Tuesday, February 24, 2015

ပညာရေး ဥပဒေကြမ်း ပြင်ဆင်ရန် အကြံပြုစာများသောကြောင့် ကျောင်းသားများနှင့် တွေ့ဆုံရန် ရက်မသတ်မှတ်နိုင်သေးဟုဆို

နေပြည်တော် (မဇ္ဈိမ)။ ။ အမျိုးသား ပညာရေး ဥပဒေကြမ်းပြင်ဆင်ရန် ပြည်သူများထံမှ အကြံပြုစာများပြားနေသည့်အတွက် သပိတ်မှောက် ကျောင်းသားများနှင့် ယခုအပတ်တွင် တွေ့ဆုံမည်ဖြစ်သော်လည်း ရက်အတိအကျ မသတ်မှတ်ရသေးဟု အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ရီက ပြောသည်။

''အကြံပြုစာတွေက တော်တော်ကိုများနေတယ်။ ကျောင်းသားတွေနဲ့က ဒီအပတ်ထဲတွေ့မှာပါ။ သို့သော် ရက်မသတ်ရသေးဘူး။ စောစောက အကြံပြုစာတွေက ဒီကနေ့အထိ ပို့ပေးနေကြတုန်း။ လွှတ်တော်ကိုယ် စားလှယ်တွေ လေ့လာနိုင်ရန် ဖြန့်ပေးဖို့ရှိတယ်'' ဟု ၎င်းက ပြောသည်။

ပြည်သူလူထုမှ အကြံပြုစာများ၊ ပညာရှင်များ၊ အဖွဲ့အစည်းများက ပေးပို့ခြင်းဖြစ်ပြီး အမျိုးသားလွှတ်တော် ဥက္ကဋ္ဌထံနှင့် ဥပဒေကြမ်းကော်မတီထံကို တိုက်ရိုက်ပေးပို့နေသည်ဟု ဆက်ပြောသည်။ အကြံပြုစာများ၏ အရေအတွက်ပြောဆိုလိုသော်လည်း လတ်တလောတွင် အီးမေးဖြင့်ပေးပို့ခြင်း၊ ဖတ်စ်ဖြင့်ပေးပို့ခြင်း၊ စာဖြင့်ပေးပို့ခြင်းများကြောင့် ပြောဆိုနိုင်ခြင်း မရှိသေးဘူးဟု ဆိုသည်။

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်တွင် ပထမအကြိမ် ဆွေးနွေးညှိနှိုင်းပြီး အတည်ပြု ဆုံးဖြတ်မည်ဖြစ်သည်။ ဒုတိယ အကြိမ်အနေဖြင့် ပြည်သူလွှတ်တော်သို့ပေးပို့ပြီး အတည်ပြု ဆုံးဖြတ်မည် ဖြစ်သည်။

အခြေခံဥပဒေအရ လွှတ်တော်နှစ်ရပ် သဘောထားကွဲလွှဲလျှင် ပြည်ထောင်စုလွှတ်တော် ပြန်လည် တင်သွင်းပြီး ထပ်မံဆွေးနွေး အတည်ပြုမည် ဖြစ်သည်။


Credit - Mizzima News

Yadanarbon-University-Student-Strike-11-s
ကျောင်းသားများ၏ သပိတ်မှောက် စစ်ကြောင်းများအား ထောက်ခံကြောင်း
ဖေဖော်ဝါရီ ၂၃ ရက်က ရတနာပုံ တက္ကသိုလ် ကျောင်းသား၊
ကျောင်းသူအချို့ တက္ကသိုလ်ဝင်းအတွင်း ဆန္ဒထုတ်ဖော်နေစဉ်။
(ဓာတ်ပုံ - အောင်ကိုဦး၊ မဇ္ဈိမ)

No comments:

Post a Comment