Friday, February 27, 2015

UNA ကို ခေါ်ယူတွေ့ဆုံ၍ ကျောင်းသားကိစ္စ ထိန်းထိန်းသိမ်းသိမ်း လုပ်ရန် ရွေးကောက်ပွဲ ကော်မရှင်က ပြောကြား

ရန်ကုန်၊ ဖေဖော်ဝါရီ (၂၄)

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA)ကို ခေါ်ယူ တွေ့ဆုံ ကာ ကျောင်းသား သပိတ်ကိစ္စနှင့် ပတ်သက်ပြီး ထိန်းထိန်းသိမ်း သိမ်း ဆောင်ရွက်ရန် အဓိကထား ပြောကြားခဲ့ကြောင်း (UNA) ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးအေးသာအောင် က ဖေဖော်ဝါရီလ (၂၄)ရက်တွင် မြန်မာသံတော်ဆင့် သို့ ပြော သည်။

UNA နှင့် ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင် တို့ ဖေဖော် ၀ါရီလ(၂၃)ရက်တွင် ရန်ကုန်မြို့ ရွှေလီလမ်း ရှိ ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင် ရုံးခွဲ၌ တွေ့ဆုံ ဆွေးနွေး ခဲ့ပြီး

 ဒီမိုကရေစီအရေး၊ အပစ်အခတ် ရပ်စဲရေးနှင့် ဖက်ဒ ရယ် ပြည်ထောင်စု တည်ဆောက်ရေးတို့ကိုလည်း UNA က ပြန်လည် တင်ပြခဲ့သည်။

““ကော်မရှင်က လက်ရှိမြန်မာရဲ့ အခြေအနေဟာ ပြဿနာတွေ တော်တော် များများ ရှိနေတယ်။ အလုပ်သမား ပြဿနာ၊ လယ်ယာမြေ ပြဿနာ၊ White Card ပြဿနာ၊ ကျောင်းသားပြဿနာ စသည်ဖြင့် ရှိနေတယ်။ အဲဒါတွေကိုလည်း အစိုးရအနေနဲ့ တတ်နိုင်သလောက် ဖြေရှင်းတယ်။ ဒီလိုဖြေရှင်းတဲ့ အခါမှာ နိုင်ငံရေးပါတီတွေ အနေနဲ့ အစိုးရနဲ့ တစ်ချို့ကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ သင့်တယ်ဆိုတဲ့အကြောင်း ပြောပါတယ်။ နောက် UNA နဲ့ မိတ်ဖက်ပါတီတွေ သွားနေတဲ့လမ်းကြောင်းသည် အစိုးရနဲ့ ထိပ်တိုက်တွေ့တဲ့ လမ်းကြောင်းမျိုး မဖြစ်စေချင်ဘူး။ ကျောင်းသားကိစ္စသည် ထိလွယ်ရှလွယ် ဖြစ်တယ်။ ထိန်းထိန်းသိမ်းသိမ်း လုပ်ဖို့ပြောတယ်။ အဓိကကတော့ ကျောင်းသားကိစ္စကိုတော့ အဓိကထားပြီးရှင်းပြတယ်”” ဟုဦးအေးသာအောင် က မြန်မာ သံတော်ဆင့် သို့ ပြောသည်။

UNA ၏ ဖေဖော်ဝါရီလ (၁၇၊၁၈၊၁၉)ရက်တွင် ပြုလုပ်သော ဒုတိယအကြိမ် ညီလာခံတွင် သပိတ်မှောက် ကျောင်းသားများ၏ အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်လိုမှု တောင်းဆိုမှုအပေါ် အပြည့်အ၀ ထောက်ခံ ကြောင်းနှင့် အစိုးရက သပိတ်စစ်ကြောင်းများနှင့် သပိတ်မှောက် ကျောင်းသားများအား ဖိအားပေးခြင်း၊ တားဆီး နှောက်ယှက်ခြင်း၊ အကြမ်းဖက်ခြင်းတို့ မပြုဘဲ လေးပွင့်ဆိုင် တွေ့ဆုံးဆွေးနွေးကာ ပညာရေး ဥပဒေအား အမြန်ဆုံး ပြင်ဆင်ရန် ထုတ်ပြန်ထားပြီး သပိတ်စစ်ကြောင်းများ အား ငွေကျပ်သိန်းသုံးဆယ် လှူဒါန်းခဲ့သည်။

““ရွေးကောက်ပွဲ ကော်မရှင်ဆိုတာ ဘယ်နိုင်ငံမှာမဆို သမာသမတ်ကျတဲ့ သူတွေနဲ့ ဖွဲ့စည်းထားတယ်။ အစိုးရ သဘောလည်း မလိုက်ဘဲနဲ့ အလယ်တည့်တည့်ကပဲ သမာသမတ်ရှိရှိ နေရတဲ့ အဖွဲ့ပေါ့။ ဒါပေမဲ့ အာဏာရှင် စနစ်ကနေ ပြောင်းလဲတာ ဖြစ်တဲ့အတွက် တစ်စုံတစ်ရာ လွှမ်းမိုးမှုတော့ ရှိနိုင်တယ်။ အခု ကျောင်းသားကိစ္စနဲ့ ပတ်သက်ပြီး UNA ကို ခေါ်ပြောတယ်ဆိုတာက ခေါ်ပြီးဖိအားပေးတာလို့ မြင်တယ်။ သူပြောရမဲ့ စကားမဟုတ် ဘူး။ သူပြောလို့ ရမယ်ထင်တဲ့ အဖွဲ့အစည်း ကို ခေါ်ပြီးပြောတယ်လို့ မြင်တယ်။ ဒါမဖြစ်သင့်တဲ့ကိစ္စ။ ဒါက လွှတ်တော် ရှင်းပေးမယ့်ကိစ္စ။ သူနဲ့ဘာမှ မသက်ဆိုင်ဘူး””ဟု ဒီမိုကရေစီ ပညာရေး ဦးဆောင်လှုပ်ရှားမှု ကော်မတီမှ ကိုမင်းသွေးသစ်က UNA အား ရွေးကောက်ပွဲ ကော်မရှင် ခေါ်ယူပြောဆိုမှုနှင့် ပတ်သက်၍ ဝေဖန် ပြောကြား ခဲ့သည်။

ဝိုင်းမော်

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald 

 
 


No comments:

Post a Comment