Saturday, February 28, 2015

“ငြိမ်းချမ်းရေးကို မလိုချင်တဲ့ တိုင်းပြည်” (ဆောင်းပါး)

 – စည်သူအောင်မြင့်

တိုက်ပွဲဖြစ်လာရင် ဗမာက တပ်မတော်ကို အားပေး၊ ကချင်က ကေအိုင်အေကို အားပေး၊ ကရင်က ကေအန် ယူကို အားပေး၊ ရှမ်းက အက်စ်အက်စ်အေကို အားပေးဆိုရင် ဒီတိုင်းပြည် ငြိမ်းချမ်းလာပါဦးမလား …

လာကပေါ် – ကိုအောင်ကျော်၊ ခင်ဗျားတို့ ဗမာတွေကလည်း တပ်မတော်ကို အတော်ထောက်ခံကြတယ်နော်။

အောင်ကျော် – ကျွန်တော် မပါပါဘူးဗျ။ ခင်ဗျား ဘာကိုပြောတာလဲ။

လာကပေါ် – အခု ကိုးကန့်ဘက်မှာ တိုက်ပွဲတွေဖြစ်ပြီးနောက် လူတွေကတပ်မတော်ကို ငွေတွေ လှူနေကြ တယ် လေ။

အောင်ကျော် – သြော် … ကျဆုံးတာ၊ ထိခိုက်ဒဏ်ရာရတာ စာနာလို့နေ မှာပေါ့ဗျာ။ နောက် ကျန်ရစ်သူ မိသား စု တွေကို အားပေးဖို့နေမှာပေါ့ဗျာ။

လာကပေါ် – မကဘူးဗျ။ အများစု တပ်မတော်အတွက်ဆိုပြီး လှူကြတယ်။ ဆိုတော့ တပ်မတော်ဆိုတာ တိုက်ခိုက်ရေး လုပ်နေတာလေ။ အဲဒါကို အားပေးကူညီသင့်လား ကျွန်တော် မေးတာပါ။…

အောင်ကျော်- တပ်မတော်က ဘိန်းဓားပြတပ်ဖွဲ့ကိုတိုက်နေတာလေ။ တရုတ် ကြေးစားတွေလည်း ပါတယ်လေ။ အဲဒါကို ကူတာနေမှာပေါ့။

လာကပေါ် – ခင်ဗျားကလည်း အစိုးရ၀ါဒဖြန့် သတင်းရေးသလို လာမပြောပါနဲ့။ ဟိုနေ့က ဒုဗိုလ်ချုပ်ကြီး မြတ်ထွန်းဦး ပြောတဲ့အထဲ ကိုးကန့်တိုက်ပွဲမှာ ကချင်၊ ၀၊ မိုင်းလား၊ ရှမ်း၊ ပလောင် တပ်ဖွဲ့တွေ ပါဆိုပဲ။ အဲဒါဆို တိုင်းရင်းသား လက်နက် ကိုင်တပ်ဖွဲ့တွေက တစ်ဖက်၊ တပ်မတော် ကတစ်ဖက် မဟုတ်ဘူးလား။

အောင်ကျော် – ဟုတ်ပါတယ်။ နေပါဦး ခင်ဗျားက ဘာမကျေမနပ်ဖြစ်နေ တာလဲ။ အနုပညာသည်တွေ၊ ရုပ်ရှင် မင်းသား မင်းသမီးတွေ သူတို့ဘာသာသူတို့ လှူတာဘာဖြစ်သလဲ။

လာကပေါ် – ဟောဒီမှာ ဖေဖော်ဝါရီ ၂၅ ရက်နေ့ထုတ် ဒီမိုကရေစီတူဒေး သတင်းစာမှာ ရုပ်ရှင်မင်းသား ဝေဠုကျော် ဘာပြောထားသလဲ ဖတ်ကြည့်ပါဦး။

အောင်ကျော် – ရုပ်ရှင်မင်းသား ဝေဠုကျော်ဆိုတာ မြန်မာနိုင်ငံကြက်ခြေနီအသင်းက မဟုတ်လား။

လာကပေါ် – ဟုတ်တယ်။ သူပြောတာ သူနဲ့လက်ရွေးစင် ၁၀ယောက်လောက် စစ်ဖြစ်နေတဲ့ လောက်ကိုင်ကို အရောက်သွားမယ်။ စစ်ဘေးသင့် ပြည်သူတွေကို ကူညီမယ်။ ပြီးတော့ “တိုက်ပွဲဝင် စစ်သည် တွေအတွက် လည်း ကျွန်တော်တို့ကအစား အသောက်တွေ အဓိကထားပြီးတော့ လှူဒါန်းသွားမယ်” ဆိုပြီး ပြောခဲ့တယ်ဗျ။

အောင်ကျော် – အင်း … ခက်ပြီ။

လာကပေါ်- ဟုတ်တယ်လေ။ ပထမ တစ်ချက် သူက မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက၊ စစ်ပွဲဖြစ်နေတာမှာ ဘက်တစ်ဖက်ကို သွားအားပေးမတဲ့။ နောက် ရုပ်ရှင်မင်းသား။

အောင်ကျော်- သြော်… ရုပ်ရှင် မင်းသား မင်းသမီးတွေက အများကြီးပဲ အခု တပ်မတော်ကို ကူညီနေကြတာ။

လာကပေါ် – ကျွန်တော် စဉ်းစားကြည့်မိတယ်။ ခင်ဗျားတို့ ဗမာတွေ ငြိမ်းချမ်းရေးကို တကယ်လိုလားကြ သလားဆိုတာ ကျွန်တော်တကယ် သံသယဖြစ်မိတယ်။

အောင်ကျော် – လိုလားပါတယ်ဗျ။

လာကပေါ် – အရင် စစ်အာဏာရှင် ခေတ်ကဆို ထားပါတော့။ အနုပညာသည် တွေဆိုတာ အာဏာရှင်တွေကို ကြောက်ရတယ်။ သူတို့ခိုင်းတာ မလုပ်ရင် ကိုယ့်အလုပ်ကိုကိုယ် ကောင်းကောင်း လုပ်လို့ မရလောက်အောင် ဖိနှိပ်တယ်။ ဒါကြောင့် မလွှဲမရှောင်သာ မမှန်မကန် ၀ါဒဖြန့်ဇာတ် ကားတွေရိုက်ပေး ရတယ်ဆိုတာမျိုး လက်ခံလို့ ရသေးတယ်။ အခုဟာက-

အောင်ကျော် – ဟုတ်ပါတယ်။ အခုဟာက သူတို့ကို ဘယ်သူမှ ဖိအားမပေးပါဘူး။ ခိုင်းလည်း မခိုင်းပါဘူး။ တပ်မတော်အပေါ် တကယ် စေတနာမေတ္တာနဲ့ သွားကူညီ သွားအားပေးကြတာပါ။

လာကပေါ် – ဆိုတော့ တိုက်ပွဲဖြစ် လာရင် ဗမာက တပ်မတော်ကို အားပေး၊ ကချင်က ကေအိုင်အေကိုအားပေး၊ ကရင်က ကေအန်ယူကို အားပေး၊ ရှမ်းက အက်စ်အက်စ်အေကို အားပေးဆိုရင် ဒီ တိုင်းပြည် ငြိမ်းချမ်းလာပါဦး မလား။

အောင်ကျော် – အခုဟာ တပ်မတော်က အတော်အထိနာသွားလို့ပါ။

လာကပေါ် – အတော် အထိနာတယ်ဆိုတာ စစ်တိုက်တာပဲဗျ။ ဒါဆိုရင် လိုင်ဇာက ကေအိုင်အေဗိုလ် သင်တန်း ကျောင်း လက်နက်ကြီးနဲ့ ရုတ်တရက် အပစ်ခံရ၊ တိုင်းရင်းသား ဗိုလ်လောင်း ၂၀ ကျော် တစ်ပြိုင်တည်း ကျဆုံး တာကျတော့ ဘယ်လိုလုပ်မလဲ။

အောင်ကျော် – ဟုတ်ကဲ့ပါ။ ခင်ဗျား ပြောတာ မှန်ပါတယ်။

လာကပေါ် – ခင်ဗျားတို့ လွှတ်တော်ကြီးကလည်း ငြိမ်းချမ်းရေးကို မလိုလားဘူး။

အောင်ကျော် – အယ် . . .။

လာကပေါ် – ဟုတ်တယ်လေ။ အခု တိုက်ပွဲဖြစ်လာတော့ တပ်မတော်ဘက်ကို ထောက်ခံတယ်၊ စစ်အုပ်ချုပ်ရေး ပြဋ္ဌာန်းတာကို ထောက်ခံတယ်။ အဲလို လွှတ်တော်က ငြိမ်းချမ်းရေးကို ဘယ်လို ဆောင်ကြဉ်းမလဲ။

အောင်ကျော် – နေဦး နေဦး ရုပ်ရှင် မင်းသားမင်းသမီးတွေအကြောင်း ပြောရာ ကနေ ဘယ့်နှယ် လွှတ်တော် ဘက်ရောက် သွားသလဲ။ ခင်ဗျားပြောတာ မှန်ပါတယ်။ ပြည်သူတွေ ချစ်ခင်တဲ့ ရုပ်ရှင်မင်းသား မင်းသမီးတွေ ဟာ ပြည်တွင်းစစ်၊ တိုင်းရင်းသားအချင်းချင်း ဖြစ်နေကြတဲ့ စစ်ပွဲမှာ ဘက်တစ်ဖက်ဖက်ကို အားပေးအားမြှောက် မလုပ်သင့်ဘူးဆိုတာ အမှန်ပါဗျာ။

လာကပေါ် – သူတို့ အဲလောက် တောင် မစဉ်းစားတတ်ကြဘူးလား။

အောင်ကျော် – ကျွန်တော် မကြာ ခဏပြောခဲ့ဖူးတယ်လေ။ အရင် စစ်အာ ဏာရှင်တွေဟာ ကျွန်တော်တို့ ပညာ ရေးကို ကောင်းကောင်း ဖျက်ဆီးသွားခဲ့တယ်။ အထူးသဖြင့် စဉ်းစားခြင့်ချိန် ဝေဖန်ပိုင်းခြားတတ်တဲ့ အနေအ ထား မရှိအောင် လုပ်သွားခဲ့တယ်။ ဆိုတော့ ရုပ်ရှင်မင်းသား မင်းသမီးတွေကလည်း အဲဒီပညာရေးက ပေါက်ဖွား လာတာပဲလေ။

လာကပေါ် – သူတို့တွေ အတော့်ကို စဉ်းစားဆင်ခြင်ဉာဏ် နည်းတာပဲပေါ့။ မဟုတ်ဘူးလား။

အောင်ကျော် – ဟုတ်ပါဘူးဗျာ။ သူ တို့ အပြစ်မဟုတ်ပါဘူး။ အရင် စစ်အာဏာ ရှင်တွေကြောင့် သူတို့ စဉ်းစား ဆင်ခြင်ဉာဏ်နည်းရတာလို့ ကျွန်တော် သုံးသပ်တာပါ။

လာကပေါ် – ဒီ အတိုင်းဆို ငြိမ်းချမ်းရေးဝေးဦးမယ်။ အဲလို လူတွေနဲ့တော့ စစ်အာဏာရှင် အရိပ်အောက်က ထွက်ရဖို့ သိပ်တောင် လမ်းမမြင်မိတော့ဘူးဗျာ။

အောင်ကျော် – စိတ်မပျက်နဲ့ လာကပေါ်ရေ၊ အားလုံး ကြိုးစားရမှာပဲဗျာ။

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

 

No comments:

Post a Comment