ရန်ကုန် (မဇ္ဈိမ)။ ။ အလုပ်သမား ဆန္ဒပြမှုများမှာ
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ပြည်တွင်း အလုပ်အကိုင်
အခွင့်အလမ်းဖြစ်တည်မှုကို ထိခိုက်နိုင်ကြောင်း မြန်မာနိုင်ငံ အထည်ချုပ်
လုပ်ငန်းရှင်များက ဆိုသည်။

ရန်ကုန်မြို့
လှိုင်သာယာရှိ အထည်ချုပ်စက်ရုံတစ်ရုံ၏ လုပ်ငန်းခွင်တစ်နေရာကို တွေ့ရစဉ်။
(ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) မြန်မာနိုင်ငံတွင် အထည်ချုပ်လုပ်ငန်းကဏ္ဍ
တိုးတက်မှုနှုန်း ကောင်းမွန်နေသော်လည်း ဆန္ဒပြမှုများကြောင့်
ရှေ့ဆက်တိုးတက်ရေးအတွက် စိန်ခေါ်မှုများဖြစ်ပေါ်နေသည်။
အထည်ချုပ် လုပ်ငန်းရှင် ဦးအေးသောင်း က ''အလုပ်ရှင်ဆိုတာမျိုးက ဒီမှာမလုပ်ရရင် တခြားနေရာ သွားလုပ်မှာပဲ။ သူတို့ လာမရင်းနှီးကြရင် ဒီကအလုပ်သမားတွေပဲ အလုပ်မရမှာဘဲ ရှိတယ်။ ကျွန်တော်တို့ ဖြစ်စေချင် တာတော့ ကိုယ့်လူမျိုးအချင်းချင်း ညှိညှိနှိုင်းနှိုင်းလေး ဖြစ်စေချင်တယ်'' ဟု ဆိုသည်။
လက်ရှိအလုပ်သမားများ၏ လုပ်ခလစာ တိုးတောင်းဆိုမှုများသည် အေးချမ်းစွာလုပ် ကိုင်လိုသော အလုပ်သမားများ၏ ဝင်ငွေကို ကျဆင်းစေကြောင်း၊ လုပ်ငန်းရှင်များ၏ အကျိုးစီးပွားကို ထိခိုက်စေကြောင်း၊ အသစ် ဝင်ရောက်လာမည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ နည်းပါးသွားနိုင်ခြင်းကြောင့် ပြည်တွင်း အလုပ်အကိုင်ရရှိမှု ထိခိုက်နိုင်သည်ဟု မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များ အသင်း၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအနက် ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်းအများဆုံး ဖန်တီးပေးနေသည့် လက်ခစားအထည်ချုပ် လုပ်ငန်းမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုကြောင့် ဈေးကွက်အခွင့်အလမ်းများ ပေါ် ပေါက်လာသော်လည်း ဆန္ဒပြမှုများကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများအတွက် သတိပြု စရာဖြစ်လာနေသည်ဟု အသင်းဝင် လုပ်ငန်းရှင် တစ်ဦးက ပြောသည်။
ယင်းအသင်းဥက္ကဋ္ဌ ဦးမြင့်စိုးက ''အထည်ချုပ်လုပ်ငန်းက အခုဆို အရမ်းတိုးတက် ပေမယ့် ဆန္ဒပြမှုတွေ ကြောင့် ရှေ့ဆက်တိုးတက်ရေးမှာ စိန်ခေါ်ချက်လိုဖြစ်နေတာ။ ဒီကြားထဲမှာ တချို့နိုင်ငံရေး အဖွဲ့အစည်းတွေကလည်း ဝင်ပါတာလေးတွေ ရှိနေတော့ ဖြေရှင်းရခက်စေတယ်'' ဟု ပြောသည်။
အထည်ချုပ်အပါအဝင် စက်မှုဇုန်လုပ်သားများ၏ အနည်းဆုံး လုပ်ခလစာတောင်း ဆိုမှုများမှာ အလုပ်ရှင်အတွက် လိုက်လျောနိုင်စွမ်း မရှိသောပမာဏ ဖြစ်သည့်အပြင် ယင်းတို့နှင့် အလုပ်ရှင်အဖွဲ့အစည်းများက ဆွေးနွေးရာတွင် ခေါင်းဆောင်သမဂ္ဂအဖွဲ့ အစည်းများ မတူညီခြင်းကြောင့် ညှိနှိုင်းရာတွင် အခက်အခဲများ ဖြစ်ပေါ်စေကြောင်းလည်း လုပ်ငန်းရှင်များက ဆိုသည်။
စီးပွားရေးပိတ်ဆို့မှုများကို ရုပ်သိမ်းခံရသည့် ၂ဝ၁၂ ခုနှစ်မှ စတင်ကာ မြန်မာနိုင်ငံ၌ အထည်ချုပ်လုပ်ငန်းများ ပိုမိုတိုးတက်လာခဲ့ပြီး လက်ရှိတွင် အလုပ်အကိုင်ပေါင်း နှစ်သိန်းခွဲခန့် ပေးအပ်ထားနိုင်ပြီဖြစ်ရာ တိုး တက်လာသည့် လုပ်ငန်းအနေအထားကြောင့် အလုပ်အကိုင်နေရာ တစ်သန်းအထိ ခန့်အပ်နိုင်ရန်အထည် ချုပ်လုပ်ငန်းရှင်များ အသင်းက မျှော်မှန်းထားသည်။
Credit - Mizzima News
No comments:
Post a Comment