ရန်ကုန်၊ဖေဖော်ဝါရီ၂၅
လာမည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအတွက် မဲဆွယ် စည်းရုံးမှုများ ပြုလုပ်ရာ၌ အစိုးရ၊ လွှတ်တော်၊ တပ်မတော်တို့ကို ဝေဖန်ခွင့် မရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးဝင်းကို က ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ပထမအကြိမ် ပြည်သူ့ လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၁)ရက် မြောက်နေ့ တွင် ပြောကြားခဲ့ကြောင်း ရခိုင်ပြည်နယ် မြေပုံမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ဖေဖော်ဝါရီ ၂၄ ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။
ရခိုင်ပြည်နယ် မြေပုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက လွှတ်တော် ကိုယ်စားလှယ် များအနေဖြင့် လာမည့် ရွေးကောက်ပွဲများအတွက် မဲဆွယ်စည်းရုံးရာ၌
စာနယ်ဇင်းများတွင် ရေးသား ဖော်ပြလျက် ရှိသော အသုံးအနှုန်းများဖြင့် လွှတ်တော်၊ အစိုးရ၊ ဌာနဆိုင်ရာ တပ်မတော်နှင့် လူပုဂ္ဂိုလ်များ ကို ဝေဖန် ဟောပြောခွင့် ရှိ၊ မရှိနှင့်ပတ်သက်၍ မေးမြန်းခဲ့ ရာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးဝင်းကိုက ကော်မရှင်က ထုတ်ပြန်ထားသော ၁/၂၀၁၄ ပါ တားမြစ်ချက်များဖြင့် ငြိစွန်းကြောင်း ဖြေကြား ခဲ့ခြင်း ဖြစ်သည်။…
““ကော်မရှင်က ဒီလိုလွှတ်တော် ကိုယ်စားလှယ် လောင်းတွေ အပေါ်မှာ မဖြစ်သင့်ဘူးလေ။ မကောင်းတာကို မကောင်းတာပဲ ပြောရမယ်။ အကုန်လုံး ကောင်းပါသည်လို့ မပြောနိုင်ဘူးလေ။ သမ္မတ မကောင်းရင် သမ္မတ မကောင်းဘူးပေါ့။ လွှတ်တော် မကောင်းရင် မကောင်း ဘူးပေါ့။ ပြည်သူရဲ့ ခံစားချက်ကို ဘာမှ မစဉ်းစားဘဲနဲ့ တာဝန်မဲ့ အပြောအဆိုမျိုး ပြောဖို့ဆိုတာ လွှတ်တော် ကိုယ်စားလှယ် တစ်ယောက် အနေနဲ့ ရှက်ဖို့လည်း ကောင်းပါတယ်။ လယ်သိမ်းခံရတဲ့ လယ်သမားတွေ ဆီ ရောက်ပြီးမှ လယ်သိမ်းတဲ့အကြောင်း မပြောဘဲ ကျွန်တော်တို့ နိုင်ငံက ဘယ်လို ကောင်းအောင် လုပ်နေပါတယ်လို့ ပြောလို့ရမလား””ဟု ရခိုင်မြို့နယ် မြေပုံ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက မြန်မာသံတော်ဆင့်သို့ ပြောသည်။ ထို့ပြင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးဝင်းကိုက နိုင်ငံတော်တွင် တရားဝင် ထုတ်ပြန်ထားသော တည်ဆဲဥပဒေများကို လေးစားလိုက်နာရမည် ဖြစ်ပြီး မဲဆွယ်စည်းရုံးခွင့် ကာလမျိုးတွင် နိုင်ငံရေး ပါတီများသည် နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း ဥပဒေနှင့်အညီ ဆောင်ရွက်ရမည် ဖြစ်ကြောင်း ထပ်မံ ပြောကြားခဲ့သည်။
““အခုအစိုးရအဖွဲ့ထဲတွင် လူတွေက သူတို့က ရွေးကောက်ပွဲ ပြန်ဝင်မှာ ဒီတော့သူတို့က ဘယ်လိုဟောမလဲ။ သူတို့ကောင်းတဲ့ အကြောင်းပဲ ဟောမှာပေါ့။ ဝေဖန်ခွင့်ရှိရမယ်။ မဝေဖန်လို့မရဘူး။ ဘာလို့လဲဆိုတော့ ဝေဖန် တဲ့ နေရာမှာ မဟုတ်မတရား မပြောဖို့ဘဲ လိုတာလေ။ အမှန်တရားကိုတော့ ပြောခွင့်ရှိတယ်လို့ ထင်တယ်။ ကျွန်တော်တော့ အဲဒီလိုယူဆတာပဲ။ ကျွန်တော်ဆိုရင်တော့ ပြောမှာပဲ။ အစိုးရအပေါ်မှာ ကျွန်တော့်အမြင် ကိုယ်ပြောတာ ကိုယ်တာဝန်ယူရင် ပြီးတာပဲလေ။ သူတို့ခုချိန်ထိ ဒါကို ကိုင်ထားတာ ကြောက်လို့ပေါ့ဗျာ””ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က သုံးသပ် ပြောကြား သည်။
ဝိုင်းမော်
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald
No comments:
Post a Comment