကြီးဒေါ်နော် အက်ဂအလနက်စ်က တရားရေးတွင် အမှု တစ်ခုကို ဆုံးဖြတ်ရာ ၌ နိုင်သူနှင့်ရှုံးသူရှိကြောင်း၊ ရှုံးသူများဘက်မှ မကျေနပ်မှုတွေရှိနေ ကြောင်း၊ လာဘ်ပေး လာဘ်ယူတရား စီရင်ခြင်း၊ ခွင်မတက်ဘဲ တရားစီရင်ခြင်း မရှိကြောင်း၊ ထိုသို့သော ကိစ္စများနှင့်ပတ်သက်၍ တိုင်ကြား ထားမှုများလည်းမရှိကြောင်း၊ လာဘ်ပေးလာဘ်ယူမှုပြုလုပ်ပါက တရား ၀င်တိုင်ကြားနိုင်ရန် ဖုန်းနံပါတ်များ နေရာအနှံ့ကပ်ပေးထားကြောင်း မီဒီယာများသို့ပြောဆိုသည်။
ရဲရင့်ထွန်း (ပုသိမ်)
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/

No comments:
Post a Comment