ဖုန်ကြားရှင်ကိစ္စနဲ့ ပတ်သက်လို့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကဆိုရင် ဒုတိယဗိုလ်ချုပ်ကြီး မြထွန်း ဦး ခေါင်း ဆောင်ပြီး သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့သလို အဲဒီကိုးကန့်ဒေသကိုလည်း စစ်အုပ်ချုပ်ရေး နယ်မြေ သတ်မှတ် ထားကြောင်း အစိုးရပိုင် သတင်းစာတွေကတစ်ဆင့် ဖော်ပြထားလို့ အများက သိပြီးကြမှာပါ။
နောက်တစ်ခုက အမျိုးသား ပညာရေးနဲ့ ပတ်သက်တဲ့ကိစ္စတွေပါ။…
ပဲခူးတိုင်း လက်ပံတန်းမြို့မှာ အထိုင်ချထားတဲ့ ကျောင်းသား သပိတ်စစ်ကြောင်း တာဝန်ရှိသူတွေက ဖေဖော်ဝါရီ ၂၈ ရက်နေ့အထိ ဥပဒေပြင်ဆင်ရေးကို လွှတ်တော်က လုပ်ဆောင်၊ မလုပ်ဆောင် ကို စောင့်ကြည့်ပြီး ရန်ကုန်ကို သပိတ်ကြီး ချီတက်လာမယ်လို့ ပြော ထားတော့ လူတွေကလည်း အဲဒီကိစ္စတွေကို စိတ်ဝင်စား နေကြပါတယ်။
ဒီနေရာမှာ ထူးခြားတာကတော့ လောက်ကိုင် တိုက်ပွဲနဲ့ ပတ်သက်လို့ တပ်မတော်ဘက်က နစ်နာချက်တွေကို ၀ိုင်းဝန်းပြောဆို ရေးသားမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်လာပြီး ဒဏ်ရာရ ရဲဘော်တွေရဲ့ ပုံတွေ၊ သေဆုံးခဲ့ရတဲ့ စစ်သားတွေရဲ့ ပုံတွေ ပလူပျံအောင် တက်လာတာပါပဲ။ အရင်တုန်းက စစ်တပ်နဲ့ ပတ်သက်ရင် ဓာတ်ပုံတစ်ပုံ ရဖို့၊ သတင်းလေးတစ်ခု အစထွက်လာဖို့ဆိုတာ တကယ့်ကို ခက်ခဲလှပေမယ့် အခုတော့ အဲဒီလို မဟုတ်ဘဲ ဖောခြင်းသောခြင်းကို လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတာပါ။
ဒီနေရာမှာ ကျဆုံးသွားတဲ့ ရဲဘော်တွေရဲ့ ကျန်ရစ်သူ မိသားစုတွေကို သွားကူညီတဲ့ အကြောင်းအရာနဲ့ ဓာတ်ပုံတွေ၊ အဖွဲ့အသီးသီး က လောက်ကိုင်တိုက်ပွဲကို ရှုတ်ချပြီး ဖုန်ကြားရှင် အလိုမရှိကြောင်း စသည် စသည်ဖြင့် ထုတ်ပြန်ချက်တွေကလည်း ပလူပျံနေအောင်ကို တက်နေတာပါ။
ဒီနေရာမှာ ထူးခြားချက်ကတော့ အဲဒီလောက်ကိုင် တိုက်ပွဲကိစ္စနဲ့ အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေး ကိစ္စနဲ့ ပတ်သက်ပြီး တက်လာတဲ့ ကိစ္စအတော်များများကို ကြည့်မယ်ဆိုရင် ဆန့်ကျင်ဘက် ပုံစံတွေ ဖြစ်လို့နေပါတယ်။
ကျောင်းသား ခေါင်းဆောင်တွေနဲ့ ပတ်သက်လို့ လှုပ်ရှားမှုတွေကို ပြန်လည် ဝေမျှကြတဲ့နေရာမှာ ဒီ ကျောင်းသားတွေရဲ့ လုပ်ရပ်ဟာ မရိုးသားဘူး၊ သူတို့ကို နောက်ကွယ်က ကြိုးကိုင်နေသူတွေ ရှိတယ်၊ အဓိက ကြိုးကိုင်တာက ဗကပ စသည်ဖြင့် လုပ်ကြံရေးသားမှုတွေပါ။ ဒီ့ထက်ဆိုးဝါးတာက သပိတ်မှောက် ကော်မတီ မှာ ခေါင်းဆောင်ပါဝင်တဲ့ အမျိုးသမီး ကျောင်းသား ခေါင်းဆောင်ရဲ့ ကမ်းခြေမှာ အပန်းဖြေတဲ့ ပုံတွေကို မဟုတ် မဟတ် ရေးသားပြီး ဖြန့်ဝေ တိုက်ခိုက်လာခြင်းမျိုး အထိပါ လုပ်ဆောင် လာတာကို တွေ့ရပါတယ်။
ဒီလိုမျိုး ကိုယ်ရေးကိုယ်တာ ကိစ္စကို ကျောင်းသားသပိတ်နဲ့ တွဲစပ်ပြီး ရေးသား တိုက်ခိုက်မှုတွေကို ကိုယ်တိုင် ကိုယ်ကျ ရေးသား တိုက်ခိုက်သူတွေ ရှိသလို တချို့ကျတော့လည်း ကိုယ်တိုင်တော့ မရေးသား၊ တခြားသူ ရေးသား ထားတာကို ပြန်လည်မျှဝေခြင်းဖြင့် တိုက်ခိုက်တာတွေကလည်း မပြတ်ဆိုသလို တွေ့လာနေရ ပါတယ်။
အဲဒီလို ရေးသားဖြန့်ဝေ တိုက်ခိုက်သူတွေရဲ့ ရေးသားချက်တွေမှာ အခုလိုမျိုး ပုဂ္ဂိုလ်ရေး ထိခိုက်ရေးသားမှုတွေ လုပ်လာတာကို ကြည့်မယ်ဆိုရင် အရင်စစ်အစိုးရ လက်ထက်က မီဒီယာကို မီဒီယာနဲ့ ပြန်တိုက်မယ် ဆိုတဲ့ စကားကို ပြန်အမှတ်ရမိပါတယ်။ အခုကျတော့ လူမှုကွန်ရက်ကို လူမှုကွန်ရက်နဲ့ ပြန်တိုက်နေခြင်းပါ။
တချို့ရေးသားချက်တွေကို ကြည့်မယ်ဆိုရင် အရင်စစ်အစိုးရ လက်ထက်က ၀ါဒဖြန့်ခဲ့တဲ့ပုံစံနဲ့ တကယ့်ကို ချွတ်စွပ်ပါပဲ။
နဂိုတုန်းက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)ဟာ အနောက်နိုင်ငံတွေ ရဲ့အကူအညီနဲ့ အစိုးရကို အကျပ် အတည်းဖြစ်အောင် လုပ်ဆောင်နေတယ် ဆိုတဲ့ပုံစံမျိုးနဲ့ ၀ါဒမှိုင်းတိုက်ခဲ့သလို အခုကျောင်းသား သပိတ်မှာ ဦးဆောင်ပါဝင်တဲ့ သူတွေကို လိုရာသုံးဖို့အတွက် NLD က ထောက်ပံ့နေ တယ်ဆိုတဲ့ ပုံစံမျိုးအထိ ရေးသား တိုက်ခိုက် ဖြန့်ဝေမှုတွေ လုပ်လာပါတယ်။
အဲဒီထဲမှာ မှတ်မှတ်ရရဆိုရင် ကျောင်းသားသပိတ်နဲ့ ပတ်သက်လို့ မဟုတ်မဟတ် ရေးသားမှုတွေကို ဖြန့်ဖြူး ပေးနေ သူတွေထဲမှာ လက်ရှိ အာဏာရပါတီနဲ့ ဆက်စပ်ခဲ့တဲ့ လူတွေလည်း ပါဝင်ပါတယ်။
သူတို့ထဲမှာ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းရဲ့ အနီးကပ် တပည့်ရင်း တစ်ဦးဖြစ်တဲ့ အရင် မီးရထား ၀န်ကြီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဗိုလ်ကြီး(ငြိမ်း)၊ ကြံ့ခိုင်ရေး ပါတီဌာနချုပ်ရဲ့ ပြည်သူ့ ဆက်ဆံရေးဌာနမှူး ဦးကျော်သူရ အမည် ဓာတ်ပုံနဲ့ပဲ ကျောင်းသားလှုပ်ရှားမှုများကို ဗမာပြည် ကွန်မြူနစ် ပါတီက ကြိုးကိုင်နေသလိုမျိုး ပြောဆို ရေးသားမှုတွေကို တွင်တွင်ကျယ်ကျယ် ပြုလုပ်ခဲ့ပါတယ်။
““ကျော်သူရ”” ဖေ့စ်ဘုတ်နဲ့ မူရင်းဓာတ်ပုံဟာ ၀န်ကြီးဦးအောင်မင်း (ကြံ့ခိုင်ရေး ဗဟိုအလုပ်အမှုဆောင်) တာဝန်ခံ ကိုင်တွယ်ခဲ့တဲ့ သတင်းဌာန တစ်ခုဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီဌာနချုပ် ပြည်သူ့ဆက်ဆံရေးဌာနမှူး ဦးကျော်သူရ ဖြစ်ပြီး အဲဒီဝါဒဖြန့် ရေးသားချက်တွေမှာ ကြံ့ခိုင်ရေးပါတီရဲ့ သဘောထားတွေ သက်ရောက် လျက်ရှိပြီး ကျောင်းသား လှုပ်ရှားမှုတွေမှာ ပါဝင်သူတွေအတွက် အာဏာပိုင်တွေက နိုင်ငံတော်လုံခြုံရေး အကြောင်းပြချက်နဲ့ စစ်ဆေး မေးမြန်းခွင့် ပြုလုပ်နိုင်ဖို့ ရေ လာမြောင်းပေး ရေးသားချက်မျိုးဖြစ်တာ တွေ့ရှိ ရပါတယ် ဆိုတာကိုလည်း မြန်မာသံတော်ဆင့် အပတ်စဉ် သတင်းဂျာနယ် က ဖော်ထုတ်ရေးသားပြီး ဖြစ်သည်။
ဒါ့အပြင် ရန်ကုန်တိုင်း အရှေ့ပိုင်းခရိုင် ခရိုင်ကော်မတီဝင်နှင့် သတင်းတာဝန်ခံဖြစ်သူ စိုးမင်းသန်း (စိုးမင်း နာမည်နဲ့ ဖေ့စ်ဘုတ် အသုံးပြုနေသူ)ကလည်း သူကိုယ်တိုင် ၀ါဒဖြန့် ရေးသားမှုတွေကို လုပ်ဆောင်ခြင်း မရှိပေမယ့် သပိတ်မှောက်ဆန္ဒပြမှုတွေနဲ့ ပတ်သက်ပြီး တစ်ဖက်သတ် ရေးသားထားချက်တွေကို ပြန်လည် မျှဝေမှုတွေ ဆက်တိုက်ဆိုသလို လုပ်ဆောင်နေတာကို တွေ့ရပါတယ်။
ကျောင်းသားသပိတ် လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး တိုင်းပြည်နစ်နာအောင် လုပ်ဆောင်နေတဲ့ ပုံစံမျိုးဖြစ်အောင် တစ်ဖက်က ရေးသားနေပေမယ့် တစ်ဖက်မှာ မန္တလေးမြို့၌ ဖေဖော်ဝါရီလ ၁၇ ရက်တွင် ဒေသခံပြည်သူလူထု တံဆိပ်တပ်ပြီး ကြံ့ခိုင်ရေးပါတီက ဦးဆောင်ပြုလုပ်ခဲ့တဲ့ တန်ပြန်သပိတ် ဓာတ်ပုံတွေကို ပြန်လည်မျှဝေတဲ့ ပုံစာ သဘောမျိုးနဲ့ ““စည်းနှင့်ဘောင်နှင့် ဆန္ဒပြတာ””စသည်ဖြင့် မျှဝေမှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။
၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးကာလ နောက်ပိုင်းကျမှသာ မြန်မာနက်တီဇင်တွေ အသုံးများလာတဲ့ လူမှုကွန်ရက် ဖေ့စ်ဘုတ်မှာ အခုအခါ အာဏာရပါတီ အပါအ၀င် အတိုက်အခံ အဖွဲ့အစည်းတွေရဲ့ ၀ါဒဖြန့်ရာ နေရာ တစ်ခုသဖွယ် ဖြစ်လာနေပြီး အဆိုးဝါးဆုံးမှာ အာဏာရပါတီဘက်က အရင် နအဖ အစိုးရလက် ထက် ထောက်လှမ်းရေးအဖွဲ့တွေ လုပ်ဆောင်တဲ့ ပုံစံအတိုင်း မဟုတ်မဟတ် ၀ါဒဖြန့်မှု ပိုများလာတာပါပဲ။
ဒီလိုမျိုးဝါဒဖြန့်မှု တွေထဲမှာဆိုရင် လက်ရှိ အမျိုးသားပညာရေး ဥပဒေပါ ပြဋ္ဌာန်းချက်တွေကို ဘာသာရေး၊ လူမျိုးရေး ဆန်ဆန် အသုံးအနှုန်းတွေသုံးပြီး တိုက်ခိုက်ရေးသားတာမျိုး အထိပါ တွေ့လာရပါတယ်။ အမျိုးသား ပညာရေး ဥပဒေပါ အဲဒီဖြည့်စွက် ပြဋ္ဌာန်းချက်ကို မထည့်သွင်းလိုကြောင်းနဲ့ ဒီကိစ္စပါလာရင် လွှတ်တော်ထဲမှာ စကားပြောရတော့မယ်ဆိုပြီး လက်ရှိ အာဏာရ ကြံ့ခိုင်ရေးပါတီ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးကလည်း အတိအလင်းကို ပြောထားတာရှိတော့ အမျိုးသားပညာရေး ဥပဒေကြမ်းပါ အဲဒီအချက်ကို ဘာသာရေး၊ လူမျိုးရေးဆန်တဲ့ အသုံးအနှုန်းတွေ ရောယှက်ပြီး ၀ါဒဖြန့်ကောင်းရုံ လုပ်လာတာကို တွေ့မြင်နိုင်ပါတယ်။
မကြာခင် ရက်ပိုင်းအတွင်းက ထုတ်ဝေခဲ့တဲ့ အစိုးရအာဘော် သတင်းစာတွေမှာလည်း အမျိုးသား ပညာရေး ဥပဒေနဲ့ ပတ်သက်လို့ အမျိုးမျိုးအဖုံဖုံ ဝေဖန်မှုတွေ ရှိပေမယ့်လည်း လူမှုကွန်ရက်ဖြစ် တဲ့ ဖေ့စ်ဘုတ်ဟာ သတင်း စီးဆင်းမှု အားကောင်းခြင်း၊ မြန်မာနက်တီဇင် အများစု အသုံးပြုခြင်းတို့က ၀ါဒဖြန့်လိုသူတွေအတွက် အကွက် ကောင်းတစ်ခု ဖြစ်လို့လာပါပြီ။
ဘယ်လောက်ထိတောင် အမျိုးသားပညာရေး ဥပဒေနဲ့ ပတ်သက်ပြီး လူမှုကွန်ရက် ဖေ့စ်ဘုတ်ပေါ်ကနေ တိုက်ခိုက် နေသလဲဆိုရင် ဖေဖော်ဝါရီလ ၂၁ ရက် ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီနဲ့ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံး ဆိုင်ရာကွန်ရက်(NNER)ရဲ့ ထုတ်ပြန်ချက် ကိုကြည့်ရင် သိနိုင်ပါတယ်။
အဲဒီထုတ်ပြန်ချက်မှာ အချက် ၄ ချက် ပါဝင်ပြီး နံပါတ်(၄)အချက်မှာ ““ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်နှင့် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ မှူးဇော်တို့၏ facebook တွင် ရေးသားနေသော ကျောင်းသားများ၏ ပညာရေး ပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှုများကို ထိခိုက်စေသော သုံးသပ်ချက်များ””မှာ ပြည်ထောင်စုဝန်ကြီး ဦးဆောင် တာဝန်ခံသော ၄ ပွင့်ဆိုင် သဘောတူညီချက်ကို ဖောက်ဖျက်ရာ ရောက်နေသဖြင့် တားဆီးပေးပါရန် တင်ပြ အပ်ပါသည်””ဆိုပြီး ပါဝင်ပါတယ်။ ဒါကို ကြည့်မယ်ဆိုရင် အမျိုးသားပညာရေး ဥပဒေနဲ့ ပတ်သက်ပြီး ကျောင်း သားတွေ ရဲ့ လုပ်ဆောင်နေမှုကို ဖေ့စ်ဘုတ်ပေါ်ကနေ ဘယ်လောက်ထိအောင် ရေး သားကြ၊ ဖြန့်ဝေကြ၊ သုံးသပ်ကြသလဲ ဆိုတာကို မြင်နိုင် မှာပါ။
မက်ဇူကာဘတ် စတင် တည်ထောင်ခဲ့တဲ့ လူမှုကွန်ရက် ဖေ့စ်ဘုတ်မှာ နဂိုမူလက ကျောင်းအတွင်း ရှိ ကျောင်းသားများ အချင်းချင်း ဆက်သွယ်နိုင်ဖို့အတွက် ရည်ရွယ်ခဲ့ပေမယ့် နောက်ပိုင်းမှာ ကမ္ဘာကုန်ချဲ့တဲ့ အဆင့်သို့ ရောက်ရှိအောင်ပင် ပျံ့နှံ့ခဲ့ပြီ ဖြစ်ပါတယ်။
ထို့နည်းတူ မြန်မာနိုင်ငံ နက်တီဇင် လူဦးရေရဲ့ အားလုံးနီးပါးခန့် မှာလည်း ဖေ့စ်ဘုတ် သုံးစွဲနေကြပြီဖြစ်သည်။ သို့သော် အာဏာရပါတီဝင် အချို့နဲ့ အာဏာပိုင်တချို့ကမူ ဖေ့စ်ဘုတ်ရဲ့ မူလ ရည်ရွယ်ချက်ဖြစ်တဲ့ ဆက်သွယ်ရေး လမ်းကြောင်းပုံစံ အသုံးပြုမှုကို ကျော်လွန်ကာ ၀ါဒဖြန့်ရာ ပလက်ဖောင်းအဖြစ် အသုံးပြု လာခြင်းမှာ အရင်စစ်အစိုးရ လက်ထက်က ကျင့်သုံးခဲ့တဲ့ ၀ါဒဖြန့်ပုံစံအတိုင်းလို ဖြစ်နေပါတယ်။
အရင်က ရုရှားပြန် စစ်ဗိုလ်တွေက ဦးဆောင်ပြီး ဘလော့ဂ်တွေမှ တစ်ဆင့် နိုင်ငံရေး လုပ်ဆောင်သူတွေကို အနောက်နိုင်ငံအားပေး ပုဆိန်ရိုး၊ နိုင်ငံကို ဖျက်နေသူများ စသည်ဖြင့် ရေးသား တိုက်ခိုက်ခဲ့ရာ အခုအစိုးရသစ် လက်ထက်မှာ ဘလော့ဂ်ထက် ပျံ့နှံ့မှုအားမြင့် တဲ့ ဖေ့စ်ဘုတ်ကို အသုံးပြုလာတာဟာ အရင်နည်းဟောင်းကို အသုံးပြုနေခြင်းပင် ဖြစ်ကြောင်း သက်သေ သာဓက တစ်ခုအနေနဲ့ တင်ပြလိုက်ရပါတယ်။
MH-0025
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald


No comments:
Post a Comment