““အဖြစ်အပျက်တိုင်းမှာ အကြောင်းရင်းတွေရှိကြတယ်လေ။ လူတစ်ယောက်ချင်းရဲ့ ဘ၀ မှာတောင် ဖြစ်ချင် တိုင်း ဖြစ်နိုင် ကြတာမှ မဟုတ်ဘဲ။ လူဦးရေသန်း ၅၀ ရဲ့ ဘ၀ဆိုတော့ပိုပြီး ရှုပ်ထွေးမှာပေါ့။ သေချာတာ တစ်ခုက တော့ ကျွန်မတို့ ပြည်သူတွေဟာ ဆိုဗီယက်ပြည်ထောင်စု လို အရင်က ခေါင်းဆောင်ကြီးရဲ့ရုပ်တုကို ဖြိုချတာမျိုး မလုပ်ကြဘူး””
~~~~~~~~~~~~~~~~~~~~~~~~~
ထိုနေ့က ကျွန်မသည် ဂျပန်သံရုံးရှေ့တွင် ရောက်ရှိနေခဲ့၏။ ပြန်ကြားရေးဌာနသို့ စာတစ်စောင်ပေးနေစဉ် လက် ကိုင်ဖုန်း မြည်လာသည်။ ပေါ့ပ်မဂ္ဂဇင်းတစ်ခုမှ အယ်ဒီတာမိန်းကလေး ဆက်နေခြင်းဖြစ်၏။ သူတို့ မဂ္ဂဇင်း အတွက် စာမူရေးပြီးသားပါလာသည်။ သူတို့ ကျွန်မထံ လွှတ်နေကျ ၀န်ထမ်းလူငယ်က အလုပ်ထွက် သွား သဖြင့် အယ်ဒီတာမိန်းကလေးကိုယ်တိုင် လာယူပါမည်။ ဘယ်ကိုလာရမလဲဟု မေးသည်။ ဂျပန်သံရုံး ရှေ့မှာ ယခင်က ““ရွှေရှမ်းကန်”” စားသောက်ဆိုင်ရှိခဲ့ဖူး၏။ ယခုတော့ စိုက်ပျိုးရေးပစ္စည်းဆိုင် ဖြစ်သွားပြီ။ အနီးဆုံးလူ သိများသောနေရာ စဉ်းစားရာ အေးအေး လူလူထိုင်စောင့်နိုင်သောနေရာမှာ ဗိုလ်ချုပ်ကြေးရုပ်ရှေ့ဖြစ်၏။ ထို့ကြောင့် ပုဇွန်တောင်မှလာမည့် အယ်ဒီတာလေးကို ဗိုလ်ချုပ်ကြေးရုပ်အနီး အရိပ်ထဲမှာ ထိုင်စောင့်ရန် ချိန်းဆိုလိုက်ကြပါသည်။…
ညနေပိုင်းဖြစ်၍ ဗိုလ်ချုပ်ကြေးရုပ်မှာ အရိပ်ထဲရောက်နေပြီ။ ပန်းခြံနှင့် ရေကန်နှင့် လှပသောအုတ်တံတိုင်း အနိမ့်နှင့် ပန်း အိုးများနှင့် မီးတိုင်များနှင့် ကြေးရုပ်ဝန်းကျင်မှာ တင့်တယ်နေပါသည်။ ကျွန်မတို့ငယ် ငယ်က မြို့ထဲအလည်အပတ်ထွက်စရာ ရှိလျှင် တိရစ္ဆာန်ရုံ၊ ကန်တော်ကြီးပဲရှိ၏။ ကန်တော်ကြီးသွားတိုင်း ဗိုလ်ချုပ် ကြေးရုပ် ရှိရာသို့ ရောက်တတ်၏။ ထိုစဉ်က ဗိုလ်ချုပ်ကြေးရုပ်က ၀င်းနှင့်ခြံနှင့်မဟုတ်။ သပ် သပ်ရပ်ရပ် တော့ရှိသည်။ အနီးအနားရောက် သူတိုင်း အနီးကပ်လေ့လာတတ်ကြသည်။
ယခုကြေးရုပ်မှာ ၀န်းကျင်တင့်တယ်သော်လည်း လူသူကင်းမဲ့လှသည်။ ကျွန်မ ပင်လျှင် လူချင်းတွေ့ဖို့အ ဆင်ပြေဆုံးနေရာမို့ ရောက်နေခြင်းဖြစ်သည်။ ဤကြေးရုပ် ကိုလွန်ပြီး ခပ်လှမ်းလှမ်းရှိ ““ချက်ထရီယံ”” ဟိုတယ်သို့ကား မကြာမကြာပွဲလမ်းသွား တက်ရတတ်သည်။ ဗိုလ်ချုပ်ကြေးရုပ်အနီးကို တခုတ်တရမ သွား ဖြစ် ခဲ့ချေ။
ကြေးရုပ်ကား ဘယ်သူလာလာ၊ မလာလာ ဂရုမစိုက်ပါ။ မူလပုံစံအတိုင်း မမှိတ် မသုန်ရပ်တည်နေလေ၏။ ညာဘက်လက်ကို ရှေ့ထုတ်၍ လက်ဝါးကာပုံပြထားပြီး ဘယ်လက်က နောက်ပစ်လျက် လက်ထဲတွင် စာရွက် အလိပ်တစ်ခုကို ဆုပ်ကိုင်ထားသည်။ ကမ္ပည်းစာတန်းက ““ပြည်ထောင်စု ၏ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင် ဆန်း”” ဟု ရေးထိုးထားကာ မွေးသက္ကရာဇ်နှင့် သေဆုံးသက္ကရာဇ်များကို မြန်မာကောဇာ သက္ကရာဇ်ဖြင့် သာ ဖော်ပြထားသည်။
ကျွန်မသည် ဗိုလ်ချုပ်၏ ၀ဲဘက်နောက်နားရှိ အုတ်နံရံကိုကျောမှီရင်း ခြေပစ်လက်ပစ် ထိုင်နေခဲ့၏။ အနီး အနား ၌ စိုးရိမ်ဖွယ်ဘာမျှမရှိသဖြင့် စိတ်အေးလက် အေးရှိလှသည်။ ကန်တော်ကြီးဘက်မှ လေအေးကဝေ့လာ သည်။ မျက်နှာချင်းဆိုင်ရှိ နတ်မောက်လမ်းပေါ်တွင်လည်း ကားများရှုပ်မနေ၍ မျက်စိရှင်းလှသည်။ ကြေးရုပ်ရှေ့ လူသွား ပလက်ဖောင်း ပေါ်တွင် လမ်းလျှောက်လာကြသူအချို့ ကိုမြင်ရ၏။ ဘတ်စ်ကားမှတ်တိုင်ဆီ သွားကြ ခြင်းဖြစ်မည်။ ဘယ်သူမှ ကြေးရုပ်ဝင်းထဲ ၀င်မလာကြချေ။ အချို့က စောင်းကန်းကန်းလုပ်ပြီး လှည့်ကြည့် သွား၏။ ခြေလှမ်းတော့ မပျက်ပေ။ အချို့ကား လုံးဝလှည့်မကြည့်။ ရှေ့သို့သာ ဦးတည်ကြလေသည်။
ခပ်လှမ်းလှမ်းရှိ ဟိုတယ်တွင် နိုင်ငံခြားသားအများဆုံး တည်းခိုလေ့ရှိရာ ဤပလက်ဖောင်းပေါ် လမ်းလျှောက် သူများထဲတွင် နိုင်ငံခြားသားပါနေသည်။ သူတို့က တော့ ခဏရပ်ကြည့်တတ်သည်။ ပြီးလျှင် ဆက်လျှောက်ကြ သည်။
အထဲဝင်လာသူတစ်ဦး ပေါ်လာ၏။ အမျိုးသားဖြစ်ပြီး အသက်က ၆၀ ကျော် လိမ့်မည်ဟုထင်ရသည်။ နှာခေါင်း ပုံသဏ္ဌာန်ကို ကြည့်ပြီး ရုရှားလူမျိုးဟု ခန့်မှန်းမိ၏။ မသေချာပေ။ သူက ကြေးရုပ်ရှေ့ခပ်ကြာ ကြာရပ်ပြီး လေ့ လာနေသည်။ ကမ္ပည်းစာတန်းက မြန်မာအက္ခရာများချည်းဖြစ်၍ သူနားလည်မည်မဟုတ်။ သို့သော် စာမဖတ် ဘဲနှင့် ““ဗိုလ်ချုပ်အောင်ဆန်းပုံ””ဟု သူသိ ထားတာတော့ သေချာသည်။
သူက အေးချမ်းစွာထိုင်နေသော ကျွန်မကို သတိထားမိသွား၏။ သူစဉ်းစားဟန်တူ ၏။ နောက်တော့ မနီးမ ဝေးသို့လျှောက်လာရင်း အင်္ဂလိပ်ဘာသာဖြင့်နှုတ်ဆက်သည်။
““ခွင့်ပြုပါခင်ဗျာ””
““ရပါတယ်။ ဘာကူညီရမလဲ””
သူ ပြုံးပျော်သွားသည်။
““အင်္ဂလိပ်စကား ပြောနိုင်တယ်နော်””
““နည်းနည်းပါးပါးပါ””
““ဒါလောက်ဆို လုံလောက်တယ်။ ကျွန်တော်နည်းနည်းဆွေးနွေးချင်လို့””
ကျွန်မက တလေးတစားပင် သူ့ကို ဖိတ်ခေါ်လိုက်၏။
““ဒီမှာ ထိုင်နိုင်ပါတယ်။ ကျွန်မက တူမဖြစ်သူကို စောင့်နေတာပါ””
ကျွန်မ တစ်ယောက်တည်းမဟုတ်ကြောင်း သူသိအောင် တမင်ပြောရသည်။ သူက ကျွန်မရှေ့ သမံတလင်း ပေါ်တွင် ထိုင်ချလေသည်။ သူလည်း လမ်းလျှောက်၍ မောလာပုံရ၏။ ချွေးတွေကို လက်ကိုင် ပ၀ါငယ်ဖြင့် သုတ်ပြီး ကျွန်မကို ဖော်ရွှေစွာ ပြုံးပြသည်။ ပြီးမှ-
““ဒီလိုပါ။ ဒီကြေးရုပ်ဟာ မြန်မာနိုင်ငံရဲ့ အမျိုးသားခေါင်းဆောင်ကြီးလို့ မှတ်ထားပါတယ်။ ကျွန်တော် အရင် တစ်ခေါက်လည်း လာကြည့်ဖူးပါတယ်။ ကျွန်တော် နားမလည်တာက သူဘာကို ကန့်ကွက်နေတာလဲ။ ဒါမှမ ဟုတ် ထိန်းချုပ်နေတာလဲ။ သူ့လက်ဟန်ထားကို ပြောတာပါ။
ဤလူကား ပေါ့သေးသေး မဟုတ်ချေ တကား။
ကျွန်မက ဤကြေးရုပ်၏ လက်ဟန်ထားအကြောင်း အရင်ကတည်းက အဖြေ ရှာခဲ့ပြီးသူမို့ တော်တော့သည်။ ညာလက်က ဆန့်တန်းပြီး အောက်သို့ လက်ဝါးကာ ပြနေပုံမှာ တစ်စုံတစ်ရာကို ဟန့်တားနေပုံဟု သူယူဆ သည်မှာ မမှားပါ။ ကြေးရုပ် ထုသူမှန်သမျှသည် ““ဓာတ်ပုံ””ကို စံထား ရခြင်းဖြစ်ရာ ဤကြေးရုပ်သည် ဗိုလ်ချုပ် တရားဟောစဉ် ရိုက်ယူထားသော ဓာတ်ပုံကို စံနမူနာယူခဲ့ခြင်းဖြစ်ကြောင်း ကျွန်မသိထားပါသည်။ စင်မြင့်မှရပ်၍ တရားဟော ရသဖြင့် လူထုက အောက်မြေပြင်မှာရှိရာ အောက်သို့ လက်ကာပြခြင်းဖြစ်သည်။ ကျွန်မက သူ့ကို အကဲခတ်ကြည့်ပြီးမှ-
““ရှင် အတော်စေ့စပ် သေချာတဲ့လူပဲ။ ဒီလက်အနေအထားကို စိတ်ဝင်စားတယ်ပေါ့””
““သေချာတာပေါ့ဗျာ။ ဒီလက်အနေ အထားက အဓိပ္ပာယ်အများကြီးရှိတယ်။
““ဟုတ်ပါတယ်။ ဒီပုံက ဗိုလ်ချုပ်စင်မြင့်ပေါ်က နိုင်ငံရေးတရားဟောစဉ် ရိုက်ကူးထားတဲ့ဓာတ်ပုံကို ယူထား တာပါ။ အောက်မှာ မြန်မာပြည်သူလူထုက သောင်းနဲ့ချီပြီး ရှိတယ်””
““ခုနှစ် ရေးမထားဘူးနော်””
““အင်း ..ရေးခဲ့ရင် ပိုကောင်းမှာပေါ့””
““ကမ္ဘာသုံးအက္ခရာလည်း မရှိဘူး””
““မြန်မာတွေရဲ့ မျိုးချစ်စိတ်ပေါ့””
““ထားပါတော့။ ကျွန်တော်သိချင်တာ သူဘာကို ထိန်းချုပ်ချင်တာလဲ””
ကျွန်မ လေရှူလိုက်ရသည်။
ဗိုလ်ချုပ်မိန့်ခွန်းအားလုံးကို အလွတ်မရစေကာမူ မိန့်ခွန်းပေါင်းချုပ်စာအုပ်ကို ကားထွက်တိုင်းဝယ်သိမ်းခဲ့သည်။ အာဇာနည်နေ့နီးတိုင်း မြန်မာ့အသံမှ လွှင့်နေကျ နောက်ဆုံးမိန့်ခွန်းကိုတော့ ကျေညက်သည်။
““ထိန်းချုပ်စရာတွေကတော့ အများ ကြီးပေါ့ရှင်။ ၁၉၄၇ခုဆိုတာ လွတ်လပ်ရေးရခါနီး လက်တစ်ကမ်းအလိုမို့ သူ့အနေနဲ့ မျှော်လင့်ချက်တွေ၊ သတိပေးစရာတွေ၊ အားမရတာတွေ ရှိတာပေါ့””
““ဥပမာ ပြောနိုင်မလား””
““မြန်မာပြည်ဟာ တစ်နှစ်အတွင်း လွတ်လပ်ရေးရဖို့ရှိတယ်လို့ သူပြောတယ်။ လွတ်လပ်ရေးရရင် လူထုဘက်က ကျင့်ကြံရမယ့်ကိစ္စတွေ သူသတိပေးတယ်။ ဥပမာ ဗမာပြည်သူလူထုဟာ ဆင်းရဲတယ်၊ ဆင်း ရဲတယ်နဲ့ ဗုန်းပေါ လအော သုံးနေကြတယ်တဲ့။ ရုရှားမှာဆို ဒီလိုသုံးလို့မရဘူး။ အာလူးဆို တစ်လုံးပဲရတယ်တဲ့။ ဒီမှာစိုက်လို့ရ တာ တွေ စိုက်ပါလား။ ကျွန်တော်ဆိုရင် ကျွန်တော့်အိမ်မှာ ဟင်းသီးဟင်းရွက်စိုက် ထားတယ်။ ကိုယ်တော်မြတ်တွေက ၀ယ်စားကြတယ်တဲ့။ ကြက်သွန်၊ ဆီလိုဟာတွေ အိနိ္ဒယက သွင်းနေရတာကို သူစိတ် မချမ်းသာဘူး””
သူကခေါင်းတညိတ်ညိတ်လုပ်ပါသည်။
ကျွန်မလည်း တတ်သမျှ မှတ်သမျှ ရှင်းပြနိုင်၍ ကျေနပ်သည်။ ခေါင်းဆောင်ပီသသော ဖခင်ကြီးအကြောင်း သည့်ထက်ပို၍ ကျွန်မရှင်းပြချင်ပါသည်။ အားလုံးကိုတစ်ထိုင်တည်း ပြောဖို့ကား မလွယ်ပေ။
““သူပြောတာတွေ နားထောင်ကြသလား””
ကျွန်မ ခေါင်းကြီးသွားရ၏။
သည်မေးခွန်းက အမျိုးသားရေးဖြစ်၍ လွယ်လွယ်ဖြေရန်မဖြစ်။
နားထောင်ပါတယ်ဟု ဖြေလျှင် ဘာကြောင့် အခု အဆင်းရဲဆုံးတိုင်းပြည် စာရင်းဝင်နေလဲဟု ပြန်မေးနိုင်သည်။
သူက ဘယ်သူမှန်းပင် မသိရကား ကျွန်မ စကားပြောဆင်ခြင်ရမည်။ အနည်းဆုံး မိမိနိုင်ငံ၏ပုံရိပ်ကို ကာကွယ် ရမည်။
““ရှင်က ဘယ်လိုထင်လို့လဲ””
အဖြေရခက်သည့်အခါ တန်ပြန်မေး ခွန်းမေးရကြောင်း ကျွန်မသင်ယူခဲ့ဖူးသော သင်ခန်းစာကို အသုံးချလိုက်ရ သည်။
သူက သဘောကျစွာ ပြုံးပြ၏။ ဘာမှ ပြန်မဖြေချေ။ ကျွန်မပြောရသည်။
““အဖြစ်အပျက်တိုင်းမှာ အကြောင်းရင်းတွေရှိကြတယ်လေ။ လူတစ်ယောက်ချင်းရဲ့ ဘ၀မှာတောင် ဖြစ်ချင် တိုင်း ဖြစ်နိုင် ကြတာမှ မဟုတ်ဘဲ။ လူဦးရေသန်း ၅၀ ရဲ့ ဘ၀ဆိုတော့ပိုပြီး ရှုပ်ထွေးမှာပေါ့။ သေချာတာ တစ်ခု က တော့ ကျွန်မတို့ ပြည်သူတွေဟာ ဆိုဗီယက်ပြည်ထောင်စုလို အရင်က ခေါင်းဆောင်ကြီးရဲ့ရုပ်တုကို ဖြိုချတာမျိုး မလုပ်ကြဘူး””
သူ မျက်လုံးပြူးကျယ်သွားသည်။
ထိုင်ရာမှထကာ ကျွန်မလက်များကို ဆွဲယူဖျစ်ညှစ်သည်။
““၀မ်းဒါးဖူး …၀မ်းဒါးဖူး””ဟု အော်သည်။
ကျွန်မက အသာစီးဟန်မပြဘဲ အေးဆေးစွာ ဆက်ပြောပါသည်။
““ကျွန်မတို့ရဲ့ဘာသာတရားမှာ အဆုံးအမတွေရှိတယ်။ ဗုဒ္ဓပရိနိဗ္ဗာန်စံတော် မူခါနီး တပည့်ရဟန်းတွေ ငိုကြွေး ကြတော့။ ဗုဒ္ဓက ဆုံးမတယ်။ ““ငိုကြွေးပူဆွေးနေခြင်းသည် ငါဘုရားအား ချစ်မြတ်နိုးခြင်းမမည်။ ငါဘုရား မရှိ တော့သောအခါ ငါဘုရား၏ စကားများကို နားထောင်လိုက်နာခြင်းသည်သာ ငါဘုရားအား ချစ်မြတ်နိုး သည် မည်၏””တဲ့။ ကျွန်မတို့က ဘုရားစကား နားထောင်တယ်လေ””
ပြောနေစဉ်မှာပင် ကျွန်မတူမ အယ်ဒီတာလေး တက္ကစီပေါ်မှ ဆင်းလာသည်။ ကျွန်မလက်ပြ ကြိုဆိုလိုက်သည်။ လူကြီးလည်း နားလည်စွာ နှုတ်ဆက်ထွက်ခွာသွားပါသည်။
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald
No comments:
Post a Comment