Friday, February 27, 2015

သမ၀န်ကြီး ဦးကျော်ဆန်းနှင့် မဲဆန္ဒနယ်မြေတူ NLD အမတ်များနှင့် အချင်းများပြီးနောက် တရုတ်ချေးငွေ ရယူရန် လွှတ်တော် အတည်ပြု

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

သမ္မတ ဦးသိန်းစိန်က တရုတ်ပို့ကုန် China Exim Bank မှ သမ၀ါယမ ၀န်ကြီးဌာနအတွက် အမေရိ ကန် ဒေါ်လာ သန်း ၃၀၀ နောက်ထပ် ချေးယူ ရန် ပေး ပို့ချက်နှင့် ပတ်သက်၍ သမ၀ါယမ၀န်ကြီး ဦးကျော် ဆန်းနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကိုယ်စားပြု လွှတ်တော် အမတ်များ ပြည်ထောင်စု လွှတ်တော်၌ အချင်းများသည်အထိ ဆွေးနွေး ခဲ့ပြီးနောက် မဲခွဲဆုံးဖြတ်ရာ ချေးယူမည့်ဘက်မှ အနိုင်ရသွားသည့် အတွက် ပြည်ထောင်စု လွှတ်တော်က အတည်ပြုပေးလိုက်သည်။

ဖေဖော်ဝါရီလ ၂၅ ရက်က ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ တရုတ် Exim ဘဏ်မှ ကန်ဒေါ်လာ သန်း ၃၀၀ ရယူရန်သင့်၊ မသင့် မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၄၃၃ မဲ၊ ကန့်ကွက်မဲ ၅၆
မဲဖြင့် ချေးယူခွင့် ပြုခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ချေးငွေကိစ္စနှင့် လွှတ်တော်တွင်း ဆွေးနွေးမှုတွင် NLD လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ““သမ္မတကြီးရဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးကို ၁၆ ရာခိုင်နှုန်း သို့ လျှော့ချစေရေးအတွက် လည်းကောင်း၊ တောင်သူ လယ်သမားများနဲ့ ပြည်သူလူထုရဲ့ဘ၀ ဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်းကောင်း China Exim Bank ကနေပြီးတော့ ဒေါ်လာသန်း ၃၀၀ နောက်ထပ်ချေးယူပြီး ကျပ် တစ်သိန်းကနေ ငါးသိန်းအထိ ထုတ်ချေးပေးရန် ရည်ရွယ်ချက် ကောင်း ပါတယ်။ သို့သော်လည်း လယ် သမားများကို ချေးငွေ ထုတ်ချေးရုံနဲ့ သူတို့ဘ၀တွေရဲ့ အခက်အခဲတွေဟာ လုံးဝပြည့်စုံတယ် လို့ မဆိုနိုင်ပါဘူး။ ဒါ့အပြင် တကယ် လိုအပ်သူတွေရဲ့ လက်ထဲကိုရော မှန်မှန်ကန်ကန် ရောက် ရဲ့လား ဆိုတာကိုလည်း မေးစရာ ရှိပါတယ်””ဟု ဆွေးနွေးခဲ့သည်။

ထို့ပြင် ““ယခင်ချေးခဲ့တဲ့ သန်း ၁၀၀ ကို တိုင်းနဲ့ပြည်နယ် ၁၄ ခုနဲ့ နေပြည်တော် ကောင်စီကနေပြီး ၄-၇-၂၀၁၄ ရက်ကနေ တစ်ပတ်အတွင်းမှာပဲ တစ်ပြိုင်နက်တည်း ၁၀၀ ရာခိုင်နှုန်း အထိ ပြန်လည် ပေးဆပ်နိုင်ခဲ့တယ်လို့ ကျွန်မတို့ ဒီစာအုပ်ရဲ့ စာမျက်နှာ ၁၆ မှာ ဖော်ပြထားတာကို တွေ့ရပါတယ်။ ၀န်ကြီး ကိုယ်တိုင်ကလည်း အာမခံပြီးတော့ ရှင်းပြခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ အဆုံးအရှုံး အလေအလွင့်မရှိဘဲ ရာခိုင်နှုန်းပြည့် အောင်မြင်တဲ့ လုပ်ငန်းဆိုတာ ဘယ်မှာမှ မရှိနိုင်ပါဘူး။ ၀န်ကြီးရဲ့ ရှင်းလင်းချက်တွေဟာ ဖြစ်နိုင်ခြေနဲ့ အလှမ်းဝေးနေပြီး လက်တွေ့ မကျဘူးလို့ ထင်ပါတယ်””ဟုလည်း ဆက်လက် ဆွေးနွေးခဲ့သည်။

သမ၀ါယမ ၀န်ကြီးဌာနက တရုတ် Exim Bank မှ ချေးငွေရယူရန်အတွက် ယခင်ကလည်း ပြည်ထောင်စု လွှတ်တော်သို့ တင်ပြခဲ့ဖူးရာ အတိုးနှုန်း များပြားမှုကြောင့် မချေးသင့်ကြောင်း လွှတ်တော်က သတိပေးခဲ့ပြီး လည်း ဖြစ်သည်။

ထို့ပြင် NLD လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဒေါ်ခင်မွှေးလွင် ကလည်း တောင်သူများနှင့် အခြေခံ လူတန်းစား တို့၏ ဘ၀မြှင့်တင်လိုခြင်းသည် အပူအပင်ကင်းစွာဖြင့် ဘ၀ဖြတ်သန်းမှုကို ရရှိစေ လိုခြင်း ဖြစ်ေ ကြာင်း၊ ချေးငွေ ပေးခြင်းကို ထိရောက်သည့် ပညာပေးနည်းလမ်းများ အချိန်ယူ၍ ကြိုတင်စီစဉ်မှု စီမံချက်ချ၍ ကျယ်ကျယ် ပြန့်ပြန့် မဆောင်ရွက်ဘဲ ဖြတ်လမ်းနည်းဖြင့် ငွေချေးရုံ သက်သက် ဆောင်ရွက်မည်ဆိုပါက မှန်ကန်စွာ အသုံးချ တတ်သူများအတွက် အကျိုးများ နိုင်သော်လည်း အသုံးမချတတ်သူများအတွက် အန္တရာယ် ရှိနိုင်ကြောင်း ချေးငွေ ရယူရန်နှင့် ပတ်သက်၍ ၀င်ရောက် ဆွေးနွေးသည်။

ထို့ပြင် အခြားသောလွှတ်တော် ကိုယ်စားလှယ်များဖြစ်သည့် ဦးဝင်းမြင့်၊ ဦးအောင်ကျော်စိုး၊ မန်းကံညွန့် တို့ကလည်း ချေးငွေရယူခြင်းနှင့် ပါဝင် ဆွေးနွေးခဲ့သည်။

ဆွေးနွေးမှုများနှင့် ပတ်သက်၍ သမ၀ါယမ၀န်ကြီး ဦးကျော်ဆန်းက ““ကျွန်တော့်အနေနဲ့ ရန်မလိုရင် ရန်ပြို တယ်၊ ရန်လိုရင် ရန်ပိုတယ် ဆိုတာကို ကျွန်တော် နားလည်ပါတယ်။ လက်ခံထားပါတယ်။ သို့သော်လည်း ဆိုလိုရင်းရှိလို့ ကျွန်တော် ဆိုပါရစေ၊ ပြောပါရစေ။ အဲဒီတော့ ဒေါ်ခင်စန်းလှိုင်ရဲ့ ဆွေးနွေးချက်ထဲမှာ ၁၀၀ ရာခိုင်နှုန်း ပြန် လည် ပေးဆပ်တယ် ဆိုတာလည်း ဘယ်မှာမှမရှိဘူး၊ အဲဒါဟာဝန်ကြီး စိတ်ကူးယဉ်နေတာ၊ ဖြစ်နိုင်ခြေတွေ ကို ပြောနေတာ။ ကျွန်တော် တိတိကျကျ လုပ်ထားပါတယ်။ လိုက်စစ်ကြည့်ပါ။ မှားနေတယ် ဆိုရင် ကျွန်တော် တာဝန်ယူပါတယ်၊ အပြည့်အ၀ ပြန်ဆပ်ပါမယ်””ဟု ပြန်လည် ရှင်းလင်းသည်။

ထို့ပြင် ““ဒီနေရာမှာ ပြန်ပြောချင်တာက ကျွန်တော်က စိတ်ကူးမယဉ်ပါဘူး။ ကျွန်တော် လက်တွေ့သမားပါ။ စိတ်ကူးယဉ်ကြတာဟာ အထင်နဲ့ ပြောနေကြတာဟာ ဒေါ်ခင်စန်းလှိုင်နှင့် ဒေါ်ခင်မွှေးလွင်တို့ပဲ ဖြစ်မယ်လို့ ကျွန်တော်ဒီလိုလေး ပြန်ပြောပါရစေ။ ကျွန်တော်ဒေါ်လာ သန်း ၁၀၀ နဲ့ Daedong က စက်ပစ္စည်းတွေ ယူတုန်း လည်းကျွန်တော့်ကို ဘယ်လိုပြောလဲ၊ ဒါဟာ ဒေါ်ခင်စန်းလှိုင်တို့ အဖွဲ့ကပါပဲ။ ဘယ်လိုပြောလဲ။ ပြည်ထောင်စု လွှတ်တော်က ခွင့်မပြုရသေးဘူးတဲ့။ စာလည်း မချုပ်ရသေးဘူးတဲ့။ ဒါပေမဲ့ ၀န်ကြီးတို့က လယ်ယာသုံး စက် ကိရိယာတွေ ၀ယ်ထားယူထားပြီးတော့ အဲဒီပစ္စည်းတွေ လှိုင်သာယာရောက်နေပြီတဲ့ အဲဒီလို ပြောခဲ့ပါတယ်။ ဒါဟာ အထင်နဲ့ တစ်ဖက်သားကို စွပ်စွဲတာ၊ ခပ်ရိုင်းရိုင်း ပြောရရင်တော့ အောက်လမ်းနည်း လို့ ပြောရမလို ဖြစ်နေပြီ”” ဟုလည်း သမ၀ါယမ၀န်ကြီး ဦးကျော်ဆန်းက ပြည်ထောင်စုလွှတ်တော်တွင်း ဆွေးနွေးချက်၌ ထည့်သွင်း ပြော ဆိုခဲ့သည်။

ယင်းသို့ အပြန်အလှန် ဆွေးနွေးမှုများနှင့် ပတ်သက်၍ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ““ဆွေးနွေးရှင်းလင်းတဲ့ နေရာမှာ၊ မေးခွန်းများမေးမြန်းတဲ့ နေရာမှာ၊ အဆိုများ တင်သွင်းဆွေးနွေးတဲ့ နေရာ မှာ ပြည်ထောင်စု လွှတ်တော်ရဲ့ ဥပဒေ၊ နည်းဥပဒေအတိုင်း လိုက်နာဖို့ လိုတယ်လို့လည်း ထပ်လောင်း ပြောချင်ပါတယ်။ ထိုနည်းတူစွာပဲ သက်ဆိုင်ရာဝန်ကြီးဌာန၊ ဌာနအသီးသီးကနေပြီးတော့ ပြန်လည် ရှင်းလင်း တင်ပြတဲ့ အခါမှာလည်း ၀န်ကြီးဌာန၊ အစိုးရအဖွဲ့ ၀န်ကြီးဌာန၊ ပြည်ထောင်စု အဆင့်ဝင်များလည်း ဆွေးနွေး တင်ပြတဲ့နေရာမှာ လွှတ်တော်ဥက္ကဋ္ဌ၊ လွှတ်တော်နာယကကို မဏ္ဍိုင်ပြုပြီးတော့ ဆွေးနွေးစေဖို့ ဖြစ်ပါတယ်။ တိုက်ရိုက် ဆွေးနွေးတယ်ဆိုတဲ့ အခါမှာ အခုလို ပြဿနာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့်မို့လို့ ၀န်ကြီးဌာန သက်ဆိုင်တဲ့သူများ လာရောက် ဆွေးနွေးတဲ့ အခါမှာလည်း ဘယ်သူ့ကို ကြားခံပြီး ဆွေးနွေးရမယ်ဆိုတာ လည်း ပြန်လည် သတိပြုဖို့ လိုပါတယ်””ဟု သတိပေး ပြောကြားခဲ့သည်။ ထို့ပြင် ““အဲဒီလို မဟုတ်ဘဲနဲ့ လွှတ်တော်ရဲ့ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းတွေကို မကျင့်သုံးရာ ရောက်နိုင်တဲ့အတွက် ဒီဟာ ကြောင့်လည်း မလိုလားအပ်တဲ့ကိစ္စတွေ ဖြစ်နိုင်တယ်ဆိုတာလည်း သတိပြုဖို့ လိုပါတယ်””ဟု ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းကဆိုသည်။

အပြန်အလှန် ဆွေးနွေးမှုများ ပြီးနောက် တရုတ် Exim Bank မှ ထပ်မံချေးယူမည့် ကန်ဒေါ်လာ သန်း ၃၀၀ နှင့် ပတ်သက်၍ ရယူရန်သင့်၊ မသင့်ကို မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံသူ ၄၃၃ မဲ၊ ကန့်ကွက်မဲ ၅၆ မဲဖြင့် ချေးငွေ ရယူရန်အတွက် ပြည်ထောင်စု လွှတ်တော်က အတည်ပြု ပေးလိုက်သည်။

ယခင် တရုတ် Exim Bank မှ ချေးယူထားသော ဒေါ်လာသန်း ၁၀၀ အတွက် ချေးငွေစယူချင်း ၀န်ဆောင်ခ အဖြစ် ၁ ရာခိုင်နှုန်းပေးရပြီး အတိုးနှုန်းမှာ ၄ ဒသမ ၅ ရာခိုင်နှုန်းဖြစ်သည့်အတွက် ချေးယူခြင်း မပြုရန် လွှတ်တော် အမတ်များက ဝေဖန် ထောက်ပြခဲ့သော်လည်း ပြည်ထောင်စု လွှတ်တော်က အတည်ပြုပေးခဲ့ သေးသည်။

ယင်းကာလ မတိုင်ခင်ကလည်း ကမ္ဘာ့ဘဏ်မှာ ဒေါ်လာသန်း ၂၆၀ ကျော်ကို နှစ် ၄၀ အတိုးမဲ့ချေးငွေ ရယူ ခဲ့သေးပြီး ၀န်ဆောင်ခအဖြစ် တစ်နှစ်လျှင် ၀ ဒသမ ၇၅ ရာခိုင်နှုန်းသာ ပေးရသည့်အတွက် တရုတ် Exim Bank ချေးငွေအတိုးနှင့် ယှဉ်ပါက လွန်စွာများပြားလျက် ရှိသည်။

တရုတ် Exim Bank မှ ချေးငွေရယူရန်အတွက် သမ၀ါယမ ၀န်ကြီးဌာနက နှစ်ကြိမ် တောင်းဆို ခဲ့ရာတွင် နှစ်ကြိမ်စလုံးကို ပြည်ထောင်စု လွှတ်တော်က ခွင့်ပြုပေးခဲ့ပြီး ဆောက်လုပ်ရေး ၀န်ကြီးဌာနဘက်မှ ကန်ဒေါ်လာ သန်း ၃၀၀ ချေးယူရန် တင်ပြခဲ့မှု၌မူ အတိုးနှုန်း များပြားသည်ဟုဆိုကာ ချေးယူရန်ကိစ္စ ပျက်ပြယ်ခဲ့ရဖူးသည်။

ပြည်ထောင်စု လွှတ်တော်တွင် သမ၀ါယမ ချေးငွေကိစ္စနှင့် ပတ်သက်၍ ၀န်ကြီးဦးကျော်ဆန်းနှင့် အပြန်အလှန် အချေအတင် ပြောဆို ခဲ့သော ဒေါ်ခင်စန်းလှိုင်သည် ၀န်ကြီးဦးကျော်ဆန်း အရွေးခံခဲ့သော ဇာတိ စစ်ကိုင်းတိုင်း ဒေသကြီး၊ ပုလဲမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် NLD ပါတီမှ ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရခဲ့သူလည်း ဖြစ်သည်။ ဦးကျော်ဆန်း (တပ်မတော်အစိုးရနှင့် သမ္မတဦးသိန်းစိန် အစိုးရ ၂ ဆက် ပြောရေးဆိုခွင့် အာဏာပိုင်အဖွဲ့ ခေါင်းဆောင် တာဝန်ယူခဲ့ရသူ)သည် တပ်မတော် အစိုးရ လက်ထက်မှသည် ယနေ့တိုင် ချေးငွေကိစ္စများဖြင့် ပါတီစည်းရုံးရေး ဆင်းခဲ့သော နာမည်ကျော် ရန်ကုန်မြို့တော်ဝန်ဟောင်း ဦးအောင်သိန်းလင်းနှင့် လက်ရှိသမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့ အပါအ၀င် တက်ကြွလှုပ်ရှားသူ ပြည်ခိုင်ဖြိုး ထိပ်တန်း ဗဟိုကော်မတီဝင် အချို့၏ လေးစားရိုသေခြင်း ခံရသူလည်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နိုင်ငံရေးမူဝါဒ ရပ်တည်ချက်ကို အဓိက မယိုင်မလဲ အကောင်အထည် ဖော်ဆောင်ကာ အများပြည်သူတို့အပေါ် ၀ံ့ဝံ့စားစား ပြောနိုင်ဆိုနိုင်သူ တစ်ဦးအဖြစ်လည်း ဗိုလ်မှူးချုပ်ကျော်ဆန်း (ယခု ပြည်ထောင်စုဝန်ကြီး) အနေဖြင့်သမ္မတ ဦးသိန်းစိန်၏ အားကိုး ယုံကြည်မှု ရလျက်ရှိကြောင်း မီဒီယာအပေါ် နှစ်ရှည်လများ လွှမ်းမိုးခဲ့သော ပြန်ကြားရေးဝန်ကြီးမှသည် ယခုသမ၀ါယမ၀န်ကြီး တာဝန်ထမ်းဆောင်ချိန်အထိ နိုင်ငံရေးလောက၌ မှတ်ချက်ပြု ခံထားရသည်။ ချေးငွေ ကိစ္စများဖြင့် ဝေဖန် ခံရသည့် ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းနှင့် မြန်မာသံတော်ဆင့်တို့ တွေ့ဆုံခဲ့စဉ်က မအောင်မြင်သော မြန်မာနိုင်ငံ၏ သမ၀ါယမ လုပ်ငန်း နှင့် စပ်လျဉ်း၍ ““အများက စိုးရိမ်နေကြတဲ့ မအောင်မြင်တဲ့ သမ၀ါယမ စနစ်ကြီးကို ဆက်လုပ်လို့ အောင်မြင် မှာလား။ အနာဂတ်ကို အောင်အောင်မြင်မြင်နဲ့ သွားဖို့အတွက် ဟိုတုန်းက မှားယွင်းခဲ့တဲ့ အားနည်းချက် အခြေအနေတွေကို ပြန်သိနိုင်ဖို့၊ အခုနည်းလမ်းစရှာနေတယ်”” ဟု ဦးကျော်ဆန်းက ပြောကြားခဲ့သည်။

MH-0025

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

 

No comments:

Post a Comment