Friday, February 27, 2015

တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေသည့် အရာမှန်သမျှ အမြစ်ပြတ် ချေမှုန်းမည်ဖြစ်ကြောင်း ကာချုပ်ပြော

 ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅
အစိုးရတပ်များနှင့် တိုက်ပွဲများ ဖြစ်ပွားနေသော ဖုန်ကြားရှင် ဦးဆောင်သည့် ကိုးကန့် တိမ်းရှောင် အဖွဲ့မှာ နိုင်ငံတော်အစိုးရ၏ အစိတ်အပိုင်းတစ်ခုကို တိုက်ခိုက်ထိပါးမှု ဖြစ်ပြီး တပ်မတော်အနေဖြင့် နိုင်ငံ၏ တစ်စိတ် တစ်ဒေသကိုမှ ထိခိုက်မှု မခံနိုင်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖေဖော်ဝါရီလ ၂၄ ရက်တွင် စစ်ကိုင်းမြို့နယ်၊ ရွာသစ်ကြီးရှိ ဖွံ့ဖြိုးရေးတက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ ပြုလုပ်သည့် ကွန်ပျူတာ၊ ထောက်ပံ့ငွေနှင့် ပစ္စည်းများ လှူဒါန်းခြင်း အခမ်းအနား၌ ထည့်သွင်းပြောကြား လိုက်သည်။

အဆိုပါ အခမ်းအနား၌ လောက်ကိုင်ဒေသတွင် ဖြစ်ပွားနေသည့် ကိုးကန့်တိမ်းရှောင်အဖွဲ့နှင့် တိုက်ပွဲများတွင် ကျဆုံးသွားသော တပ်မတော်သားများအတွက် တက္ကသိုလ်နှင့် ဒီဂရီကောလိပ် မိသားစုများက ငွေကျပ် ၁၅ သိန်းစီ လှူဒါန်းမှုကို လက်ခံပြီးနောက် ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။…

““လောက်ကိုင်ဖြစ်စဉ်တွင် ကိုးကန့်ဒေသ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် စတင်လုပ်ဆောင်သူမှာ ဖုန်ကြားရှင် ဦးဆောင်သည့် ကိုးကန့် သောင်းကျန်းသူများပင်ဖြစ်ကြောင်း၊ ၎င်းတို့သည် နိုင်ငံတော် အစိုးရ၏ အစိတ်အပိုင်း တစ်ခုကို တိုက်ခိုက်ထိပါးမှု ဖြစ်ပါကြောင်း၊ တပ်မတော်အနေဖြင့် မြန်မာနိုင်ငံ၏ တစ်စိတ် တစ်ဒေသကိုမှ ထိခိုက်မှု မခံနိုင်ကြောင်း၊ အလားတူ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၏ အသက်အိုးအိမ် စည်းစိမ်ကိုလည်း လုံးဝအထိခိုက် မခံနိုင်ကြောင်း၊ တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေမှုမှန်သမျှ အမြစ်ပြတ် အောင် ချေမှုန်း လုပ်ဆောင် ကာကွယ်သွားမည်ဖြစ်ကြောင်း”” ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ဖေဖော်ဝါရီလ ၉ ရက်က စတင်ဖြစ်ပွားနေသည့် အစိုးရတပ်များနှင့် ကိုးကန့်တိမ်းရှောင် တပ်ဖွဲ့များအကြား တိုက်ပွဲများကြောင့် နှစ်ဖက် ထိခိုက်နစ်နာမှုများ ရှိခဲ့ပြီး စစ်ဘေးဒုက္ခသည် ခုနှစ်သောင်းခန့်မှာ တရုတ်ပြည် ဘက်သို့ ထွက်ပြေး တိမ်းရှောင်နေကြရသည်။

အဆိုပါ တိုက်ပွဲများနှင့် ပတ်သက်၍ ကိုးကန့် တိမ်းရှောင်အဖွဲ့ဘက်မှ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)၊ တအာဝ်း- ပလောင် တပ်မတော်(TNLA)၊ ကိုးကန့်(MNDAA)နှင့် ရှမ်းပြည်တပ်မတော် (SSA)(၀မ်ဟိုင်း) တို့ ပါဝင်ကြောင်း ဖေဖော်ဝါရီ ၂၁ ရက် က နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဒုဗိုလ် ချုပ်ကြီး မြထွန်းဦးက မီဒီယာများသို့ ထုတ်ဖော် ပြောကြားခဲ့သေးသည်။

သို့သော် KIA၊ SSA(၀မ်ဟိုင်း)နှင့် ကိုးကန့်(MNDAA) တို့ကမူ ၎င်းတို့ ပါဝင်ခြင်း မရှိကြောင်း ငြင်းချက်ထုတ် ထားသည်။

နောက်ဆုံး ရရှိသည့် အစိုးရ၏ ထုတ်ပြန်ချက်များအရ တိုက်ပွဲများကြောင့် တိမ်းရှောင် နေသူများထဲမှ ဒေသခံ ၁၀၅၇ ဦးနှင့် ရွှေ့ပြောင်းလုပ်သား ၂၅၇ ဦး၊ စုစုပေါင်း ၁၃၁၄ ဦးမှာ လောက်ကိုင်မြို့အတွင်း ပြန်လည် အခြေပြု နေထိုင်လျက် ရှိပြီဖြစ်သည်။

MH-0025


မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

No comments:

Post a Comment