Sunday, December 21, 2014

၂၀၁၆ အာဆီယံ ချန်ပီယံရှစ် (ဆူဇူကီးဖလား) ပြိုင်ပွဲအား မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် ကျင်းပသွားမည်

 အာဆီယံ ဘောလုံး အဖွဲ့ချုပ် (AFF)၏ ၁၃ ကြိမ်မြောက် အမှုဆောင် အစည်းအဝေး AFF Council Meeting ကို ယနေ့မနက်ပိုင်းက မလေးရှား နိုင်ငံတွင် ကျင်းပခဲ့ရာ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် (MFF) ဥက္ကဋ္ဌ ဦးဇော်ဇော် တက်ရောက်ခဲ့ပြီး လာမည့် ၂၀၁၆ အာဆီယံ ချန်ပီယံရှစ် (ဆူဇူကီးဖလား) ပြိုင်ပွဲအား အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ လည်းကောင်း၊ အာဆီယံ ဘောလုံးလောက စနစ်တကျ ရှိရေးနှင့် ဖွံဖြိုးတိုးတက်ရေး အတွက် Marketing နှင့် ဘဏ္ဍာရေး ဆိုင်ရာ ကိစ္စရပ်များ နှင့်စပ်လျဉ်း၍ လည်းကောင်း အကြံပြု ဆွေးနွေးခဲ့သည်။

အစည်းအဝေး ဆုံးဖြတ်ချက်များ အရ အာဆီယံ ဘောလုံး အဖွဲ့ချုပ် ကောင်စီ အစည်းအဝေး (Asean Football Federation - AFF Council Meeting) ကို လာမည့် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်၊ ရန်ကုန်မြို့တွင် အိမ်ရှင် မြန်မာ နိုင်ငံက ဦးဆောင်ကျင်းပ သွားရန် အတည်ပြုခဲ့ပြီး မြန်မာနိုင်ငံ အနေဖြင့်လည်း အိမ်ရှင်ပီသစွာ အကောင်းဆုံး လက်ခံကျင်းပ ပေးသွားမည်ဟု MFF ဥက္ကဋ္ဌက AFF အမှုဆောင် အဖွဲ့ဝင်များအား ဖွင့်ဟပြောကြား ခဲ့သည်။

အစည်းအဝေးတွင် ၂၀၁၆ ခုနှစ် အာဆီယံ ချန်ပီယံရှစ် ( AFF SUZUKI Cup 2016) ပြိုင်ပွဲအား မြန်မာနိုင်ငံမှ အိမ်ရှင် အဖြစ် လက်ခံကျင်းပ သွားရန် အတည်ပြုဆုံးဖြတ် ခဲ့ကြပြီး ပြိုင်ပွဲကျင်းပမည့် အစီအစဉ် များအားထည့်သွင်း ဆွေးနွေးခဲ့ ကြသည်။ အာဆီယံ ချန်ပီယံရှစ် ပြိုင်ပွဲကျင်းပရေး ပုံစံသစ်အရ အသင်း (၇)သင်းသည် နောက်ဆုံးအဆင့် အုပ်စုပွဲစဉ်များ တက်ရောက်ကစားခွင့် ရရှိမည်ဖြစ်ပြီး ခြေစစ်ပွဲအောင် အသင်း(၁)သင်းနှင့် ဆိုပါက စုစုပေါင်း အသင်း(၈)သင်း ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။

၂၀၁၆ ဆူဇူကီး ဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲများကို ကမ္ဘောဒီးယား နိုင်ငံတွင်ကျင်းပ သွားမည်ဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၄ ဆူဇူကီးဖလား ရပ်တည်မှု အောက်ဆုံး(၄) သင်းဖြစ်သည့် ကမ္ဘောဒီးယား၊ ဘရူနိုင်း၊ တီမောနှင့် လာအို အသင်းများ ခြေစစ်ပွဲယှဉ်ပြိုင် ကစားရမည် ဖြစ်ကာ အသင်း(၁)သင်းသာ ခြေစစ်ပွဲ အောင်မည်ဖြစ်သည်။ မြန်မာ့ လက်ရွေးစင် အသင်းအနေဖြင့် ပြီးခဲ့သည့် ပြိုင်ပွဲတွင် အဆင့်(၇) နေရာ ရရှိခဲ့ပြီး ၂၀၁၆ ဆူဇူကီး ဖလား (မြန်မာ)တွင် ခြေစစ်ပွဲ ကစားရန် မလိုဘဲ နောက်ဆုံးအဆင့် အုပ်စုပွဲစဉ်များ တိုက်ရိုက်ယှဉ်ပြိုင် ကစားခွင့်ရမည် ဖြစ်သည်။

Credit - Yangon Media Group

 

 
 

No comments:

Post a Comment