မန္တလေး (မဇ္ဈိမ)။ ။ စည်းကမ်းမဲ့ယာဉ်များ ထိထိရောက်ရောက်
အရေးယူနိုင်ရန်အတွက် မော်တော်ယာဉ်နှင့် ပတ်သက်သည့် ဥပဒေ တစ်ရပ်ကို
ပြည်သူ့လွှတ်တော်ကို တင်ပြထားကြောင်း အမှတ်(၃) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှ
ဒု-ရဲမှူးကြီး အောင်ကိုဦးက ပြောသည်။

ရန်ကုန်မြို့
အနော်ရထာလမ်းပေါ်တွင် ယာဉ်စည်းကမ်းမလိုက်နာသော ကားတစ်စီးအား
ယာဉ်စည်းကမ်းထိန်းသိမ်းရေးမှ ကရိန်းကားဖြင့် လာရောက် သယ်ဆောင်သွားသည်ကို
နိုဝင်ဘာလ ၃ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
''ထိထိရောက်ရောက် အရေးယူနိုင်ဖို့ လွှတ်တော်တင်ထားပါတယ်။ တချို့နိုင်ငံတွေမှာ ဒီဥပဒေကို အပြင်းထန်ဆုံး ပြဋ္ဌာန်းထားတာပါ။ မြန်မာနိုင်ငံမှာလည်း ဒီဥပဒေဟာ အထိရောက်ဆုံး ဖြစ်ရမှာပါ။ ဒါမှယာဉ် တိုက်မှုကြောင့် လူ့အရင်းအမြစ်တွေ၊ နိုင်ငံဘဏ္ဍာတွေလည်း ဆုံးရှုံးနစ်နာမှု လျော့ပါးသွားမှာ'' ဟု ၎င်းက ပြောသည်။
တည်ဆဲဥပဒေဖြစ်သည့် ၁၉၆၄ မော်တော်ယာဉ် ဥပဒေအရ စည်းကမ်းမဲ့ယာဉ်မောင်းနှင်ပါက ငွေဒဏ် ကျပ် ၁,၅ဝဝ ဖြစ်စေ၊ ထောင်ဒဏ် ခြောက်လဖြစ်စေ၊ ပြစ်ဒဏ် နှစ်ရပ်လုံးကိုဖြစ်စေ ချမှတ်နိုင်ပြီး တစ်နှစ်အတွင်း နှစ်ကြိမ်ကျုးလွန်ပါက ထောင်ဒဏ် တစ်နှစ်အထိ ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။
အများအားဖြင့် စည်းကမ်းမဲ့ယာဉ် မောင်းနှင်သည့် ယာဉ်မောင်းများကို ငွေဒဏ်သာ ချမှတ်သောကြောင့် ပြစ်မှုပြစ်ဒဏ်နည်းသဖြင့် လေးစားလိုက်နာမှု အားနည်းခြင်းဖြစ်သည့်အတွက် ပိုမိုထိရောက်ပြီး အများပြည်သူ လေးစားလိုက်နာနိုင်မည့် ဥပဒေတစ်ရပ် ပေါ်ထွက်လာစေရန် ယခု နှစ်ဆန်းပိုင်းက ပြည်သူ့လွှတ် တော်ကို တင်ပြထားကြောင်း ၎င်းက ဆိုသည်။
မန္တလေးတိုင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး က ''မော်တော်ယာဉ် ဥပဒေက ဒဏ်ငွေပြစ်ဒဏ်နည်းလို့ မလေးစားကြဘူး။ ဒါပေမဲ့ မန္တလေးစည်ပင် နယ်နိမိတ်အတွင်းဆိုရင် တော့ စည်ပင်ဥပဒေနဲ့ အရေးယူပါတယ်'' ဟု ပြောသည်။
၂ဝ၁၄ ခုနှစ်အတွင်း မန္တလေးတိုင်းအတွင်း ယာဉ်တိုက်မှုပေါင်း ၄ဝဝ ကျော် ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁၇၁ ဦးနှင့် ဒဏ်ရာရသူ ၄၃ဝ ကျော်ရှိခဲ့ရာ ယင်းဖြစ်စဉ်များ၏ သုံးပုံနှစ်ပုံခန့်သည် ယာဉ်မဆင်မခြင် မောင်းနှင်မှုကြောင့် ဖြစ်ပွားရသည်ဟု မန္တလေးတိုင်း အမှတ်(၁၁) ယာဉ်ထိန်း ဒုရဲတပ် ဖွဲ့ခွဲရုံး၏ ယာဉ်တိုက်မှု စာရင်း မှတ်တမ်းများက ဖော်ပြထားသည်။
Credit - Mizzima News
No comments:
Post a Comment