ရန်ကုန် (မဇ္ဈိမ) ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က NLD အဖွဲ့ဝင်များအနေဖြင့် ကိုယ်ကျိုးအတွက် မစဉ်းစားကြရန် ဒီဇင်ဘာ ၁၃ ရက်က တော်ဝင်နှင်းဆီတွင်ပြုလုပ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပထမအကြိမ် ဗဟိုကော်မတီ စတုတ္ထအကြိမ်အစည်းအဝေးတွင် သတိပေး ပြောကြားလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မတို့ရဲ့အဖွဲ့ဝင်တွေကို တစ်ခုသတိပေးချင်ပါတယ်။ ကျွန်မတို့ အဖွဲ့ချုပ် တည်ထောင်ထားတာဟာ အဖွဲ့ဝင်များအတွက် ထူထောင်ထားတာ မဟုတ်ပါဘူး။ နိုင်ငံအတွက် ထူထောင်ထားတာ ဆိုတာကို ကျွန်မတို့ သဘောပေါက်စေချင်ပါတယ်။
ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုလို့ရှိရင် အခုအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှာ ပါဝင်လှုပ်ရှားခြင်းအားဖြင့် ကိုယ့်အတွက် အခွင့်အရေးတွေ ရနိုင်တယ်ဆိုတဲ့ စိတ်ဓာတ်ရှိတဲ့ ကျွန်မတို့အဖွဲ့ဝင်တွေရဲ့စိတ်ထားပြာင်း ဖို့လိုအပ်ပါလိမ့်မယ်။” ဟုပြောသည်။
ယင်းကဲ့သို့ တွေးခေါ်မှုများသည် ပုထုဇဉ်လူသားများဖြစ်သည့်အတွက် မထူးဆန်းသည့်အတွက် အပြစ်မတင်ချင်သော်လည်း အားမပေးနိုင်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ ယင်းအပြင် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ကြီးထွားခိုင်ခန့်လာရန် နိုင်ငံရေးပါတီများအနေဖြင့် စိတ်ရင်းစေတနာ မှန်ကန်ရန် လိုအပ်သည်ဟုလည်း ၎င်းကဆိုသည်။
မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့် တည်ထောင်ထားသည့် ပြည်ထောင်စုနိုင်ငံဖြစ်သည့်အတွက် ဒီမိုကရေစီရရှိရန် လူများစု ဗမာတိုင်းရင်းသားများသာမက တိုင်းရင်းသားများကပါ တိုင်းပြည်အတွက် ကိုယ်ဘာလုပ်ပေးနိုင်သည်ကို စဉ်းစားစေချင်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်က “ကိုယ်ကဘာရနိုင်မလဲဆိုတာစဉ်းစားတာထက် ကိုယ်ကဘာပေးနိုင်လဲ စဉ်းစားခြင်းအားဖြင့် ကျွန်မတို့ ဒီမိုကရေစီကို နိုင်ငံသူနိုင်ငံသားတွေကို အပြည့်ပေးနိုင်မှာပါ။ အများစုဖြစ်တဲ့ ဗမာတိုင်းရင်းသာတွေကလည်း ဒီအတိုင်းပဲစဉ်းစားသလို လူနည်းစုတိုင်းရင်းသားတွေကလည်း ဒီတိုင်းပဲစဉ်းစားရပါမယ်။ ကိုယ်ဘာပေးနိုင်လဲဆိုတာ စဉ်းစားခြင်းအားဖြင့် ကိုယ်ရသင့်ရထိုက်တဲ့ ဟာတွေကလည်း လမ်းပွင့်သွားမှာဖြစ်ပါတယ်”ဟုပြောသည်။
ယင်းအပြင် တိုင်းပြည်တစ်ပြည်၏ စစ်မှန်သည့် ဖွံ့ဖြိုးတိုးတက်မှုသည် စစ်မှန်သည့် နိုင်ငံရေးစနစ်ကို အခြေတည်သည့်အတွက် နိုင်ငံရေးကို လျစ်လျူရှု၍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်နေခြင်းသည် မှန်ကန်မှုမရှိဟု ၎င်းက ဝေဖန်လိုက်သည်။
Credit - Mizzima News
No comments:
Post a Comment