ယခုလ ၁၈ ရက်နေ့နေ့စွဲဖြင့် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသကို စစ်အုပ်ချုပ်ရေးဖြင့် အုပ်ချုပ်မည့် အမိန့် ကြေညာစာကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် လက်မှတ်ဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။
ယင်းသို့ကြေညာချက်ထဲတွင် စစ်ခုံရုံးဖြင့်စစ်ဆေးမည့် ဥပဒေများကိုပါထည့်သွင်း ကြေညာထားရာ ၎င်းတို့ အနက် သတင်းမီဒီယာ ဥပဒေ၊ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဥပဒေတို့ကိုပါ ပါဝင်နေသည်။
ယခုလိုထည့်သွင်းထားခြင်းသည် ကိုးကန့်ဒေသနှင့်ပတ်သက်သည့် သတင်းဖော်ပြလျှက်ရှိသည့် သတင်းမီ ဒီယာသမားများအဖို့ မည်သည့် အဓိပ္ပာယ်ဆောင်ပါသနည်း။ ယင်းကိစ္စများနှင့်ပတ်သက်၍ သတင်းမီဒီယာ သမားများအကြား မေးခွန်းများ ထွက်ပေါ်လာနေပေသည်။
ဥပမာအားဖြင့် ကိုးကန့်ဒေသနှင့်ပတ်သက်သည့် သတင်းများ ရေးသားဖော်ပြကြရာတွင် သတင်းမီဒီယာ ဥပဒေကို ချိုးဖောက်မိခြင်း၊ ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်း ဥပဒေကို ချိုးဖောက်မိခြင်းတို့အတွက် စစ်ခုံရုံးကစီရင် မည်ဆိုသဖြင့် မည်သည့်ဒေသမှ ရေးသားဖော်ပြခြင်းကို ဆိုလိုသနည်း။ ရန်ကုန်၊ မန္တလေးအစရှိသည့် မြို့ များတွင် အခြေစိုက်သည့် သတင်းမီဒီယာများ၏ ဖော်ပြချက်က ယင်းဥပဒေကို ချိုးဖောက်သည်ဟု ကိုးကန့် စစ်အုပ်ချုပ်ရေးဒေသမှ အာဏာပိုင်တို့ကယူဆလျှင် ချိုးဖောက်သည့်သတင်းမီဒီယာသည် ယင်းဒေသတွင် သွားရောက်စီရင်ခြင်းခံရမည်လားဆိုသည့် မေးခွန်းဖြစ်သည်။
နောက်ကိစ္စရပ်တစ်ရပ်မှာ မတရားအသင်းကြေညာခံထားရသည့် လက်နက်ကိုင်တပ်ဖွဲ့များနှင့် ဆက်သွယ် မေးမြန်းခြင်းဖြစ်သည်။
ဦးသိန်းစိန်ဦးဆောင်သည့် လက်ရှိအစိုးရတာဝန်ယူသည့် ၂ဝ၁၁ ခုနှစ်နောက်ပိုင်း ပြည်တွင်းသတင်းမီဒီ ယာများက တိုင်းရင်းသား လက်နက်ကုင်အဖွဲ့များနှင့် သတင်းကိစ္စအလို့ငှာ ဆက်သွယ်မေးမြန်းခြင်း၊ တစ်ခါ တစ်ရံ သွားရောက်သတင်းယူခြင်းများ လုပ်ဆောင်နေကြသည်။
ထိုသို့ဆက်သွယ်ခြင်း သွားရောက်ခြင်းသည် မတရားအသင်း ဥပဒေ ပုဒ်မ ၁၇ (၁)ဖြင့် ငြိစွန်းနေပါလျှင် ယင်းအခြေအနေသည် သတင်းမီဒီယာလွတ်လပ်ခွင့် ခြိမ်းခြောက်ခံရသည့် အခြေအနေဟု ဆိုရပေမည်။ ယခုလက်ရှိအချိန်ထိ ယင်းဥပဒေဖြင့် အရေးယူခံရသည့် သတင်းသမားတစ်ဦးမျှ မရှိသေးသော်လည်း ဥပဒေအရာရှိ အချို့က ဥပဒေနှင့်ငြိစွန်းနေသည်ဟု ပြောဆိုသကဲ့သို့ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးက လည်း ပြီးခဲ့သည့် စနေနေ့ကကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ယင်းသို့ ဆက်သွယ်မေးမြန်းခြင်းကို သတင်းသမားများ စဉ်းစားသင့်သည်ဟု ဆိုခဲ့သည်။
သို့ဆိုပါလျှင် ယင်းဥပဒေနှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်းဖြစ်အောင် အစိုးရတာဝန်ရှိသူများသည် တစ်စုံ တစ်ရာ ရှင်းလင်းပြောဆိုဖို့ လိုအပ်မည်ဖြစ်သည်။
မတရားအသင်း ဆက်သွယ်မှုပုဒ်မ ၁၇ (၁)ကို ပြဋ္ဌာန်းထားသည့် ရည်ရွယ်ချက်နှင့် လက်ရှိသတင်းသမား များက လူထု၏သိပိုင်ခွင့်အတွက် ဖြည့်ဆည်းပေးဖို့ ကြိုးပမ်းလျက်ရှိသည့် လုပ်ဆောင်မှုကို တစ်တန်းထဲ ထားရန် မသင့်ဟုဆိုချင်ပေသည်။
ထိုသို့သော တာဝန်ကိုထမ်းဆောင်နေသည့် သတင်းမီဒီယာသမားများသည် လက်နက်ကိုင်အဖွဲ့များနှင့် ဆက်သွယ်မှုအတွက် ထောင်ဒဏ် အပြစ်ပေးခံရမည်ဆိုလျှင် တရားမျှတလိမ့်မည်မဟုတ်ပေ။
လက်နက်ကိုင်အဖွဲ့များနှင့် မဆက်သွယ်ရဲအောင် ဥပဒေဖြင့် ဟန့်တားထားခြင်းကြောင့် ပြည်တွင်းလက် နက်ကိုင် ပဋိပက္ခ၏ အကြောင်းခြင်းရာကိစ္စများကို လူထုပြည့်ပြည့်စုံစုံ သိရှိနိုင်တော့မည် မဟုတ်ပေ။
မြန်မာနိုင်ငံတွင် ပြန်လည်သုံးသပ်ဖို့ လိုအပ်လျက်ရှိသည့် ဥပဒေများစွာရှိသည့် အနက် ယခုမတရားအသင်း ဆက်သွယ်မှုပုဒ်မသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ယင်းကိုသုံးသပ်ရန် ပြီးခဲ့သည့်နှစ်က ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက တင်ပြခဲ့ဖူးသည်။ သို့သော် တစ်နိုင်ငံလုံးအပစ်ရပ်ရေး လက်မှတ်ထိုး ပြီးနောက်မှသာ ရုပ်သိမ်းပေးမည်ဟု အစိုးရဘက်က ပြောဆိုခဲ့သည်။
လောလောဆယ်တွင်ပင် ယင်းဥပဒေနှင့် ပတ်သက်၍ ပြဿနာများကြုံတွေ့လာနေရသည်။ ထို့ကြောင့် အစိုးရ သည်ရှေ့နောက်မညီသော၊ မီဒီယာလွတ်လပ်ခွင့်နှင့်ပတ် သက်သော ယခုကိစ္စရပ်များအတွက် တစ်စုံတစ် ရာ လုပ်ဆောင်ဖို့လိုအပ်နေပြီဖြစ်ကြောင်း မဇ္ဈိမက ထောက်ပြရေးသားလိုက်သည်။
Credit - Mizzima News
No comments:
Post a Comment