ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅
အမျိုးသား ပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း ကို ဆွေးနွေးရန်အတွက် ပြည်ထောင်စု လွှတ်တော် ရုံးက ဖေဖော်ဝါရီ ၂၀ ရက်တွင် အမျိုးသားလွှတ်တော်သို့ ပေးပို့ခဲ့ပြီးနောက် ဥပဒေကြမ်းအား ကြားနာမည့် အစီအစဉ်များနှင့် လွှတ်တော် လုပ်ငန်းစဉ်များအရ ဥပဒေ ပြင်ဆင်ရေးမှာ မတ်လကုန်အထိ ကြာမြင့်နိုင်ကြောင်း ကော့ကရိတ်မြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမျိုးတင့်လွင်က ဖေဖော်ဝါရီ ၂၅ ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။
အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ကြားနာမည့် အစီအစဉ်အဖြစ် ဖေဖော်ဝါရီ ၂၅ ရက်တွင် နိုင်ငံပိုင် သတင်းစာများတွင် ထည့်သွင်း ကြေညာခဲ့ပြီး လွှတ်တော်၏ လုပ်ငန်းစဉ်များအရ အမျိုးသား ပညာရေး ဥပဒေနှင့် သက်ဆိုင်သည့် အဖွဲ့အစည်းများမှ သတ်မှတ်ထားသည့် ရက်များအလိုက် ဆွေးနွေး မှုများ ပြုလုပ်သွားမည် ဖြစ်သည့်အတွက် အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။…
““လွှတ်တော်တင်တဲ့အပိုင်းမှာ အများကြီးပဲ။ ဒီနေ့ဆိုရင် ဘုန်းကြီးတွေ ပို့လိုက်တဲ့စာတွေက အများကြီးပဲ။ အဲဒါတွေကို စိစစ်ရဦးမှာရယ်၊ တခြားပညာရှင် အသိုင်းအ၀ိုင်းက ပို့လိုက်တာတွေရယ်။ ပြင်ခြင်း မပြင်ခြင်း ကတော့ ဆွေးနွေးတဲ့အပေါ်မှာ မူတည်တာပေါ့။ ဒါကို အတည်ပြုပြီးရင် ပြည်သူကို ပြန်ပို့ရမှာပေါ့။ ပြည်သူက သဘောတူရင်တော့ ပြီးသွားမှာပေါ့။ သဘောမတူရင်တော့ ပြည်ထောင်စု ပြန်ခေါ်ပေါ့။ မတ်လကုန် သွားလိမ့်မယ်ထင်တယ်”” ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ကော့ကရိတ်မြို့နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးတင့်လွင်က မြန်မာသံတော်ဆင့်သို့ ပြောသည်။
ပညာရေး ဥပဒေမူကြမ်းကို အမျိုးသားလွှတ်တော်တွင် ကြားနာမည့် အစီအစဉ်အား မတ်လ ၅ ရက်တွင် စတင်မည်ဖြစ်ပြီး ဒီမိုကရေစီပညာရေး ဦးဆောင်လှုပ်ရှားမှု ကော်မတီနှင့် ပထမဆုံးစတင် တွေ့ ဆုံ ဆွေးနွေး မည်ဖြစ်ပြီး ၈ ရက်နှင့် ၁၃ ရက်တွင် တက်ရောက် ဆွေးနွေး လိုသော နိုင်ငံရေးပါတီ၂၀ မှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး (သို့) မူဝါဒပိုင်းဆိုင်ရာ ဆွေးနွေးနိုင်သူများနှင့် ဆွေးနွေးမည်ဖြစ်ကာ မတ်လ ၇ ရက်၌ NNER နှင့် ဆွေးနွေးမည်ဖြစ်သည်။
““အဲဒါတော့ မမှန်းတတ်သေးဘူးလေ။ အဲဒါကျတော့ ဥပဒေကြမ်းက ဒီနေ့ သတင်းစာရှင်းလင်းပွဲ လုပ်တယ် မဟုတ်လား။ သူတို့ကိုပဲ လှမ်းမေးကြည့်။ အမှန်ကတော့ ဘယ်သူတွေ ဘယ်သူတွေ ကြားနာမယ် ဆိုပြီးတော့ လုပ်နေတယ်။ ကြားနာချက်ပေါ်မှာ မူတည်ပြီးတော့ အကျေအလည် ကြားနာပြီးတော့ ညှိနှိုင်း ဆွေးနွေးကြပြီး တစ်ဖွဲ့တစ်ဖွဲ့ကို ကြားနာကြပြီး နာရီပိုင်းနဲ့၊ တစ်ရက်တည်းနဲ့ ပြီးသွားရင် မြန်တာပေါ့။ အချိန်မဆွဲဘဲ အမြန် လုပ်မယ်ဆိုတဲ့ သဘောမျိုးတော့ ပြောနေကြတာပဲ။ အသေးစိတ်တော့ မပြောနိုင်ဘူး။ ဒီဥပဒေကြမ်း ကော်မတီကပဲ လုပ်နေကြတာ။ သူတို့ကတော့ အမြန်လုပ်မယ်လို့တော့ ပြောနေတာပဲ””ဟု မကွေးမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က မြန်မာ သံတော်ဆင့်သို့ ပြောသည်။
အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် ပတ်သက်၍ အမျိုးသားလွှတ်တော်၌ စတင် ဆွေးနွေးနိုင်ရန် ပြည်ထောင်စု လွှတ်တော်က လွှဲအပ်ခဲ့ခြင်းဖြစ်ကာ ယခုကဲ့သို့ အမျိုးသားလွှတ်တော်၌ စတင် ဆွေးနွေးခွင့် ရသည့်အတွက် လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် ၀မ်းမြောက်ဝမ်းသာ ဖြစ်လျက် ရှိကြောင်း အမျိုးသားလွှတ်တော်ရုံး တာဝန်ရှိသူများထံမှ သိရသည်။
အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေးအတွက် ကနဦး သဘောတူညီချက်များတွင် ၄ ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေး ပွဲမှ ရရှိလာသော အမျိုးသားပညာရေး ဥပဒေအား ပြင်ဆင်သည့် ဥပဒေမူကြမ်းကို လွှတ်တော်က ဆွေးနွေးကြား နာခြင်း မရှိဘဲ အတည်ပြုပေးရန် ဆိုသည့်အချက် ပါဝင်ရာ ယခုကဲ့သို့ ဆွေးနွေး ကြားနာမည့် အပေါ် ဝေဖန်မှုများလည်း ရှိနေသည်။
““ဒီအချက်မှာ ကွဲလွဲနေတာ။ ကွဲလွဲလို့ ပြဿနာတက်တာ။ အဓိကကတော့ အဲဒီ ကတိက၀တ် ပြန်တည်ဖို့ လိုတယ်လို့တော့ ကောက်ချက်ချတယ်။ ၄ ပွင့်ဆိုင် သဘောတူညီမှုကို ၂ ပွင့်ဆိုင်က ချိုးဖောက်နေတယ်””ဟု ပညာရေး ပြုပြင်ပြောင်းလဲမှု နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER)အဖွဲ့ ဒေါက်တာ အာကာမိုးသူက မြန်မာ သံတော်ဆင့်သို့ ပြောသည်။
လတ်တလောတွင် အမျိုးသား ပညာရေးဥပဒေအား ပြင်ဆင်သည့် ဥပဒေကြမ်းကို လွှတ်တော်တွင် ဆွေးနွေးရန် အတွက် သပိတ်စစ်ကြောင်းများ ရပ်နားထားပြီး ဖေဖော်ဝါရီလ ၂၈ ရက်တွင် ဥပဒေအား နောက်ဆုံး အတည်ပြု ပေးရန် တောင်းဆိုထားသည်။
““သပိတ်နားပေးထားတဲ့ ရက်အတွင်းမှာ အစိုးရက တန်ပြန်သပိတ်တွေ လုပ်လာတယ်။ အစိုးရဘက်ကတော့ မရိုးသားဘူး။ လူကြီးလူကောင်း မဆန်ဘူး။ ၄ ပွင့်ဆိုင်မှာ သဘောတူပြီးသားကို အားလုံးလည်း သဘောတူတဲ့ ဥပဒေလည်း ဖြစ်သွားပြီ။ ဒါကို ကျောင်း ဆရာမတွေ၊ ကျောင်းသားတွေဆီမှာ သဘောထား ပြန်တောင်း ခံတာ နောက်ကြောင်း ပြန်လှည့်တဲ့ပုံစံမျိုး ဖြစ်နေပါတယ်။ ဒါအစိုးရက မရိုးသားတာပဲ။ ကျွန်တော်တို့ကို သေသေ သပ်သပ် လိမ်လိုက်တဲ့ သဘောပဲ””ဟု ဒီမိုကရေစီပညာရေး ဦးဆောင်လှုပ်ရှားမှု ကော်မတီမှ ကိုမင်းသွေးသစ် က မြန်မာသံတော်ဆင့်သို့ ပြောကြားသည်။
ဝိုင်းမော်
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald
No comments:
Post a Comment