![]() |
ဒီဇင်ဘာ ၁၃ ရက်က ပြုလုပ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပထမအကြိမ် ဗဟိုကော်မတီ စတုတ္ထ အစည်းအဝေး၌ ဒေါ်အောင်ဆန်းစုကြည် အမှာစကား ပြောကြားနေစဉ် |
ဗန်းပြဆွေးနွေးပွဲများ မလိုချင်ကြောင်းနှင့် စစ်မှန်သည့် တွေ့ဆုံဆွေးနွေးပွဲများနှင့် အမျိုးသားရင်ကြားစေ့ရေးမူများကို ဆက်လက်ကိုင်စွဲ သွားမည်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာ ၁၃ ရက်တွင် ပြုလုပ်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ပထမအကြိမ်ဗဟိုကော်မတီ စတုတ္ထအစည်းအဝေး၌ အမှာစကား ပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် တွေ့ဆုံဆွေးနွေးခြင်းဖြင့် အမျိုးသားရင်ကြားစေ့ရေးမူ လက်ကိုင်ထားကာ ၂ဝ၁၃ ခုနှစ်မှစတင်၍ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှုကို တောင်းဆိုခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မတို့ နိုင်ငံအတွက် တကယ်အရေးကြီးတဲ့ ကိစ္စတစ်ခုကို ဆွေးနွေးချင်ပါတယ်။ အဲဒီဟာကတော့ ညှိနှိုင်းဆွေးနွေးရေး ကိစ္စပါပဲ။ ၁၉၈၈ ခုနှစ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို စတင်တည်ထောင် ကတည်းကိုက မြန်မာနိုင်ငံအတွက် အရေးကြီးတာဟာ တွေ့ဆုံဆွေးနွေးရေးပဲ ဆိုပြီးတော့ ကျွန်မမူတစ်ခုအနေနဲ့ ချခဲ့ပါတယ်။ တွေ့ဆုံဆွေးနွေးခြင်းအားဖြင့် အမျိုးသားရင်ကြားစေ့ရေးကို ဖြစ်မြောက်အောင် လုပ်ဆောင်နိုင်မယ်။ အမျိုးသားရင်ကြားစေ့ရေး ရှိခြင်းအားဖြင့်သာလျှင် ကျွန်မတို့ မြန်မာနိုင်ငံဟာ ညီညွတ်တဲ့တိုးတက်တဲ့ အေးချမ်းသာယာတဲ့ နိုင်ငံဖြစ်နိုင်မယ်ဆိုတာ ကျွန်မတို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ခိုင်မာတဲ့မူ တစ်ခုဖြစ်ပါတယ်။ ဒါကြောင့်မို့လို့လည်း ၂ဝ၁၃ ခုနှစ်ကတည်းကစပြီး လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးဆိုပြီး တောင်းဆိုခဲ့ပါတယ်” ဟု ပြောကြားသည်။
လေးပွင့်ဆိုင်တွေ့ဆုံရေးကို တောင်းဆိုခဲ့ခြင်းသည် ထိရောက်မှုနှင့် ပွင့်ပွင့်လင်းလင်း ညှိနှိုင်းတိုင်ပင်နိုင်မည်ဟု ယူဆ၍ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
“လေးပွင့်ဆိုင်ဆွေးနွေးဖို့ တောင်းဆိုခဲ့လည်း ဆိုတာဟာ စတင်ဆွေးနွေးတဲ့နေရာမှာ ထိရောက်ဖို့လိုပါတယ်။ ပွင့်ပွင့်လင်းလင်းနဲ့ ညှိနှိုင်းတိုင်ပင်နိုင်ဖို့ လိုပါတယ်။ ကျွန်မတို့ နောင်မှ အကျယ်အကျယ် လုပ်သွားချင်တာဟာ အစမှာ ပွင့်ပွင့်လင်းလင်းနဲ့ ထိထိရောက်ရောက် မဆွေးနွေးနိုင်လို့ရှိရင် နောက်ဆက် ဆွေးနွေးဖို့ ထိရောက်ဖို့ မလွယ်ပါဘူး။ သိပ်ပြီးတော့ တာဝန်မဲ့သူများလို့ရှိရင် သဘောတရားတွေ သိပ်ပြီးများလို့ရှိရင် ကွဲလွဲမှုတွေ သိပ်ပြီးတော့ များလို့ရှိရင် စပြီးနားလည်မှု ယူဖို့ဆိုဟာ ခက်ခဲတတ်ပါတယ်။ ဒါကြောင့် ကျွန်မတို့က လက်တွေ့ကျကျကြည့်ပြီး တောင်းဆိုတာဖြစ်ပါတယ်။ ကန့်သတ်ချင် လို့မဟုတ်ပါဘူး။ အများပါဝင်တာကို မလိုလားလို့ မဟုတ်ပါဘူး။ လက်တွေ့ကျကျထိရောက်တဲ့ ဆွေးနွေးပွဲတွေဖြစ်စေချင်လို့ လေးပွင့်ဆိုင်ဆိုပြီး တောင်းဆိုတာဖြစ်ပါတယ်။ လွှတ်တော်အတွင်းကနေ ခြောက်ပွင့်ဆိုင်ဆိုတဲ့ သဘောကို အခြေပြုပြီးတော့ အားလုံးက အတည်ပြုခဲ့တဲ့ ကိစ္စကိုလည်း ကျွန်မတို့ ထောက်ခံပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သဘောထားအရ မကွာပါဘူး။ ကျွန်မတို့ လေးပွင့်ဆိုင်တောင်းဆိုတဲ့ သဘောထားနဲ့ လွှတ်တော်အတွင်းမှာ ခြောက်ပွင့်ဆိုင်တောင်းဆိုတဲ့ သဘောထားတူညီမှု ရှိတယ်လို့ မြင်ပါတယ်။ ဒါကို လက်ခံနိုင်ပါတယ်။ ဒါပေမဲ့ ဒီလိုထိရောက်မယ့် ဆွေးနွေးပွဲတွေမဖြစ်အောင်လို့ အမျိုးမျိုးလမ်းလွှဲဖို့ လုပ်တဲ့ ခြေလှမ်းတွေကိုလည်း ကျွန်မတို့ အနေနဲ့ လုံးဝအားမပေးပါဘူး။ မထောက်ခံပါဘူး။ တကယ်အရေးကြီးတာဟာ စစ်မှန်တဲ့ ဆွေးနွေးပွဲများပါ။ ကျွန်မတို့ဟာ ဗန်းပြဆွေးနွေးပွဲများကို လိုချင်တာ မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်မတို့ ဒီမိုကရေစီ အဖွဲ့ချုပ်က ၁၉၈၈ ခုနှစ်ကတည်းက ကျွန်မတို့ချမှတ်ခဲ့တဲ့ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးပွဲများနဲ့ အမျိုးသား ရင်ကြားစေ့ရေးမူများကို ဆက်လက်ကိုင်စွဲသွားမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
လက်ရှိအချိန်တွင် ဒေါ်အောင်ဆန်းစုကြည် ထောက်ခံထားသည့် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုထားသော ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတမှ လွှတ်တော်သို့ အကြောင်းပြန်ကြားခြင်း မရှိသေးပေ။

No comments:
Post a Comment