Tuesday, February 24, 2015

ရွေးကောက်ပွဲ လုံခြုံရေး တာဝန်ယူ ကွပ်ကဲမည့် ရဲတပ်ဖွဲ့ဝင်များ လုပ်ငန်းစတင် "တိုင်းအဆင့် ရဲအရာရှိများအားလုံး ရွေးကောက်ပွဲဆိုင်ရာ ပူပေါင်းဆောင်ရွက်မှု ဆွေးနွေး"

တိုင်းအဆင့် ရဲအရာရှိများအားလုံး ရွေးကောက်ပွဲဆိုင်ရာ ပူပေါင်းဆောင်ရွက်မှုဆွေးနွေး

ရန်ကုန်၊ နေပြည်တော် (မဇ္ဈိမ)။ ။  ၂ဝ၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲအတွင်း တစ်နိုင်ငံလုံး လုံခြုံရေး တာဝန်ယူကွပ်ကဲမည့် ရဲတပ်ဖွဲ့ဝင်များအတွက် လေ့ကျင့်သင်ကြားမှုများကို စတင်ပြုလုပ်နေပြီဖြစ်ကြောင်း အမှတ် (၂) ရဲတပ်ရင်းများကွပ်ကဲမှု အဖွဲ့မှူး ရဲမှူးချုပ် မြဝင်းက ဖေဖော်ဝါရီ ၂၃ ရက်တွင် ပြောသည်။

2015-Election-For-Security-Police-Training-01
၂၀၁၅ ခုနှစ်​ ​ရွေး​ကောက်​ပွဲဆိုင်​ရာ လုံခြုံ​ရေး အသိပညာ​ပေး ပူး​ပေါင်း​ဆောင်​ရွက်​မှု ဆင့်​ပွားသင်​တန်းဖွင့်​လှစ်​ခြင်း အခမ်းအနားကို ရန်​ကုန်​မြို့ ရဲတပ်​ရင်း (၈) တွင်​ ​ဖေ​ဖော်​ဝါရီလ ၂၃ ရက်​ နံနက်​ပိုင်းက ပြုလုပ်​​ကျင်းပရာ ရဲမှူးချုပ်​ မြဝင်းမှ အမှာစကား​ ပြောကြားပြောကြားစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)



၎င်းက ''ရွေးကောက်ပွဲ ရက်ကြေညာပြီးတာနဲ့ ရက်ပေါင်း ၉ဝ အတွင်း မဲဆွယ်စည်းရုံးတာ၊ ရွေးကောက်ပွဲ လုပ်တဲ့နေရာတွေ၊ ဒါတွေအတွက် လုံခြုံရေးတာဝန်ယူမှာပါ။ အခု ရန်ကုန်က ဒု-ရဲအုပ်အထက်အဆင့် ၅၄ ဦးကို နည်းပြအဆင့် စပြီးသင်တန်းပေးတယ်'' ဟု ဆိုသည်။

မြန်မာတစ်နိုင်ငံလုံးရှိ ရဲတပ်ရင်း တပ်ဖွဲ့များထဲမှ ၂၁ နေရာတွင် ဖေဖော်ဝါရီ ၂၃ ရက်မှ ၂၇ ရက်ထိ တစ်ပြိုင်နက် စတင်သင်တန်းများ ပို့ချခြင်း ဖြစ်သည်။

ယင်းအပြင် နေပြည်တော်ကောင်စီနယ် မြေအပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံးရှိ တိုင်းအဆင့် ရဲအရာရှိများ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ပြုလုပ်မည်ဖြစ်ပြီး ဖေဖော်ဝါရီ ၂၃ ရက်မှ ၂၈ ရက်အထိ ငါးရက်ကြာ ပြုလုပ်သွားမည်ဟု နေပြည်တော်တိုင်းရဲတပ်ဖွဲ့၊ ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဇော်ခင်အောင်က မီဒီယာများကို ပြောသည်။

၎င်းက ''ပြည်သူ့ဝန်ထမ်းဖြစ်တဲ့အတွက် ပြည်သူလူထုအပေါ် ဘယ်လောက် သမာ သမတ်ကျသလဲ၊ မျှတအောင် ဘယ်လိုရပ်တည်ချက်နဲ့ ဆောင်ရွက်မလဲဆိုတာ သိစေချင်လို့ အောင်ခြေအဆင့်ထိ အလုပ်ရုံ ဆွေးနွေးပွဲတွေ လုပ်တာပါ'' ဟု ဆိုသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲများကို တိုင်းဒေသကြီး၊ ပြည်နယ် ၁၄ ခုနှင့် နေပြည်တော်ကောင်စီ နယ်မြေများ တွင် တစ်ပြိုင်တည်း ပြုလုပ်ခြင်းဖြစ်ပြီး နေပြည်တော်ကောင်စီနယ်မြေ ရှစ်မြို့နယ်မှ ရဲအရာရှိ ၂ဝ ခန့် တက်ရောက်သည်။

ပြီးခဲ့သော ၂ဝ၁ဝ ပြည့်နှစ် ရွေးကောက်ပွဲနှင့် ၂ဝ၁၂ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲကာလက လုံခြုံရေးဆိုင် ရာကိစ္စရပ်များ ဆောင်ရွက်ခဲ့ပြီး လာမည့် ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲကျင်းပချိန်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ပိုမိုပြည့်စုံသော စံနှုန်းတစ်ရပ်ထားပြီး လုံခြုံရေးကိစ္စ ဆောင်ရွက်နိုင်ရန် ဆွေးနွေးပွဲ ကျင်းပရခြင်းဖြစ် ကြောင်းလည်း ရဲမှူးကြီးက ရှင်းပြသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကို ၂ဝ၁၅ ခုနှစ်၊ အောက်တိုဘာ နောက်ဆုံးအပတ်နှင့် နိုဝင်ဘာ ပထမအပတ်အတွင်း ကျင်းပသွားမည်ဖြစ်ပြီး ယင်းမတိုင်မီ မဲဆန္ဒနယ် သတ်မှတ်ခြင်း၊ မဲစာရင်းထုတ်ပြန်ခြင်း၊ ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးခြင်းတို့တွင် ရဲတပ်ဖွဲ့က တာဝန်ယူဆောင်ရွက်မည် ဖြစ်သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့အင်အား တစ်သိန်းနီးပါးဖြင့် မဲဆန္ဒနယ်ပေါင်း ၁,၁ဝဝ ကျော်တွင် လုံ့ခြုံရေးတာဝန်ယူရ မည်ဖြစ်သဖြင့် ရွေးကောက်ပွဲ ကျင်းပမည့်ရက်တွင်မူ ရဲတပ်ဖွဲ့အပြင် ကော်မရှင်မှ မဲရုံတာဝန်ရှိသူများနှင့် အခြားအထွေထွေအုပ်ချုပ်ရေး အဖွဲ့များကလည်း ပူးပေါင်းတာဝန်ယူမည်ဟု ရဲမှူးချုပ် မြဝင်းကဆိုသည်။

''ကျွန်တော်တို့ ၁၉၉ဝ၊ ၂ဝ၁ဝ၊ ၂ဝ၁၂ တွေတုန်းကလည်း ဒီလိုပဲပူးပေါင်းပြီး လုံခြုံရေးကို ရယူပေးခဲ့တာပါပဲ။ ''ဟု ၎င်းက ပြောသည်။

၂ဝ၁ဝ ပြည့်နှစ် ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံး မဲရုံပေါင်း ၃၉,ဝဝဝ ထားရှိခဲ့ပြီး လာမည့် ၂ဝ၁၅ ရွေးကောက်ပွဲသည်လည်း ယင်းပမဏထက် မနည်းရှိနိုင်သည့်အတွက် အင်အားတစ်သိန်းကျော်သာရှိသည့် ရဲတပ်ဖွဲ့သည် အခြားအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မည်ဟုလည်း ရဲမှူးကြီး ဇော်ခင်အောင်က ဆိုသည်။

Credit - Mizzima News

No comments:

Post a Comment