ပုသိမ် (မဇ္ဈိမ)။ ။ ဧရာဝတီတိုင်းအတွင်းရှိ စီမံကိန်းများထဲတွင် ပုသိမ်မြို့ပြစီမံကိန်းမှလွဲ၍ ကျန်စီမံကိန်းများအား တိုင်းလွှတ်တော်သို့ တင်ပြထားခြင်းမရှိ၍ ပွင့်လင်းမြင်သာမှု မရှိကြောင်း ရေကြည်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမြတ်သွေးက ဝေဖန်လိုက်သည်။
“စီမံကိန်းတွေ လွှတ်တော်မှာ ပွင့်လင်းမြင်သာဆွေးနွေးမှုလည်း မရှိဘူး၊ စီမံကိန်းတွေဆို ပုသိမ်မြို့ပြစီမံကိန်းတခုပဲ လွှတ်တော်တင်တာရှိသေးတယ်၊ စီမံကိန်းတွေ လုပ်မယ်ဆိုရင်
တိုင်းဒေသကြီးလွှတ်တော် သဘောတူချက်နဲ့ ဆောင်ရွက်ရမယ်လို့ ဖွဲ့ စည်းပုံမှာလည်းပါပြီးသားပါ၊” ဟု တိုင်းဒေသကြီး ကိုယ်စားလှယ် ဒေါက်တာလှမြတ်သွေးက မဇ္ဈိမသို့ ပြောသည်။
လုပ်ထုံးလုပ်နည်းအရဆိုလျှင် စီမံကိန်းများ ဆောင်ရွက်မည်ဆိုပါက တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အစိုးရက ချမှတ်ထားသော မူဝါဒများနှင့် သော်လည်းကောင်း ပြည်ထောင်စု အစိုးရ၏ ဥပဒေများနှင့် သော်လည်းကောင်း မဆန့်ကျင်စေဘဲ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် သဘောတူညီချက်ဖြင့် ဆောင်ရွက်ရမည်ဟု သိရသည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝင် ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းကိုကိုကမူ “စီမံကိန်းတွေ လုပ်ဆောင်ခြင်းမရှိသေးဘူးပါဘူး၊ ရင်းနှီးမြှုပ်နှံသူကို ရှာနေတုန်းပဲရှိပါတယ်၊ စီမံကိန်းတွေကို ပြည်ထောင်စုအဆင့်က သဘောတူမှ ရမှာပါ၊ ကျွန်တော်တို့ မြန်ဆန်အောင် လုပ်ဆောင်ပေးနိုင်တာပဲရှိပါတယ်”ဟု လွှတ်တော်တွင် ပြန်လည်ဖြေဆိုထားသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်း အဓိက စီမံကိန်းများဖြစ်သည့် ရေနက်ဆိပ်ကမ်း အပါအဝင် စက်မှုဇုန်များ၊ ရေနံချက်စက်ရုံ၊ ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ နှင့် ကားလမ်း၊ ရထားလမ်းများ ပါဝင်သည့် Myanmar Super Axis Projectများ ဆောင်ရွက်ရန် ရှိနေပြီး ကျောက်မီးသွေး စက်ရုံ တည်ဆောက်မှုနှင့် ပတ်သက်၍ လွှတ်တော်အပါအဝင် ပြည်သူကိုပါ ချပြခြင်း မရှိသေး၍ ဒေါက်တာလှမြတ်သွေးကပင် လွှတ်တော်၌ ကန့်ကွက်ထားသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ငရုပ်ကောင်းမြို့ရှိ မြေဧက ၂၀၀ ဝန်းကျင်ပေါ်တွင် တည်ဆောက်မည့် ကျောက်မီးသွေးစက်ရုံများအား Janpan Company နှင့် မြန်မာနိုင်ငံမှာ A1 Energy တို့က ၃၀၀ မဂ္ဂါဝပ် စက်ရုံတည်ဆောက်မည်ဖြစ်ပြီး၊ ကွင်းဆင်းစစ်ဆေးမှုများအား ၂၀၁၄ ခုနှစ် ဇန်နဝါရီလ နှင့် ဇူလိုင်လတို့ တွင် ပြုလုပ်ခဲ့သည်။
Credit - Mizzima News
No comments:
Post a Comment