စစ်ကိုင်း၊ ဖေဖော်ဝါရီ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်တွင်းရှိ ကြက်မွေးမြူရေးဇုန် အတွင်းရှိ ကြက်/ငုံး မွေးမြူရေး ခြံများတွင် ကြက်၊ ငုံးများ သေဆုံးမှုဖြစ်နေရာ ယင်းမှာ ကြက်ငှက်တုပ်ကွေး H1N1 ဗိုင်းရပ်စ်ကြောင့် ဖြစ်သည့် အတွက် အခြားသော တိုင်းဒေသနှင့် ပြည်နယ်များမှ လူနှင့်တိရစ္ဆာန်များ သို့ ရောဂါကူးစက်မှု မဖြစ်ပွားစေရန် အတွက် လိုက်နာရမည့် အချက်များအား မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာန၊ မွေးမြူရေး၊ ရေလုပ် ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၅ ရက်တွင် ထုတ်ပြန်လိုက်သည်။
ဖေဖော်ဝါရီ ၁၀ ရက်က မွေးမြူရေးခြံများအတွင်းရှိ ကြက်နှင့်ငုံးများ စတင်သေဆုံးမှု ဖြစ်ပွားခဲ့ရာ သံသယဖြစ်ဖွယ် ရှိသဖြင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မန္တလေးမြို့ ဓာတ်ခွဲခန်းသို့ ပို့ဆောင် စစ်ဆေး စေခဲ့ရာ ကြက်ငှက်တုပ်ကွေး H1N1 ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည့်အတွက် ယခုကဲ့သို့ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။…
အဆိုပါ ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ်ပိုး ကူးစက်ခံရမှုကြောင့် မုံရွာမြို့တွင် ကြက်၊ ငုံးကောင်ရေ တစ်သောင်းကျော် သေဆုံးခဲ့ရပြီး ရောဂါ ကူးစက်နေသည့် ကြက်၊ ငုံးကောင်ရေ လေးသောင်းခန့်ကိုလည်း ရှင်းလင်း သုတ်သင်ကာ မြေမြှုပ်ပစ်ခဲ့ပြီး ဖြစ်သည်။
အချက် ၇ ချက် ပါဝင်သည့် သတိပေးချက်များတွင် ၁။ ဆောင်းခိုငှက်နှင့် အိမ်မွေး ကြက်၊ ဘဲ၊ ငုံးများ ဆက်စပ် ထိတွေ့မှု မရှိစေရေး ဂရုပြုဆောင်ရွက်ရန်၊ ၂။ ကြက်၊ ဘဲ၊ ငုံးစသည့် ကြက်ငှက်မွေးမြူ ရေးခြံများ၏ ဇီဝ လုံခြုံရေးကို အထူးဂရုပြု ဆောင်ရွက်ရန်၊ ၃။ ကြက် ငှက် မွေးမြူရေးခြံများနှင့် ကြက်ဘဲ အရှင်ဈေးတွင် ပိုးသတ် သန့်စင်ခြင်း လုပ်ငန်းကို စနစ်တကျ ဆောင်ရွက်ရန်နှင့် ခြံပတ်ဝန်းကျင် သန့်ရှင်းရေး နှင့်မွေးမြူရေးခြံသုံး ပိုးသတ် ဆေးဖျန်းခြင်း ပုံမှန်ပြုလုပ်ရန်တို့ ပါဝင်သည်။
ထို့ပြင် ကြက်ခြံအတွင်းသို့ ၀င်ပါက နှာခေါင်းစည်း၊ လက်အိတ်စသည့် အကာအကွယ်ပစ္စည်းများ စနစ်တကျ ၀တ်ဆင်ရန်၊ ကြက်ငှက်များကို ကိုင်တွယ်ပြီးတိုင်း၊ ကြက်ခြံမှ ထွက်သည့်အခါတိုင်း ဆပ်ပြာဖြင့် လက်ဆေးခြင်း၊ တစ်ကိုယ်ရေ သန့်ရှင်းရေး ပြုလုပ်ခြင်း များ ဆောင်ရွက်ရန်လည်း ထည့်သွင်း ညွှန်ကြားထားသည်။
ကြက်ငှက် အသား၊ ဥတို့ကို စားသုံးမည်ဆိုပါက သေချာစွာချက်ပြုတ်ရန်၊ ကြက်ငှက်များ ရုတ်တရက် သေဆုံးပါက နီးစပ်ရာ အုပ်ချုပ်ရေးအဖွဲ့၊ မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာန၊ မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်း အဖွဲ့ချုပ်တို့ထံ လျင်မြန်စွာ အကြောင်းကြားရန်နှင့် ရောဂါကြိုတင် ကာကွယ်ခြင်းနှင့် ရောဂါစူးစမ်း ရှာဖွေခြင်း လုပ်ငန်းများတွင် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် မွေးမြူရေး ၀န်ကြီးဌာနက လမ်းညွှန်ထားသည်။
မုံရွာ ကြက်မွေးမြူရေးဇုန်တွင် ကြက်ခြံ ၁၂၃ ခြံနှင့် ကောင်ရေ တစ်သိန်းလေးသောင်း၊ ငုံးခြံငါးခြံနှင့် ငုံးကောင်ရေ ငါးသိန်းခန့် မွေးမြူ ထားကြောင်း မွေးမြူရေးဇုန်ကိန်း ဂဏန်းများအရ သိရပြီး လက်ရှိတွင် ကြက်ငှက် တုပ်ကွေး ရောဂါကာကွယ် တားဆီးရေးအဖွဲ့ ဖွဲ့စည်းထားပြီးဖြစ်ကာ ထပ်မံကူးစက်မှု မဖြစ်ပေါ်စေရန်အတွက် လုပ်ကိုင်လျက်ရှိသည်။
အောင်ကိုဝင်း
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald
No comments:
Post a Comment