Friday, February 27, 2015

ကလေးစစ်သားဟောင်းများကို လုပ်ငန်းခွင် သင်တန်းနှင့် အလုပ်အကိုင်များပေးအပ်ရန် တော်ဝင်နှင်းဆီပိုင်ရှင် ဦးစိုးညွန့်စီစဉ်

 ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄
တပ်မတော်တွင် ကလေးစစ်သားအဖြစ် တာဝန်ထမ်းဆောင်ခဲ့ရပြီး အသက်မပြည့်သည့်အတွက် နုတ်ထွက်ခွင့် ရခဲ့သည့် ကလေးစစ်သားဟောင်းများ၏ ဘ၀ရပ်တည်ရန်၊ အလုပ်အကိုင်နှင့် စားဝတ်နေရေး အဆင်ပြေစေရန် အတွက် လုပ်ငန်းခွင်ဝင်နိုင်မည့် သင်တန်းများ ပေးကာ အလုပ်အကိုင်များ ခန့်အပ်သွား မည် ဖြစ်ကြောင်း တော် ၀င်နှင်းဆီ (စားသောက်ဆိုင်)ပိုင်ရှင် ဦးစိုးညွန့်က ဖေဖော်ဝါရီ ၂၄ ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။

တပ်မတော်တွင် အသက် ၁၈ နှစ် မပြည့်မီ ၀င်ရောက် တာဝန်ထမ်းဆောင် ခဲ့ဖူးသည့် ကလေးစစ်သားများသည် မိမိတို့ဘ၀ ရပ်တည်ရန် အခက်အခဲများ ရှိကြောင်း ကြားသိရ၍ ၎င်းတို့၏ ဘ၀ရပ်တည်ရေး အခက် အခဲများ ပြေလည်စေရန် ပြင်ဦးလွင်မြို့ရှိ စိုက်ပျိုးရေးလုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်း၊ အချက်အပြုတ် လုပ်ငန်းနှင့် ပန်းခြံလုပ်ငန်းများ စသည်တို့တွင် လုပ်ငန်းခွင် သင်တန်းများပေး၍ သင်တန်းပြီးဆုံးချိန်တွင် အလုပ် ပေးသွားမည့် အစီအစဉ်များနှင့် ပတ်သက်၍ ၎င်းက ပြောကြားခြင်းဖြစ်သည်။…

““ဘာပဲဖြစ်ဖြစ် အလုပ်တစ်ခု ပြုတ်သွားတဲ့ လူတစ်ယောက်မှာတော့ စားဝတ်နေရေး လိုအပ်ချက်တော့ ရှိမှာပေါ့။ ကျွန်တော်တို့ ကြားရတာကတော့ တချို့ အလုပ်အကိုင်မဲ့ပြီးတော့ ၀င်ငွေမရှိဘူး ကြားနေတော့ ဒါလေးတွေက တပ်မတော်က လေ့ကျင့်ပေးထားတဲ့ လူငယ်လေးတွေလေ။ ကျွန်တော်တို့က အလုပ်အကိုင် လေးတွေ မှန်မှန်ကန်ကန် ပေးနိုင်ရင် လူတော်လူကောင်းလေးတွေ ဖြစ်သွားမယ်။ တကယ်လို့ အသက်မပြည့် လည်း သင်တန်းပေါ့ဗျာ။ အသက်ပြည့်တော့လည်း Permanent (အမြဲတမ်းဝန်ထမ်း) ခန့်တာပေါ့ဗျာ။ ကျွန်တော့်ဆီမှာ လုပ်ချင်လည်းလုပ်၊ တခြားဆီမှာ လုပ်ချင်လည်းလုပ်””ဟု တော်ဝင်နှင်းဆီ (စားသောက်ဆိုင် ပိုင်ရှင်) ဦးစိုးညွန့်က မြန်မာသံတော်ဆင့်သို့ ပြောသည်။

မြန်မာနိုင်ငံ အစိုးရသစ် လက်ထက်တွင် ကလေးစစ်သား အသုံးပြုမှု ကာကွယ်တားဆီးရေး လုပ်ငန်းများ အကောင်အထည် ဖော်ရာတွင် ထိရောက်စွာ လုပ်ဆောင်နိုင်မှုများ ရှိနေပြီ ဖြစ်သော်လည်း တပ်မတော်မှ နုတ် ထွက်ခဲ့သည့် ကလေးစစ်သားများ၏ ဘ၀ရပ်တည်ရန် လိုအပ်ချက်များ ရှိနေသည်။ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကန့်ကွက် ပြောဆိုမှုများတွင် ကလေးစစ်သား စုဆောင်းမှု၊ ကလေးများကို စစ်တပ်အတွင်း ပေါ်တာ အထမ်းသမားများအဖြစ် အသုံးပြုမှု၊ လူသားမိုင်းရှင်း ကိရိယာအဖြစ် အသုံးပြုမှုများ ပါဝင်သည့်အတွက် တပ်မတော်က ပြန်လည်နုတ်ထွက်ခွင့် ပေးနေခြင်းဖြစ်သည်။

““သူတို့ဘ၀အတွက် လုံလုံလောက်လောက် တစ်သက်လုံး သွားနိုင်တဲ့ အသက်မွေး ၀မ်းကျောင်းပညာ တို့၊ ထောက်ပံ့ကြေးတွေ မပေးနိုင်ရင် နောက်ဆုံးတော့ လာခဲ့တဲ့ လမ်းကိုပဲ ပြန်ပြီးသွားတာမျိုး ရှိနိုင်ပါတယ်။ သူတို့မှာ အလုပ်လုပ်နိုင်တဲ့၊ အလုပ်ရှာနိုင်တဲ့ အခြားရွေးချယ်မှု များများရှိလာလေ သူတို့ဘ၀အတွက် ပိုပိုပြီးတော့ ဆုံးဖြတ်နိုင်ဖို့အတွက် ဘ၀အဆင်ပြေဖို့အတွက် ပိုမိုကောင်းပါတယ်။ အဲဒီလိုမျိုး အဖွဲ့တွေလည်း အဲဒီလိုမျိုး ဌာနတွေလည်း စီးပွားရေး လုပ်ငန်းရှင် တွေလည်း များများရှိရင် ကောင်းပါတယ်။ တပ်မတော် အပိုင်းကတော့ ဘာမှထောက်ပံ့တာ မရှိဘူး””ဟု Equality Myanmar မှ ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်းက မြန်မာသံတော် ဆင့်သို့ သုံးသပ်ပြောဆိုသည်။

ကလေးစစ်သား အသုံးပြုမှုနှင့် ကလေးစစ်သား စုဆောင်းမှု အဆုံးသတ်ရေး လုပ်ငန်းစဉ် အကောင် အထည် ဖော်ရေးအတွက် ကုလသမဂ္ဂနှင့် မြန်မာအစိုးရတို့သည် ၂၀၁၂ ခုနှစ် ဇူလိုင်လတွင် သဘောတူ လက်မှတ် ရေးထိုးခဲ့ပြီး ၉ နှစ်တာ ကာလအတွင်း ၂၀၀၄ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ ကလေးစစ်သည် ၈၀၅ ဦးကို တပ်မတော်မှ နုတ်ထွက်ခွင့်ပြုခဲ့ပြီး မိဘများထံ ပြန်လည်အပ်နှံခဲ့သည်။ မြန်မာနိုင်ငံတွင် ကလေးစစ်သား အရေးကိစ္စများတွင် တပ်မတော်မှ ကလေးစစ်သားများ နုတ်ထွက်ခွင့်ရရေး၊ ကလေးစစ်သား ဟောင်းများ၏ ဘ၀ရပ်တည်ရေးနှင့် အလုပ်အကိုင် ရရှိရေးတို့ကို Unicef, Save the Children, Equality Myanmar အစရှိသည့် လူမှုအဖွဲ့အစည်းများက ကူညီစောင့်ရှောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

““အစ်မတို့ ဦးစားပေးအနေနဲ့ဆိုရင် ဘာကို ဆွေးနွေးပေး လဲဆိုရင် ကျောင်းပြန်တက်ဖို့ ၀င်သွားတဲ့ အရည် အချင်း (၃)တန်း၊ (၄)တန်းလောက်နဲ့ ပြီးထားပြီးတော့မှ ၀င်သွားတာ တော်တော်လေး ကြာပြီဆိုပါစို့။ အလုပ်ရှာ ပေးတော့မယ်ဆိုရင် Skill တစ်ခုခုနဲ့ လုပ်မယ့်အလုပ်မျိုးကိုလေ အရင်ဆုံး ဦးစားပေး သင်ပေးရတာပေါ့။ ဘာပြန်ပြီး အားပေးရလဲဆိုရင် ကျောင်းပြင်ပ ပညာရေးအနေနဲ့ သင်လို့ရအောင် ကျောင်းပြင်ပပညာရေး သင်တတ်တဲ့ resource ကို ရှာရတာပေါ့။ ရပ်ရွာမှာပဲ ရေးတတ် ဖတ်တတ်ပေါ့။ ရှာပြီးတော့မှ ရေးတတ် ဖတ်တတ် ဖြစ်ပြီဆိုတော့မှ ဘယ်သင်တန်း တက်ချင်တာလဲဆိုတဲ့ ဟာမျိုးပေါ့””ဟု Save the Children မှ အရွယ်မရောက်သေးသော ကလေးများ စစ်သားအဖြစ်မှ စုဆောင်းခြင်းကနေ ပြန်လည်နုတ် ထွက်ခွင့် ပြုခြင်းဆိုင်ရာ စီမံချက် အစီအစဉ်မန်နေဂျာ မခင်ငြိမ်းချမ်းဝင်းက မြန်မာသံတော်ဆင့်သို့ ပြောသည်။

ရည်မွန်ဖြိုး


မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

No comments:

Post a Comment