ဒီလို ကိစ္စမျိုးကို သူ့အနေနဲ့ လူကုန်ကူးတဲ့ ကိစ္စလို့ စိတ်ထဲမှာ ထင်တာကြောင့် သူတွေ့ကြုံ ကြားသိရတဲ့ အကြောင်းအရာ တစ်ခု ပြောချင်တာကို ဘယ်သူ့ကို ပြောရမှန်းမသိလို့ စာဖတ်သူ ကဏ္ဍကတစ်ဆင့် ပြောချင်တာပါလို့ ပြောပါတယ်။ သူငယ်ချင်း တစ်ယောက်နေထိုင်ခဲ့တဲ့ အဆောင်ကို အထက်ပိုင်းဒေသက အမျိုး သမီးတစ်ဦးရောက် လာတာကို သူသွားလည်ရင်း တွေ့ရပါတယ်။ အသက် ၂ဝ ပတ်ဝန်းသာ ရှိသေးပုံရတဲ့ ကလေးမလေး ပြောတာကတော့ ရွာကနေသူ သူငယ်ချင်းအချို့ရဲ့ ပြောစကားနဲ့ ရန်ကုန်ကို ဘုရားဖူးခရီး ထွက်လာကြတယ်။ ခရီးထွက်ခါနီးမှာ ခေါ်တဲ့သူက ခရီးသွားမှတ်ပုံတင်အပြင် သန်းခေါင်စာရင်း မိတ္တူပါ ယူ လာခဲ့ပါလို့ ပြောတဲ့အတွက်ယူလာ ကြပါတယ်။ ရန်ကုန်ရောက်တော့ သူတို့ကို တည်းခိုင်းတဲ့နေရာနားမှာ ဒန်ပေါက်ဆိုင်ရှိပြီး ညောင်ပင်နဲ့ ဘုရားတွေလည်းရှိတယ်လို့ပြောပြီး ရောက်တဲ့ညမှာပဲ ဧည့်စာရင်းလာစစ် တယ်ဆိုပြီး သူတို့ကို ရေချိုးခန်းထဲ အတင်းတွန်းထည့် ထားတာကြောင့် ကြောက်သွားတယ်။ နောက်နေ့ မနက်ရောက်မှ သိရတာက စင်ကာပူကို သွားအလုပ်လုပ်ဖို့ဆိုပြီး စစ်ဆေးရမယ်ပြောတာကြောင့် သူလည်း ပိုကြောက်သွားပြီး ရန်ကုန်နေတဲ့ သူ့ညီမတစ်ယောက်ကို ဖုန်းဆက်ပြီး မနည်းထွက်လာခဲ့ရတယ်လို့ ပြော တာ ကြားခဲ့ရပါတယ်လို့ ဆိုပါတယ်။ သူတို့ သိထားတာက နိုင်ငံကူးလက်မှတ်လုပ်ရင် သန်းခေါင်စာရင်း မူရင်းပါမှ လုပ်လို့ရတာကို အခုတော့ သူ့ပြောပုံက မိတ္တူ ယူလာ ရင်ရတယ်ဆိုတော့ တာဝန်ရှိတဲ့ ဝန်ထမ်း တွေလည်း ဒီကိစ္စတွေမှာ ပါဝင်ပတ်သက်မှုရှိမှာ ဖြစ်တဲ့အတွက် နိုင်ငံတော်မှာ အခုအချိန်အထိ ဒီအကျင့် ဆိုးတွေ မပျောက်သေးတာကတော့ အလွန်ရှက်ဖို့ ကောင်းတယ်လို့ ပြောပါတယ်။ ပြီးတော့ ထွက်ပြေးလာ တဲ့ ကလေးမလေး ပြောတာကတော့ ပါလာတဲ့ ကလေးမလေးတွေကတော့ ကြိုသိမယ် ထင်ပါတယ်။ ဒါပေမဲ့ ကျွန်မကိုတော့ ဘုရားဖူးသွားမယ်ပြောပြီးခေါ်တာ ဒီရောက်မှာ ခေါ်လာပေးသူကို တစ်ယောက် တစ် သိန်းခွဲပေးတယ်။ သူတို့တွေ တစ်ယောက်မှ ဆယ်တန်းအထိ စာသင်ဖူးတဲ့သူ မပါဘူးလို့ ပြောတာကြောင့် ကလေးမလေး ဒုက္ခရောက်မှာဆိုးလို့ ဒီစာကိုရေးလိုက်တာပါလို့ ရေးလာတဲ့ ဒေါ်ခင်စောသိန်းကို လူကုန်ကူးနဲ့ သံသယ ရှိခဲ့ရင် ဝ၉၄၉၅၅၅၈၈၈၊ ၉ဝ၄၉၅၅၅၉၉၉ တို့သို့ ဆက်သွယ် သတင်းပေးပို့ နိုင်ပါတယ်လို့ အသိပေး ဖော်ပြလိုက်ပါတယ် ။
တကယ်လုပ်တယ်ဆို ဒီလိုဖြစ်ပါ့မလား
ပဲခူးတိုင်းဒေသကြီး၊ နတ္တလင်းမြို့နယ်က ဦးသာလှရဲ့ ရေးလိုက်တာ့စာမှာ အစိုးရက ဆင်းရဲမွဲတေမှု လျှော့ ချရေးဆိုပြီး မကြာခဏသုံးနှုန်းတာ စာတွေထဲမှာ ဖတ်ရပါတယ်။ လုပ်နေတယ်လို့လည်း သူယုံကြည်ခဲ့ပါ တယ်။ ဒါပေမဲ့ အခုတလောမှာ ဖြစ်နေတဲ့ လောက်ကိုင်အရေးကိစ္စတွေကို သတင်းစာတွေထဲမှာ ဖတ် ကြည့်မှ မြန်မာနိုင်ငံမှာ ဆင်းရဲလွန်းလို့ စားဝတ်နေရေးအတွက် စွန့်စားရုန်းကန်နေရသူတွေရှိတယ်ဆိုတာ သိရတယ်လို့ ပြောပါတယ်။
လောက်ကိုင်မှာ တိုက်ပွဲတွေ ဖြစ်တော့မှ ဒီဒေသကို မြန်မာနိုင်ငံအနှံ့ ဒေသတွေ ဖြစ်တဲ့ အလယ်ပိုင်းက မကွေး၊ မင်းဘူး၊ တောင်တွင်းကြီး၊ ပြည်၊ မုံရွာ၊ တောင်ငူနဲ့ အောက်ပိုင်းဒေသ စစ်တွေ၊ မြန်အောင်၊ ပုသိမ် အပြင် နယ်စပ်မြို့ဖြစ်တဲ့ မြဝတီကလူတွေဟာ ကြံစိုက်လုပ်ငန်း၊ တောင်ယာ လုပ်ငန်းတွေမှာ ပင်ပန်းဆင်းရဲ စွာလုပ်ကိုင်ရပေမယ့် တစ်နေ့ကို တစ်သောင်းခွဲလောက်ရတာကြောင့် ကိုးကန့်ဒေသ လောက်ကိုင်အထိ လာလုပ်ကြတာလို့ပြောတာ ဖတ်လိုက်ရပါတယ်။ သူတို့ ပြောတာလည်းဟုတ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ အလုပ်လုပ်ချင်ပေမယ့် အလုပ်မရှိဘူး။ စိုက်ချင်ပေမယ့် မြေမရှိဘူး။ အလုပ်လုပ်လည်း လုံလောက်တဲ့ အခကြေးငွေမရတာကြောင့် ပြည်သူတွေဟာ ကိုယ့်မြေမှာ သူများခိုင်းတာလုပ်ရပြီး ပေးချင်သလောက်သာ ရနေတာကတော့ မဖြစ်သင့်တာကြောင့် လောက်ကိုင်အရေး ကိစ္စဟာ နယ်မြေလုံခြုံရေးအတွက် သာမက ပြည်သူတွေရဲ့ အလုပ်အကိုင် လုံလောက်မှု မရှိတာကို မီးမောင်းထိုးပြတာလို့ တာဝန်ရှိ သူတွေကို စာဖတ်သူကဏ္ဍမှ တစ်ဆင့် ရေးလာတဲ့စာကို ဖော်ပြလိုက်ပါတယ်။
Credit - Mizzima News

No comments:
Post a Comment