ရန်ကုန် (မဇ္ဈိမ)။ ။ ထုတ်လုပ်မှု ကျဆင်းသွားခြင်းကြောင့် ပြည်တွင်း ကြက်သားဈေး ပြန်လည်မြင့်တက်လာကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အမှုဆောင်အကြံပေး ဒေါက်တာ သန်းလှက ပြောသည်။
ဇန်နဝါရီလဆန်းပိုင်း ကြက်သားဈေး ကျဆင်းမှုများကြောင့် မွေးမြူရေးလုပ်ငန်းရှင်များ အရှုံးပေါ်ခဲ့ခြင်းဖြစ်ပြီး ယခု ဖေဖော်ဝါရီလပိုင်း ကြက်သား ထုတ်လုပ်မှု တန်ချိန် တစ်သိန်းကျော် ကျဆင်းသွားခြင်းကြောင့် ဈေးနှုန်း ပြန်လည်မြင့်တက်လာနေခြင်းဟု ၎င်းက ဆိုသည်။
''ဒီတစ်ပတ်မှာ တန်ချိန် တစ်သိန်းကျော်လောက် လျော့သွားတဲ့အတွက် ဈေးပြန်တက်လာတဲ့ သဘောပါ။ ထုတ်လုပ်မှုနည်းလို့ ဈေးတက်သွားတာပါ။ ဒီတစ်ပတ်မှာ တန်ချိန်ရှစ်သိန်း လောက်ပဲထွက်တယ်'' ဟု ဒေါက်တာသန်းလှက ရှင်းပြသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပတ်စဉ် ကြက်သား တန်ချိန်ကိုးသိန်းကျော်ထွက် ရှိနေသော်လည်း ယခု ဖေဖော်ဝါရီလလယ် ပိုင်းမှစတင်ကာ ကြက်သားထုတ်လုပ်မှုများ တဖြည်ဖြည်းကျဆင်းလာပြီး ရန်ကုန် ကြက်၊ ဘဲ ကုန်စည်ဒိုင်သို့ ပိဿာချိန်ရှစ်သောင်း လောက်သာ အဝင်ရှိခဲ့သည်ဟု ငါးလုပ်ငန်း အဖွဲ့ချုပ်၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။
အသားတိုးကြက် မွေးမြူရေးလုပ်ငန်းရှင် တစ်ဦးက ''အသားတိုးကြက် တစ်ကောင်သက်တမ်းက ရက် ၃ဝ ကနေ ၄ဝ အထိ ရှိတယ်။ သားပေါက်အဆင့်ကနေ အသား ထုတ်အရွယ်အထိရောက်လာဖို့ အစာနဲ့ဆေး အပါအဝင် တစ်ကောင်ကို ကျပ် ၂,၈ဝဝ လောက်ရမှ လုပ်ငန်းရှင်က ဆက်မွေးနိုင်မယ်။ အဲဒီဈေးမရရင် လျှော့မွေးကြမှာပဲ'' ဟု ဆိုသည်။
ထိုကဲ့သို့ ထုတ်လုပ်မှု ကျဆင်းခြင်းကြောင့် ယခုတစ်ပတ် အသားတိုးကြက်ဒိုင်ဖမ်းဈေး တစ်ပိဿာ ကျပ် ၂,၈ဝဝ ဝန်းကျင်အထိ ပြန်လည်မြင့်တက်လာပြီး လကုန်ပိုင်းတွင် ကျပ် ၃,ဝဝဝ ကျော်အထိ ဆက်လက်မြင့်တက် လာနိုင်သေးကြောင်း ငါးလုပ်ငန်းအဖွဲ့ချုပ်က ခန့်မှန်းထားသည်။
ကြက်သား ဒိုင်ဖမ်းဈေး မြင့်တက်နေမှုကြောင့် လက်လီပေါက်ဈေးများလည်း တဖြည်းဖြည်း မြင့်တက်နေပြီး စားသုံးသူ ဈေးကွက်တွင် ကြက်သား တစ်ပိဿာလျှင် အနည်းဆုံး ကျပ် ၅,၅ဝဝ မှ ၇,ဝဝဝ ဝန်းကျင်အထိ ဈေးရှိနေကြောင်း လက်လီအရောင်း ဆိုင်များက ပြောသည်။
Credit - Mizzima News
No comments:
Post a Comment