Friday, February 27, 2015

ပြည်ခိုင်ဖြိုးပါတီတွင် သမ္မတဦးသိန်းစိန် တရားဝင်ဥက္ကဋ္ဌ ဖြစ်သော်လည်း ပါတီသို့ အမိန့်တစ်စုံတစ်ရာ ပေးခဲ့ခြင်းမရှိဟု ဗဟိုအတွင်းရေးမှူးပြောကြား

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၃

သမ္မတဦးသိန်းစိန်သည် အာဏာရ ပြည်ခိုင်ဖြိုးပါတီ၏ တရားဝင် ဥက္ကဋ္ဌ တစ်ဦးအဖြစ် ရပ်တည်လျက် ရှိသော်လည်း ယခုတာဝန် ထမ်းဆောင်စဉ် သက်တမ်း အတွင်း ပါတီသို့ အမိန့်တစ်စုံ တစ်ရာ ပေးခဲ့ခြင်း မရှိကြောင်း အာဏာရပါတီ ဗဟိုအတွင်းရေးမှူးဖြစ်သူ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် က မြန်မာ သံတော်ဆင့် သို့ ပြောကြား လိုက်သည်။

““သူကဥက္ကဋ္ဌတော့ ဥက္ကဋ္ဌပဲ။ တရားဝင်ကြေညာတဲ့ ဥက္ကဋ္ဌ။ ပါတီလုပ်ငန်း မလုပ်နိုင်တာ””ဟု ဦးခင်အောင်မြင့် (အပေါ်ပုံ)က မြန်မာသံတော်ဆင့် သို့ ပြောသည်။ ဥက္ကဋ္ဌအနေဖြင့် ပါတီတာဝန်များကို
ထမ်းဆောင်ခြင်း မပြုရဟု အခြေခံဥပဒေတွင် ပါဝင်သော်လည်း ဦးသိန်းစိန်မှာ ပါတီအပေါ် အမိန့်ပေးနိုင်ကြောင်းနှင့် ယခုသမ္မတ တာဝန်ထမ်းဆောင်စဉ် သက်တမ်းအတွင်း ဦးသိန်းစိန်သည် ပါတီကို အမိန့်တစ်စုံတစ်ရာ မပေးခဲ့ကြောင်း ဦးခင်အောင်မြင့်က ဆက်လက် ပြောကြားခဲ့သည်။

ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ တာဝန်ကို ၂၀၁၀ ရွေးကောက်ပွဲ ကာလတွင် လပိုင်းမျှသာ တာဝန် ထမ်းဆောင်ခဲ့ရပြီး သမ္မတ ဖြစ်သွားသော ဦးသိန်းစိန်နေရာတွင် ပါတီဥက္ကဋ္ဌအဖြစ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း တာဝန်ယူထားပြီး ပထမဆုံးအကြိမ် ကျင်းပခဲ့သော ၂၀၁၂၊ အောက်တိုဘာလ ပထမအကြိမ် ပါတီညီလာခံ အစည်းအဝေး ကျင်းပရာသို့ သမ္မတဦးသိန်းစိန်၊ ပြည်ထောင်စုရွေးကောက် ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး၊ ဒုတိယသမ္မတများနှင့် ကြံ့ခိုင်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ပြည်ထောင်စု ၀န်ကြီးများ လာရောက် ခဲ့ခြင်းအတွက် မီဒီယာများက ဝေဖန် ရေးသားခဲ့ကြသည်။

၂၀၁၅ ရွေးကောက်ပွဲ ပြုလုပ်ရန် လပိုင်းမျှသာ လိုတော့သော အချိန်တွင် သမ္မတဦးသိန်းစိန်ပြန် လည် ရွေးကောက်ပွဲ ၀င်မည်ဆိုပါက ပါတီဥက္ကဋ္ဌ ရာထူးတာဝန်ကို အတိအကျ ထမ်းဆောင်မည့်သူနှင့် သမ္မတလောင်း နေရာတို့အတွက် ဦးသိန်းစိန်ဖြစ်စေ၊ သူရဦးရွှေမန်းဖြစ်စေ ပါတီတွင်း ပြန်လည် ရွေးချယ်ရ မည်ဖြစ်ပြီး ပါတီ ဗဟိုကော်မတီ၏ ဆုံးဖြတ်ချက်ကို နာခံရမည်ဖြစ်ကြောင်း ပါတီထိပ်တန်းခေါင်းဆောင် အချို့က အတိအလင်း ထုတ်ဖော် ပြောကြားထားသည်။

ပါတီဗဟိုအတွင်းရေးမှူးတာ ၀န်ထမ်းဆောင်နေသော အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် အနေဖြင့်လည်း ၎င်းကိုယ်တိုင် ၂၀၁၅ ရွေးကောက်ပွဲ ၀င်ရောက်မည့် ကိစ္စနှင့်စပ်လျဉ်း၍ ပါတီဆုံးဖြတ်ချက် အတိုင်းသာဖြစ်ကြောင်း ““မဆုံးဖြတ်သေးဘူး။ ဒါတွေက ပါတီက ဆုံးဖြတ်ရမယ့် ကိစ္စတွေပါ။ ၀င်ဆိုလည်း ၀င်မယ်။ မ၀င်နဲ့ဆိုလည်း မ၀င်ဘူး။ မ၀င်ရတော့ သက်သာတာပေါ့ကွာ””ဟု မြန်မာသံတော်ဆင့်သို့ ပြောကြား ခဲ့သည်။

MH-0011

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

 

No comments:

Post a Comment