Monday, December 15, 2014

ထိရောက်သည့် ပြုပြင်ပြောင်းလဲရေး အရှိန်မြှင့်လုပ်ဖို့လို (အယ်ဒီတာ့အာဘော်)

ဦးသိန်းစိန် အစိုးရ၏ သက်တမ်းဖြစ်သည့် လပေါင်း ၆၀၊ တစ်နည်းအားဖြင့် ငါးနှစ်သက်တမ်းသည် ယခုအခါ ထက်ဝက်ကျော်လွန်ကာ တစ်နှစ်ကျော်သာ သက်တမ်းကျန်ရှိတော့ပေသည်။ ဦးသိန်းစိန်အစိုးရ တာဝန်ယူခါစ ၂၀၁၁၊ ၂၀၁၂ ခုနှစ်များတွင် လုပ်ဆောင်ခဲ့သည့် အသွင်ကူးပြောင်းရေး အရှိန်အဟုန်နှင့် ၂၀၁၃ အကုန် ၂၀၁၄ ခုနှစ် အတွင်း အရှိန်အဟုန် သိသိသာသာကွာခြားသွားသည်။

အစောပိုင်းကာလတွင် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးခြင်း၊ အစိုးရနှင့် နိုင်ငံရေးအမြင်မတူသည့် ပြည်ပရောက် မြန်မာနိုင်ငံသား

များအား ဖိတ်ခေါ်ကာ ပြည်ဝင်ခွင့်ပေးခြင်း၊ ဆယ်စုနှစ်နှင့်ချီ ဖမ်းဆီးထားခဲ့သည့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်း၊ အတိုက်အခံပါတီ ဖြစ်သည့် အန်အယ်ဒီပါတီ ရွေးကောက်ပွဲဝင်နိုင်အောင် ကန့်သတ်ချက် အချို့ကိုပြင်ဆင်ပေးပြီး ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပခဲ့ခြင်း၊ မီဒီယာအပေါ် ကန့်သတ်ထားမှုများကို ဖြေလျှော့ပေးခဲ့ခြင်း၊ ငြိမ်းချမ်းစွာ စုဝေးခွင့် စီတန်းလှည့်လည်ခွင့်ဥပဒေများ ပြဋ္ဌာန်းခဲ့ခြင်း၊ အလုပ်သမား အခွင့်အရေးဆိုင်ရာ ဥပေဒသစ်များပြဋ္ဌာန်းခဲ့ခြင်း၊ စီးပွားရေးကဏ္ဍတွင် နှုန်းအမျိုးမျိုး ဖြစ်နေခဲ့သည့် နိုင်ငံခြားငွေလဲနှုန်းကို တစ်မျိုးထည်းဖြစ်အောင် ဥပဒေများ ဖြေလျှော့လိုက်ခြင်း၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အတော်များများနှင့် အပစ်ရပ်ရေး လက်မှတ်ထိုးနိုင်ရန် ကြိုးပမ်းခြင်းစသည်တို့သည် ပြည်တွင်းနှင့် နိုင်ငံတကာ၏ ယုံကြည် အသိအမှတ်ပြုမှု ရစေခဲ့သည်။

ယင်း ပြောင်းလဲမှုများမှ နိုင်ငံအတွက် အထိုကအလျောက် အကျိုးရလဒ်များ ရရှိခဲ့သည်ကို အသိအမှတ်ပြုပါသည်။ သို့ရာတွင် မြန်မာနိုင်ငံ အဖို့ ဖြေရှင်းစရာ ပြဿနာရပ်များစွာ ကျန်ရှိသေးသည်ကိုလည်း မမေ့သင့်ပေ။ ယင်းပြုပြင်ပြောင်းလဲ မှုဖြစ်ပေါ်လာစေဖို့ ပြင်ဆင်မှု အဆင့်များ၏ နောက်တွင် အကျိုးရလဒ်ခံစားရအောင် ပြောင်းလဲမှုကို လက်တွေ့ဖော်ဆောင်ရာတွင် အတားအဆီးများ စိန်ခေါ်မှုများ ကြုံတွေ့လာရပြီ ဖြစ်သည်။ ဥပမာအားဖြင့် အတိုက်အခံပါတီ လွှတ်တော်တွင်း ရောက်ရှိလာသော်လည်း အခြေခံ ဥပဒေ ပြင်ဆင်ရေးလို လက်တွေ့ လုပ်ဆောင်ရမည့် ကိစ္စရပ်များတွင် နှေးကွေးတုံ့ဆိုင်းနေပေသည်။ အပစ်ရပ်ရေးဆွေးနွေးပွဲများ လုပ်ဆောင်နေသော်လည်း ဟိုနားသည်နားတွင် တိုက်ပွဲငယ်များ မကြာခဏဖြစ်ပွားကာ အပစ်ရပ်ရေးကို နှောင့်နှေးစေသည့် အဖြစ်နှင့် ကြုံတွေ့နေရသည်။

လူမှုအခွင့်အရေးဆိုင်ရာအာမခံမည့် ဥပဒေများကို ပြုစုပြဋ္ဌာန်းခဲ့သော်လည်း အချို့သောဥပဒေများကို ကျင့်သုံးရာတွင် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး ဆိုင်ရာကဏ္ဍ၏ အားနည်းချက်များက နိုင်ငံသားများ အခွင့်အရေးပြည့်ဝစွာ မခံစားနိုင်အောင် တားဆီးနေသကဲ့သို့ ရှိသည့်ဖြစ်ရပ်များ ဖြစ်ပွားနေသည်။

ငြိမ်းစုစီ ဥပဒေပြဋ္ဌာန်းပြီးသော်လည်း နည်းဥပဒေအရ မြို့နယ်အုပ်ချုပ်ရေး အာဏာပိုင်က နေရာသတ်မှတ် ပိုင်ခွင့်ကို ထိန်းချုပ်ထားပြီး ၎င်းတို့နှင့် မနှစ်သက်သည့် စုဝေးစီတန်းမှုများကို လုပ်ပိုင်ခွင့်ဘောင်အတွင်းမှ အပြစ်ပေးနိုင်သေးသည်။

စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ဖို့ ဥပဒေ နည်းဥပဒေအချို့ကို ဖြေလျှော့လိုက်သော်လည်း ယခုထက်ပို၍ လွတ်လပ်သည့် ပြိုင်ဆိုင်မှု ရရှိလာဖို့ အနေအထားထိ မရောက်နိုင်ဘဲ ယခင်အစိုးရ၊ ယခုအစိုးရနှင့် နီးစပ်သူ လုပ်ငန်းရှင်ကြီးများက ကိုယ်ကျိုးစီးပွား ကာကွယ်ပေးမှုများ ကျန်ရှိနေသေးခြင်းတို့က ပြုပြင်ပြောင်းလဲမှု၏ ရလဒ်ကို သိသိသာသာ မခံစားရသေးသည်ကိုတွေ့နေရသည်။
နေ့စဉ် လယ်ယာမြေနှင့် သက်ဆိုင်သည့် ပြဿနာများ၊ အလုပ်သမားအခွင့် အရေးနှင့် ပြဿနာများ ဖြေရှင်းမှု အားနည်းနေသေးသဖြင့် အောက်ခြေ လူထုမှာ ပြုပြင်ပြောင်းလဲရေး၏ အရှိန်အဟုန်နှင့် စေတနာပါမှုကို သံသယဝင်လာနေကြသည်။ အလားတူပင် မီဒီယာ ပြုပြင်ပြောင်းလဲမှု များနှင့် ပတ်သက်၍ ၂၀၁၂ ခုနှစ်ဝန်းကျင်က အတော်လေး အရှိန်ရခဲ့ရာမှ ၂၀၁၃ ခုနှစ်အကုန်ပိုင်းမှစ၍ သတင်းထောက် အချို့အဖမ်းခံရ ထောင်ဒဏ်အပြစ်ပေးခံရသည့် ဖြစ်ရပ်များက သတင်းမီဒီယာနယ်ပယ်၏ လွတ်လပ်မှုများကို ထိန်းချုပ်လိုသည့် သဘောလားဟု သံသယဝင်စရာ ဖြစ်လာစေပေသည်။

အထက်တွင် ထောက်ပြခဲ့သည့် အဖြစ်အပျက်များကို ဖြစ်ပေါ်စေသည့် အကြောင်းရင်းက မည်သည့်အရာပေနည်း။ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ မိန့်ခွန်းထဲတွင် တစ်ခါတစ်ရံ ဖော်ပြခဲ့သလို ပြုပြင်ပြောင်းလဲရေးကို နောက်ပြန်ဆွဲလိုသူများကြောင့်လား၊ သို့မဟုတ် ဦးသိန်းစိန် အစိုးရအဖွဲ့ ကိုယ်တိုင်က ပြုပြင်ပြောင်းလဲမှု မြန်မြန်ဆန်ဆန် မလုပ်ဆောင်လိုသည့် သဘောလားဆိုသည်မှာ လတ်တလော မေးခွန်း ထုတ်စရာ ဖြစ်လာနေပေသည်။

မည်သည့်အကြောင်းကြောင့်ဖြစ်စေ ဦးသိန်းစိန် အစိုးရသည် ကနဦး ကာလများက ရရှိထားသည့် အပေါင်းလက္ခဏာ ရမှတ်များ ပြန်လည် မဆုံးရှုံးသွားရအောင် ကျန်ရှိသည့် သက်တမ်းတွင် ပြည်သူအများ၏ အားမလို အားမရဖြစ်မှုများ အမြန်ဆုံးချုပ်ငြိမ်းသွားဖို့ရာအတွက် အရှိန်အဟုန်တိုးမြှင့် လုပ်ဆောင်ဖို့လိုပြီ ဖြစ်သည်ကို မဇ္ဈိမက ထောက်ပြရေးသားလိုခြင်း ဖြစ်သည်။


Credit - Mizzima News

No comments:

Post a Comment