Monday, February 23, 2015

အခွန်ရှောင် လုပ်ငန်းများတွင် အိမ်ခြံမြေကဏ္ဍမှ အများဆုံးဖြစ်

ရန်ကုန် (မဇ္ဈိမ)။ ။ အခွန်ပေးဆောင်ရန် ပျက်ကွက်သည့် လုပ်ငန်းများတွင် အိမ်ခြံမြေကဏ္ဍမှ အများဆုံးဖြစ်နေသည်ဟု ပြည်တွင်း အခွန်များ ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

Yangon-View-2
ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အိမ်ခြံမြေ အဆောက်အအုံများကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) လက်ရှိဘဏ္ဍာနှစ်တွင် အိမ်ခြံမြေကဏ္ဍမှ အခွန် ကျပ် ဘီလီယံ ၂၀ဝ ရရှိမည်ဟု မျှော်မှန်းထားပြီး ယခင်ဘဏ္ဍာနှစ်က အခွန် ကျပ် ၁၀ဝ ဘီလီယံသာ ရရှိခဲ့ခြင်းဖြစ်သည်။



ယင်းဌာနအနေဖြင့် အိမ်ခြံမြေရောင်းဝယ်မှုမှ အခွန်ကောက်ခံရန် နှစ်စဉ် ကာလတန်ဖိုးများ သတ်မှတ်လျက်ရှိပြီး အဆိုပါကာလတန်ဖိုး သတ်မှတ်ပြီးသား အိမ်ခြံမြေ၊ တိုက်ခန်းကဲ့သို့ အခြေပစ္စည်းရောင်းဝယ်မှု သတ် မှတ်ရက်အတွင်း အခွန်ပေးဆောင်ခြင်း မရှိပါက သတ်မှတ်ပြီးသား ကာလတန်ဖိုးများကို ပြန်လည်ပယ်ဖျက် သွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနက ထုတ်ပြန်ထားသည်။

''အခွန်ပေးဆောင်မှု ပျက်ကွက်တွေထဲမှာ အိမ်ခြံမြေလုပ်ငန်းတွေ အများဆုံးပါ။ တန်ဖိုးသတ်မှတ်ကာလအတွင်း အခွန်မဆောင်ဘဲ နောင်နှစ်တွေမှ အခွန်ပေးမယ်ဆိုရင် အဒီနှစ်မှာရှိနေတဲ့ ကာလတန်ဖိုးအတိုင်း ကျွန်တော်တို့ကတွက်ရင် လုပ်ငန်းရှင်တွေ နစ်နာမှာမို့ အသိပေးတာပါ''ဟု ပြည်တွင်း အခွန်များ ဦးစီးဌာန ရန်ကုန်တိုင်း အခွန်ဦးစီးဌာနရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အိမ်ခြံမြေ၊ တိုက်ခန်းနှင့် ကားပိုင်ရှင်များသည် ယခု၂ဝ၁၅ ခုနှစ် မတ်လ ၃၁ ရက်အထိ သက်ဆိုင်ရာ အခွန်ရုံးသို့ လာရောက်ဆက်သွယ်ခြင်း မရှိပါက ကာလတန် ဖိုးတွက်ချက်မှု စာရင်းကို ပယ်ဖျက်တော့ မည်ဖြစ်သည်ဟု ဆိုသည်။

ထို့အတူ ၂ဝ၁၅ ဧပြီလ ၁ ရက်မှစတင်ကာ အိမ်ခြံမြေအပါအဝင် အခြားသော အခွန်စည်းကြပ်ထိုက်သည့် အခြေပစ္စည်း များကိုလည်း ကာလတန်ဖိုးအသစ် သတ်မှတ်သွားမည်ဖြစ်ပြီး ယင်းသတ်မှတ်ပြီး တစ်နှစ်အတွင်း အခွန်လာရောက်ပေးဆောင်ခြင်း မရှိသူများကိုလည်း ကာလတန်ဖိုးစာရင်းမှ ပယ်ဖျက်မည်ဟု အခွန်ဦးစီးဌာန တာဝန်ရှိသူက အခွန်ထမ်းများအတွက် ထပ်မံသတိပေးထားသည်။

၂ဝ၁၄-၁၅ ဘဏ္ဍာနှစ်တွင် ဝင်ငွေခွန်ဥပဒေကို ပြန်လည်ပြင်ဆင်သတ်မှတ်ပြီးနောက်တွင် အိမ်ခြံမြေ အခွန်ထမ်းဆောင် သူယခင်နှစ်များထက် နှစ်ဆခန့်အထိမြင့် တက်လာကာ ကာလတန်ဖိုး စိစစ်သတ်မှတ်ရေး အဖွဲ့မှ ယခင်နှစ်ပတ်တစ်ကြိမ် စိစစ်သတ်မှတ်ရာမှ ယခုအချိန်တွင် တစ်ပတ်တစ်ကြိမ် တိုးမြှင့်စိစစ် ပေးနေသည်ဟု ၎င်းက ဆိုသည်။

လက်ရှိ ဘဏ္ဍာနှစ်တွင် အိမ်ခြံမြေကဏ္ဍမှ အခွန် ကျပ် ၂ဝဝ ဘီလီယံရရှိမည်ဟု မျှော်မှန်းထားပြီး ၂ဝ၁၃- ၁၄ ဘဏ္ဍာနှစ်တွင် အိမ်ခြံမြေလုပ်ငန်းကဏ္ဍမှ အခွန်ကျပ် ၁ဝဝ ဘီလီယံရရှိခဲ့ရာ အခွန်ကောက်ခံရရှိမှု ကဏ္ဍအရပ်ရပ်၏ သုံးရာခိုင်နှုန်း ရှိခဲ့သည်။

Credit - Mizzima News

No comments:

Post a Comment