Sunday, December 21, 2014

လာခဲ့ရာလမ်းနှင့် လားရမည့်လမ်း

 

 သည်ရက်ထဲမှာ ငယ်စဉ်တုန်းက အကြောင်းလေးတွေ တချို့ကို ထူးထူးခြားခြား သတိရနေမိသည်။ ထူးထူးခြားခြားဟု ဆိုရသော်လည်း အကြောင်းတိုက်ဆိုင်မှုတစ်ခုက စေ့ဆော်လာသောကြောင့်ဖြစ်၏။
ထိုစေ့ဆော်လာသည့် အကြောင်းတိုက်ဆိုင်မှုကို အရင်မပြောသေးဘဲ ကိုယ်ငယ်စဉ်ကကြုံခဲ့ဖူးသည့် မှတ်မှတ်ရရအကြောင်းလေးတွေကိုသာ အရင်ပြောပြချင်နေမိသည်။

ပထမဆုံးအဖြစ်အပျက်က ကိုယ်တို့ အသက်(၇)နှစ်သား ပထမတန်းကျောင်းသားအရွယ်က ကိုယ်တိုင်လိုက်ပါကာ ကြွေးကြော်သံတွေကို အသံပြာအောင် အော်ဟစ်ကြွေးကြော်ခဲ့ဖူးသည့် ကျောင်းသားဆန္ဒပြပွဲတစ်ခုအကြောင်းဖြစ်သည်။

‘‘အာဏာပြပြီး မစော်ကားနဲ့၊ တို့ကျောင်းသားက လက်မခံဘူးဟေ့ လက်မခံဘူး.. ။ အာဏာပြတဲ့ ပုလိပ်အိုင်ပီအလိုမရှိ၊ အလို မရှိ.. ’’

အထက်တန်းကျောင်းသားကြီးတွေရှေ့မှ တိုင်ပေးသည်ကို ကိုယ်တို့ပေါက်စနတွေက လိုက်အော်ကြခြင်းဖြစ်သည်။ အတန်းကြီးတွေက တိုင်ပေးသည့်အတိုင်း လိုက်အော်ကြရခြင်း ဖြစ်သော်လည်း နှုတ်ခမ်းဖျားမှအော်ခြင်း မည်ကာမတ္တအော်သည်မဟုတ်။ ရင်ထဲ၊ အသည်းထဲမှ လှိုက်လှိုက်လှဲလှဲအော်ခြင်းဖြစ်၏။ ဒေါသစိတ်၊ မခံချင်စိတ်၊ ခံပြင်းစိတ်တို့မှ ပြင်းပြင်းထန်ထန် ပေါက်ပွားလာသော တကယ့်ရင်တွင်းဖြစ်အသံဖြစ်၏။

ထို့ကြောင့်လည်း သူငယ်တန်းမှ တက္ကသိုလ်ဝင်တန်းအထိ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၄၀၀ နီးပါး၏ အသံတွေက ကိုယ်တို့မွေးဇာတိ သဲကုန်းမြို့ကျဉ်းကျဉ်းလေးကို သွက်သွက်ခါအောင် ဆွဲလှုပ်နေတော့သည်။

ကျောင်းသားလူငယ်တွေ၏ အသံကြောင့် အိမ်ပေါက်စေ့မှ ထွက်ကြည့်နေကြသည့် တစ်မြို့လုံးမှ ကျောင်းသားမိဘတွေ၊ ပြည်သူတွေလည်း ကျောင်းသားတွေ၏ ရင်တွင်းလှုံ့ဆော်ကြွေးကြော်မှုအသံများ၏ သိမ့်သိမ့်တုန်ခြင်းအောက်တွင် စီးဝင်မျောပါလျက် ဂါတ်တဲဝင်းထဲမှ အိုင်ပီ (ရဲမြို့နယ်မှူး)ကိုရော အိုင်ပီ၏ဇနီးကိုပါ အော့နှလုံးနာနေကြတော့သည်။

ဖြစ်ရသည့်အကြောင်းက ကိုယ်တို့ကျောင်းမှ ဒုတိယတန်းအတန်းပိုင်ဆရာမတစ်ဦးကို အိုင်ပီကတော်က ကိုယ်ထိလက်ရောက်စော်ကားသောကြောင့်ဖြစ်၏။

ဆရာမက ကိုယ်တို့အတန်းငယ်များကသာမက အထက်တန်းကျောင်းသားကြီးတွေကပင် ချစ်ကြောက်ရိုသေလေးစားရသော ဆရာမဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ထိုအထက်တန်းကျောင်းသားကြီးတွေကိုလည်း ထိုဆရာမကပင် ကံ့ကူလက်လှည့်သင်ကြားပေးခဲ့သော ဆရာရင်းဖြစ်သောကြောင့်ဖြစ်၏။

 ဆရာမက တပည့်တွေအပေါ် တတ်မြောက်စေလိုသည့် စေတနာ၊ မေတ္တာကြီးမားသလောက် စာမရလျှင်တော့လည်း ဆရာမလက်ထဲက ထားဝယ်ကြိမ်လုံးသေးသေးလေးက အငြိမ်မနေတတ်။ ထို့ကြောင့် ကျောင်းသားတိုင်းက ဆရာမကို ချစ်လည်းချစ်၊ ကြောက်လည်းကြောက်ကြသည်။

ဆရာမအမည်က ဒေါ်သန်းကြည်။ သို့သော် ကျောင်းသား၊ ကျောင်းသူ တပည့်မှန်သမျှက ‘‘မေမေကြည်’’ဟု မိခင်တစ်ယောက်လို အချစ်တမြတ်နှင့်ခေါ်ကြသည်။

 ထို မေမေကြည်ကို အိုင်ပီကတော်က သူ့သား ဒုတိယတန်းကျောင်းသားကို ကြိမ်ဖြင့်ရိုက်ရကောင်းလား ဒေါသဖြင့် ကျောင်းခန်းထဲထိဝင်ကာ မေမေကြည့်ပါးကို ရိုက်ခဲ့သည့်ပြဿနာဖြစ်သည်။

သည်လက်ရောက်မှုမျိုးက ဘယ်သူတရားလွန်သည်လဲ ခုံရုံးတင်ရန်လိုနေသေးသည့် ကိစ္စမဟုတ်တော့.. ။

တစ်ကျောင်းလုံးမှာရှိသည့် ကျောင်းသားအကုန်ပေါက်ကွဲကြတော့သည်။ မေမေကြည့်ကို မချစ်သူ တစ်ကျောင်းလုံးမှာ တစ်ယောက်မျှမရှိ။ သည်တော့ ဂါတ်တဲ (ရဲစခန်း)ကိုဝိုင်းပြီး ဆန္ဒပြကြသူတွေထဲမှာ ကကြီးခခွေးတန်းမှ စကားမပီကလာတွေကစ တက္ကသိုလ်ဝင်တန်းကျောင်းသားကြီးတွေထိ တစ်ယောက်မကျန်ပါတော့သည်။

သည်အဖြစ်ကြောင့် တစ်ကျောင်းလုံးမှ ကျောင်းသား၊ ကျောင်းသူတွေ ကျောင်းပြင်ထွက်လာခဲ့ကြပြီဆိုသည့်အခါ ကျောင်းသားမိဘတွေ၏ အမြင်၌လည်း ‘‘ရိုင်းလိုက်တဲ့ အိုင်ပီကတော်နှယ်..’’ ဟုသာ ရှိလေတော့၏။ စိန်နားတောင်းအရောင်ဟပ်ကာ အာဏာအလွဲသုံးသည့် အိုင်ပီကတော်နှင့် ထိုရိုင်းပျမှုကို သွန်သင်ဆုံးမရကောင်းမှန်းမသိသည့် အိုင်ပီကို တစ်မြို့လုံးက အော့နှလုံးရွံရှာမုန်းတီးကုန်ကြသည်။

ပတ်ဝန်းကျင်တစ်မြို့လုံး၏ အကြည့်စိမ်းများဒဏ်ကို မခံနိုင်တော့သည့် နောက်ဆုံးတွင်မှ လက်ရောက်ကျူးလွန်သူ အိုင်ပီကတော်ရော အိုင်ပီပါ ကျောင်းအုပ်ဆရာကြီးရှေ့မှောက်တွင် ကျောင်းသားကြီးများကို သက်သေပြုလျက် ဆရာမဒေါ်သန်းကြည်ကို ဝန်ချတောင်းပန်လိုက်ရသည်။

ထိုသို့ အပြစ်ကို ဝန်ချတောင်းပန်သည်ဆိုတော့လည်း ဆရာမဒေါ်သန်းကြည်ကသာမက ကျောင်းသားများရော အရပ်ထဲကပါ အိုင်ပီလင်မယားအပေါ် ကျေအေးခွင့်လွှတ်နိုင်ခဲ့ကြလေသည်။

 သည်အဖြစ်က ကြာခဲ့ပြီ။ ကိုယ် ပထမတန်းကျောင်းသားအရွယ်ကဆိုတော့ နှစ်ပေါင်း ၆၀ နီးပါး။ မမေ့တဲ့နိုင်သေး။ အသည်းစွဲခဲ့သည်မို့ အကြောင်းဆုံတော့ သည်အကြောင်းက ခေါင်းထဲအလိုလိုပြန်ရောက်သည်။

ဆက်နွှယ်နေသည့် နောက်တစ်ကြောင်းလည်း ရှိသေးသည်။  ကိုယ်(၁၁)နှစ်သား စတုတ္ထတန်းကျောင်းသားအရွယ်လောက်က ဖြစ်၏။

 အဲ့သည် အကြောင်းသည်လည်း မေ့ပစ်နိုင်စရာမရှိသည့် အကြောင်းဖြစ်လေသည်။

အဲ့သည်နေ့က ကိုယ်တို့မွေးဇာတိ သဲကုန်းမြို့တစ်မြို့လုံးဟာ သတိလက်လွတ်ဖြစ်နေသည့် ခန္ဓာကိုယ်တစ်ခုလို တုတ်တုတ်မျှ မလှုပ်နိုင်ဘဲ ကြောက်စရာကောင်းလောက်အောင်ထိ တိတ်ဆိတ်ငြိမ်သက်နေသည်။ လေတိုးသံသစ်ရွက်ကြွေသံကပင် ခြောက်ချားစရာလိုဖြစ်နေ၏။ မြို့နယ်ရုံးစိုက်ရာမြို့တစ်မြို့ဖြစ်လင့်ကစား အဲ့သည်နေ့က လူသူကင်းမဲ့သည့် တစပြင်တစ်ခုနှယ်ပင်ထင်ရသည်။ လူသွားလူလာတွေလည်းနည်းပါးလျက်.. ။ သွားသူလာသူတွေကလည်း နှုတ်ဆိတ်လျက်.. ။  အချင်းချင်း စကားပြောကြသည်ကပင် တီးတိုးလေသံဖြင့်.. ။

 မြို့သူ၊ မြို့သားအားလုံး၏ မျက်နှာများပေါ်တွင် ကိုယ်ချင်းစာစိတ်၊ စာနာစိတ်များနှင့်အတူ ကာယကံရှင်များနှင့်ထပ်တူ ဝမ်းနည်းကြေကွဲမှုအရိပ်များကို မြင်တွေ့နေရသည်။

အဲ့သည်နေ့သည် တောခိုရဲဘော်ဖြူတို့နှင့်ဖြစ်သော တိုက်ပွဲ၌ ကျဆုံးလာခဲ့ကြသည့် သဲကုန်းဂါတ် (ရဲစခန်း)မှ အိုင်ပီအပါအဝင် ရဲတပ်သားခုနစ်ဦးကို သင်္ဂြိုဟ်မည့်နေ့ဖြစ်လေသည်။

တိုက်ပွဲက မြို့အရှေ့ ၅ မိုင်သာသာမျှဝေးသော တောအစ အင်းပက်လက်ဆိုသောနေရာမှာ ဖြစ်ခဲ့ခြင်းဖြစ်၏။ အဲ့သည်အနားမှာ မြစ်ပေါက်ချောင်းကြီးတိုက်စားသဖြင့် မြေနီကမ်းပါးကြီးပေါ်နေသောကြောင့် ကမ်းနီဟုလည်းခေါ်ကြသည်။ ယခုတော့ အဲ့သည်ကမ်းနီက သွေးစွန်းကာ ပို၍ပင်နီခဲ့ပြီ။ သဲကုန်းဂါတ်မှ အိုင်ပီကြီးနှင့် ရဲခြောက်ဦး အဲ့သည်နေရာမှာ ကျဆုံးလာခဲ့ကြသည်။

သည်နေ့ သူတို့အားလုံးကို တစ်ပြိုင်တည်း သင်္ဂြိုဟ်မည်မို့ ရဲစခန်းရှေ့ကွက်လပ်မှာ ကနားဖျင်းကြီးထိုးပြီး အလောင်းတွေပြင်ထားခဲ့တာ ကိုယ့်မျက်လုံးထဲ ယခုတိုင်စွဲနေသည်။ ကိုယ့်တို့ကျောင်းမှ ကင်းထောက်အဖွဲ့ကလည်း ထိုခုနစ်ဦး၏ ဈာပနကို လိုက်ပို့ကြမည်ဖြစ်သောကြောင့် ကင်းထောက်အငယ်တန်း ဝံပုလွေအဖွဲ့ဝင်ဖြစ်သည့် ကိုယ်သည်လည်း ဝံပုလွေဝတ်စုံဖြင့် ထိုဈာပနပို့သူတွေထဲ တစ်ယောက်အပါအဝင်ဖြစ်နေခဲ့ သည်။

 အဲ့သည် ခုနစ်လောင်းပြိုင် ဈာပနအခမ်းအနားထဲတွင် မျက်လုံးထဲစွဲအနေဆုံးမှာ တိုက်ပွဲထဲတွင် မကျဆုံး၊ ဒဏ်ရာမရဘဲ အသက်ရှင်ကျန်နေခဲ့သည့် ထောင်ထောင်မောင်းမောင်း အသားညိုညိုနှင့် ရဲတပ်ကြပ်ကြီးပင် ဖြစ်သည်။ သူ့အမည်ကို အခုပြန်တွေးတော့ အစဖော်မရတော့ပေမင့် သူ၏ညိုမောင်းမောင်းပါးပြင်ပေါ်မှာ အဆက်မပြတ်စီးကျနေသည့် မျက်ရည်တွေကိုမူ မြင်ယောင်နေမိဆဲရှိသည်။ သူ့မျက်ရည်တွေကိုကြည့်ပြီး ကိုယ်အပါအဝင် ကင်းထောက်အဖွဲ့ဝင် ကျောင်းသားတွေအားလုံးလည်း မျက်ရည်ဝိုင်းနေခဲ့ကြတာ မှတ်မှတ်ထင်ထင်ရှိနေမိဆဲဖြစ်သည်။

ခုပြန်တွေးတော့ အဲ့သည်အဖြစ်အပျက်ထဲမှာ နောက်တစ်ခု သတိရနေသည်က ထိုစဉ်က ကျဆုံးသွားခဲ့သော အိုင်ပီကြီးမှာ ကိုယ်တို့ဆရာမ မေမေကြည်ကို ပါးရိုက်ခဲ့သည့် အမျိုးသမီး၏ ခင်ပွန်းမဟုတ်သော အခြားအိုင်ပီတစ်ယောက်ဖြစ်လျက် ရဲနှင့် ငါတို့ ကျောင်းသားတွေဆိုတာ ရန်သူတွေမဟုတ်ခဲ့ကြပါလားဆိုသော အတွေးတစ်စပင်ဖြစ်လေသည်။

ဟုတ်သည်။ အိုင်ပီ၏မိန်းမက ဆရာမပါးကို ရိုက်ခဲ့စဉ်က ရဲတွေအပေါ် မုန်းခဲ့သည်။ အမုန်းသည် ခုတော့ ဘယ်ရောက်ကုန်ပြီမသိ။ သူတို့ခုနစ်ဦးကျဆုံးခဲ့ရခြင်းအပေါ်၌သာ စိတ်မကောင်းခြင်းကြီးစွာ ဖြစ်နေမိကြသည်။ စာနာသနားနေမိခဲ့ကြသည်။

ထို့ပြင်လည်း အဲ့သည်တုန်းက ရဲဘော်ဖြူထဲမှာ ကိုယ်တို့ သဲကုန်းသားတွေ အများစုပါသည်။ ရဲဘော်ဖြူ ဗိုလ်မှူးကွန်းဇော်ဆိုတာ သဲကုန်းသားအစစ်ဖြစ်သည်။ ဗိုလ်ကွန်းဇော်က ကွန်မြူနစ်အနီတွေ လုပ်ကြံသတ်ဖြတ်လို့ အစောကတည်းကပင် ပဲခူးရိုးမခြေရင်း ရွာတစ်ရွာမှာ ကျဆုံးနှင့်ခဲ့ပြီ။

ဒါပေသိ သဲကုန်းသားတွေက ဘယ်သူ့ဘက်မှမပါခဲ့ကြ။ သေတာ၊ ကျေတာ၊ သတ်တာ၊ ဖြတ်တာ သေနတ်သံယမ်းငွေ့.. အားလုံးကို မုန်းတီးခဲ့ကြသည်။ လူတွေကို သူ့လူမို့၊ ငါ့လူမို့ သူ့လူသေ ဝမ်းမြောက်၊ ကိုယ့်လူသေ ဝမ်းနည်း မဖြစ်ခဲ့ကြ။ စကားလုံးဖြင့် အတိအကျပြောရလျှင် စစ်ကိုသာပဲ မုန်းခဲ့ကြသည်။

စစ်ဆိုတာ မုန်းစရာ၊ ရွံစရာပါလားဆိုသည်ကို ကိုယ်လည်း သည်တုန်းပေါက်စနအရွယ် ငယ်စဉ်ကတည်းက သဘောပေါက်မိခဲ့ရသည်။

ထို့ထက်ကား အဲ့သည်နှစ်နှင့် တစ်နှစ်တည်းပါပဲဟု မှတ်မိနေသည့် နေ့တစ်နေ့တွင် ကိုယ်တို့ သဲကုန်းမြို့လေး၏ မီးရထားဘူတာရုံတွင် အချိန်ကြာကြာ ရပ်ထားပေးသည့် မီးရထားတစ်စင်းပေါ်၌ပါလာသော သျှောင်ထုံးကို ပန်းနုရောင်ပတ်ပေါင်းပေါင်းလျက် ရင်ဖုံးတိုက်ပုံအင်္ကျီဖြင့် နှုတ်ခမ်းမွေးထူထူခံ့ခံ့ပါသော သွယ်သွယ်မြင့်မြင့်၊ ခံ့ခံ့ချောချော မြန်မာစစ်စစ် အဘိုးအိုကြီးတစ်ဦးကို ကိုယ်တို့ကင်းထောက်ဝံပုလွေအဖွဲ့အပါအဝင် ကျောင်းသား၊ ကျောင်းသူ၊ မြို့သူ၊ မြို့သားတွေက ဘူတာရုံလေး၏ ပလက်ဖောင်းမှာ ကြိတ်ကြိတ်တိုးအောင်သွားရောက် ဂါရဝပြုကြသည်ကို ဆက်လျက်တစ်တွဲတည်း သတိရနေမိခြင်းဖြစ်သည်။

အဲ့သည် အဘိုးအိုကြီးက သခင်ကိုယ်တော်မှိုင်းတဲ့..။ မြန်မာပြည်ကြီးထဲ အချင်းချင်းတွေ သတ်ဖြတ်နေကြတဲ့ ပြည်တွင်းစစ်ကြီးပြီးဆုံးငြိမ်းချမ်းစေချင်လို့ တိုင်းပြည်အနှံ့မှာ ငြိမ်းချမ်းရေးတရားတွေ လှည့်ဟောနေတာတဲ့... ။ ကိုယ့်အရွယ် ပေါက်စနဆိုတော့ အဘိုးသခင်ကိုယ်တော်မှိုင်း ပြောသွားသည့်စကားတွေထဲမှာ ငြိမ်းချမ်းရေးဆိုသည့် စကားတစ်လုံးသာ မှတ်မိလိုက်သည်။

တစ်မြို့လုံးက သက်လတ်၊ သက်ကြီး သိမီနားလည်သူတွေအားလုံးနှင့် အထက်တန်းကျောင်းသားကြီးတွေက ငြိမ်းချမ်းရေးအဘိုး သခင်ကိုယ်တော်မှိုင်းကို ပီတိမျက်ရည်တွေ အဝိုင်းသားနှင့် ဝမ်းသာအားရ လက်အုပ်ချီမိုး ရှိခိုးကျေးဇူးတွေတင်ကြလို့.. ။

သည်နေ့ထိ သည်မြင်ကွင်းတွေက အကြောင်းဆုံတိုင်း မျက်စိထဲ၊ ရင်ထဲ၊ ဦးနှောက်ထဲ၊ အတွေးတွေထဲသို့ မမှုန်မဝါးသေးသည့် မှတ်တမ်းရုပ်ရှင်တစ်ခုလို ရောက်ရောက်လာနေတတ်ဆဲ။

အခုလည်း အကြောင်းတိုက်ဆိုင်လာတော့ သည်အကြောင်းတွေက ခေါင်းထဲသို့ အလိုလိုရောက်လာသည်။ တိုက်ဆိုင်လာခဲ့ရသည့်အကြောင်းက တခြားမဟုတ်။ မကြာသေးမီရက်ပိုင်းတုန်းက ရွှေတိဂုံစေတီတော်မြောက်ဘက်တွင် လွန်ခဲ့သည့် နှစ်အတန်ကြာကတည်းက တည်ဆောက်ထားခဲ့သည့် ‘‘အညတရသူရဲကောင်းများဗိမာန်’’၌ ကျင်းပခဲ့သော အောက်မေ့ဖွယ်အခမ်းအနားတစ်ခုတွင် ပြောခဲ့ကြသည့် တချို့ပတ်သက်ရာပတ်သက်ကြောင်းတွေ၏ အစွန်းမလွတ်သော စကားသံများက တိုက်ဆိုင်လာခဲ့ခြင်းပင်ဖြစ်၏။

ထိုဗိမာန်မှာ ခုတိုင်မပြီးဆုံးသေးသော ရာစုနှစ်ဝက်ကျော် ပြည်တွင်းစစ်အတွင်း ကျဆုံးခဲ့ကြရသည့် တပ်မတော်သားစစ်သည်တွေကို ရည်စူးတည်ဆောက်ထားခြင်းဖြစ်သည်။

သူနှင့်ကပ်လျက်မှ အာဇာနည်ကုန်းတွင်လည်း လူတစ်စု၏ လုပ်ကြံသတ်ဖြတ်ခြင်းကိုခံခဲ့ရသော လွတ်လပ်ရေးခေါင်းဆောင် အာဇာနည်ကြီးများကို အမှတ်ရစိမ့်သောငှာ ရည်စူးဂုဏ်ပြုတည် ဆောက်ထားသည့် အာဇာနည်ဗိမာန်ကြီးရှိသည်။

ထိုအာဇာနည်ဗိမာန်ကြီးကို တည်ဆောက်ခဲ့ကြခြင်း၏ ရည်ရွယ်ချက်မှာ အာဇာနည်ကြီးများကို လုပ်ကြံခဲ့ကြသူ ဂဠုန်ဦးစောအပါအဝင် နောက်လိုက်နောက်ပါများကို ကမ္ဘာတည်သရွေ့ ရန်ငြိုးမပြေတမ်း အမုန်းပွားနေဖို့မဟုတ်။ အာဇာနည်ကြီးများ၏ ဂုဏ်ကျေးဇူးကို အမှတ်ရစေရန်နှင့် နောက်နောင် ဤသို့သောအမှားမျိုး နောင်လာနောက်သားတို့ မကျူးလွန်မိအောင် သတိပြုနိုင်ဖို့သာ ဖြစ်လေသည်။ သခွပ်ပင်မြင်တိုင်း သိကြားနဲ့ အသူရာ ရန်ငြိုးမပြေနိုင် ဖြစ်သလိုမျိုးဖြစ်အောင် အာဇာနည်ဗိမာန်ကို တည်ဆောက်ထားခဲ့သည်မဟုတ်။ သမိုင်းသင်ခန်းစာယူစရာ သက်သေအဖြစ် တည်ဆောက်ထားခဲ့ကြခြင်းဖြစ်သည်။

 ထို့အတူလည်း အညတရသူရဲကောင်းများဗိမာန်သည် ကိုယ့်ညီအစ်ကိုချင်း သတ်ဖြတ်နေကြသည့် ပြည်တွင်းစစ်အတွင်း ကျဆုံးခဲ့ကြရသော စစ်သည်များကို စာနာထောက်ထားရန်နှင့် ပြည်တွင်းစစ်၏ အနိဋ္ဌာရုံကို မှတ်မှတ်ရရရှိစေရန်သာ ဖြစ်သင့်သည်။

ယခုတော့ အဲ့သည်နေ့က ပြောခဲ့ကြသည့် ပတ်သက်ရာပတ်သက်ကြောင်းတို့၏ စကားများတွင် ရန်စူးရန်ငြောင့်အသံတွေ လွှမ်းမိုးနေသည်က စိတ်မကောင်းစရာဖြစ်နေသည်။ အနာတွေနှင့် ပြောကြသည်။ အနာတွေအကြောင်း ပြောကြစတမ်းဆိုလျှင် သူ့ဘက်ကိုယ့်ဘက်မှာ ပြောစရာတွေ ဒုနှင့်ဒေးရှိနေကြပေလိမ့်မည်။

အညတရသူရဲကောင်းများဗိမာန်သည် စစ်၏အနိဋ္ဌာရုံကို သင်ခန်းစာသံဝေဂယူရန်မဟုတ်ဘဲ  ရန်မီးမွှေးရာ၊ ရန်ငြိုးရန်စတို့၏ အစဖော်ရာ၊ ရန်ငြိုးရန်စတို့ကို မမေ့မလျော့ဖို့လှုံ့ဆော်ရာနေရာ ဗိမာန်ကြီးအဖြစ်သို့ ရောက်သွားခဲ့လျှင် တိုင်းပြည်အနာဂတ်အတွက် ရင်လေးစရာကောင်းလှကြောင်း သက်ဆိုင်သူတို့ သိဖို့ကောင်းလှသည်။

တကယ်တော့ ပြည်သူတွေက စစ်တပ်ဆိုသော အထည်ကိုယ်ကြီးကို မုန်းခြင်းမဟုတ်။ စစ်ကို မုန်းခြင်းသာဖြစ်သည်။ စစ်တပ်ခေါင်းဆောင်တွေကို မုန်းခြင်းမဟုတ် စစ်အာဏာရှင်စနစ်ကို မုန်းခြင်းသာဖြစ်ကြောင်း တိမ်သလ္လာမကွယ်တမ်း ကြည်ကြည်လင်လင်မြင်မိဖို့တော့ လိုလေသည်။

အဲ့သည် အခမ်းအနားနေ့က ပြောခဲ့ကြသူတွေ၏ စကားသံတို့တွင် ကိုယ့်အနာသာ ကိုယ်သိမြင်တတ်သည့် စိတ်တွေ၊ ထိုစိတ်အခံဖြင့် ဖြစ်ပေါ်လာသော မခံချင်စိတ်တွေသာ တင်းကျမ်းပြည့်ဖြစ်နေကြောင်း အထင်းသားမြင်နေရသည်။

အကြောင်းအရာတို့ကို ဆင်ခြင်သုံးသပ်ရာ၌ တစ်ဖက်ခြမ်းအမြင် မခံချင်စိတ်သက်သက်အခံဖြင့် ကြည့်မြင်လျှင် ဓမ္မဓိဋ္ဌာန်ကျကျအဖြေကို ထုတ်နိုင်ကြဖို့ ခက်ပေလိမ့်ထင်သည်။ လာရာနှင့်လားရာ၊ အကြောင်းနှင့်အကျိုးကို အတ္တကင်းစွာ ရှုမြင်သုံးသပ်ကြဖို့တော့လိုမည်ထင်သည်။ ပြည်သူတွေက ဟိုလူတွေ သေတာကျတော့ ဝမ်းနည်းပြီး သည်လူတွေ သေတာကျတော့ မစာမနာရှိကြသည်ဆိုသည့် အမြင်က မဟုတ်သေးဘူးလား ထင်သည်။ ပြည်သူတွေက စစ်တပ်ဆိုသည့် အထည်ကိုယ်ကြီးကို မုန်းတီးနေတာမဟုတ်ပေမင့် စစ်ဆိုသည့်အသံပင် မကြားချင်တော့တာ အမှန်ဖြစ်သည်။ လာရာနှင့်လားရာကိုတော့ အသေအချာဆင်ခြင်ဖို့လိုလေမည်။ လာခဲ့ရာလမ်းမကောင်းလျှင်တော့ လားရာလမ်းလည်း ကောင်းနိုင်မည် မဟုတ်တာသေချာသည်။ အကြောင်းမကောင်းခဲ့လျှင် အကျိုးက မကောင်းနိုင်မှာ သေချာသည်။

ကိုယ်ကတော့ ငယ်စဉ်ကကြုံခဲ့သည့် အဖြစ်အပျက်တွေကိုသာ ယခုအဖြစ်တွေနှင့်ယှဉ်လျက် ပြန်လည်တွေးနေမိဆဲရှိလေသည်။


Credit - 7DAY DAILY

No comments:

Post a Comment