Sunday, December 14, 2014

ယနေ့အချိန်ထိ ဗဟိုဦးစီးချုပ်ကိုင်မှုများနေပြီး ဗဟိုဦးစီးစနစ် မလျှော့ချပါက ဖက်ဒရယ်ပြည်ထောင်စုစနစ် မဖြစ်နိုင်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း ပြောကြား

Written by: မျိုးမင်းထက်
သူရဦးရွှေမန်း လှိုင်သာယာမြို့နယ်အတွင်းရှိ ကနောင်ခန်းမတွင် အလုပ်ရှင်၊ အလုပ်သမားများနှင့် ဒီဇင်ဘာ ၁၃ ရက်က တွေ့ဆုံစဥ
  

မြန်မာနိုင်ငံတွင် ယနေ့အချိန်အထိ ဗဟိုဦးစီးချုပ်ကိုင်မှုများနေပြီး ဗဟိုဦးစီးစနစ် မလျှော့ချပါက ဖက်ဒရယ်ပြည်ထောင်စုစနစ် မဖြစ်နိုင်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ဒီဇင်ဘာ ၁၃ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်အတွင်းရှိ ကနောင်ခန်းမတွင် အလုပ်ရှင်၊ အလုပ်သမားများနှင့် တွေ့ဆုံရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ လေ့လာသုံးသပ်တဲ့နေရာမှာ ဖက်ဒရယ်ပြည်ထောင်စု စနစ်ဖြစ်ရေး၊ ဒီမှာဘာပါလဲဆိုရင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ တန်းတူညီမျှအခွင့်အရေး ဒါတွေကို တိုင်းရင်းသားတွေ တောင်းဆိုနေတယ်ဆိုတာက ကချင်တိုင်းရင်းသားမှ မဟုတ်ဘူး။ ရခိုင်တိုင်းရင်းသားမှ မဟုတ်ဘူး။ တကယ်တမ်းကျတော့ ဗမာတိုင်းရင်းသားလည်းပါတယ်။ ဒါကြောင့်မို့လို့ ရန်ကုန်တိုင်းဒေသကြီးသည် ပြည်နယ်တစ်ခုကဲ့သို့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ တန်းတူညီမျှ အခွင့်အရေးကို ဆောင်ရွက်ပေးဖို့ လွှတ်တော်မှာလည်း တာဝန်ရှိတယ်။ အစိုးရမှာလည်း တာဝန်ရှိတယ်” ဟု သူရဦးရွှေမန်းက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ဗဟိုက အကုန်ချုပ်ကိုင်ထားသည့်အတွက် ဗဟိုကအမိန့်မပေး၊ မညွှန်ကြားပါက ဘာမှလုပ်လို့မရကြောင်း ဒါကြောင့် ဗဟိုပြည်ထောင်စု၊ တိုင်းဒေသကြီးအစိုးရ၊ တိုင်းဒေသကြီးလွှတ်တော်၊ ပြည်နယ်များတွင် လုပ်ပိုင်ခွင့်များ ရှိရမည်ဖြစ်ကြောင်း၊ ယင်းလုပ်ပိုင်ခွင့်များကို ချမှတ်ပေးရန်နှင့် ခွဲဝေပေးရမည်ဖြစ်ကြောင်း သူရဦးရွှေမန်းက ဆက်လက်ပြောကြားသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက “ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ဖော်ဆောင်ပေးနိုင်တာက လွှတ်တော်၊ ရန်ကုန်တိုင်းဒေသကြီးမှာ လွှတ်တော်ရှိတယ်။ ဘာပြဋ္ဌာန်းမှာလဲ ဥပဒေတွေပြဋ္ဌာန်းမှာ။ ဘယ်လိုဥပဒေတွေလဲ ဖွဲ့စည်းပုံအခြေခံ ဥပဒေဇယား ၂ မှာ ပါတဲ့ ဥပဒေတွေပြဋ္ဌာန်းမှာ။ ဒါကိုယ်ပိုင်ပြဋ္ဌာန်းခွင့်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရန်ကုန်တိုင်းဒေသကြီးမှာ ဝန်ကြီးချုပ် ဦးဆောင်တဲ့ အစိုးရအဖွဲ့ရှိတယ်။ တန်းတူညီမျှ အခွင့်အရေးဆိုတဲ့ နေရာမှာ ဒီနေ့ကျွန်တော်တို့ စာစကားအရပြောရရင် power sharingအာဏာခွဲဝေကျင့်သုံးမှု၊ resource sharing သူ့ရဲ့ပိုင်ဆိုင်မှု သို့မဟုတ် ချမ်းသာကြွယ်ဝမှု မျှဝေပေးရမယ်။ ခွဲဝေပေးရမယ်” ဟုဆိုသည်။

“ဒီနေ့ဖြစ်နေတာက ဘာဖြစ်လဲ ဗဟိုဦးစီးချုပ်ကိုင်မှုဟာ များခဲ့တယ်။ ဒီကနေ့လည်း များနေတုန်းပဲ။ ဒါကြောင့်မို့လို့ ဗဟိုဦးစီးစနစ်ကို လျှော့ချပေးရမယ်။ အဲလိုလုပ်မှ အခုနက ပြည်ထောင်စုအစိုးရက ဒါလုပ်မယ်။ တိုင်းဒေသကြီးအစိုးရက သို့မဟုတ် ပြည်နယ်အစိုးရက ဒါလုပ်မယ်။ တစ်နည်းအားဖြင့် ပြောမယ်ဆိုရင် အခုနက power sharing ၊ resource ဒီလိုဆောင်ရွက်ပေးရမယ်။ ဗဟိုဦးစီးစနစ် လျှော့ချရေး၊ ဗဟိုဦးစီးစနစ် မလျှော့ချဘဲနဲ့ ဖက်ဒရယ်ဆိုတာ မဖြစ်နိုင်ဘူး” ဟု သူရဦးရွှေမန်းက ပြောကြားသည်။

နာဂဒေသအား ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေးမဏ္ဍိုင်သုံးရပ် ပါဝင်သည့် ဒေသအဖြစ် နိုင်ငံရေးရပိုင်ခွင့်ကို အသိအမှတ်ပြုပေးရန် ဒီဇင်ဘာ ၉ ရက်က ထုတ်ပြန်သည့် နာဂအမျိုးသား ညီလာခံဆိုင်ရာ တောင်းဆိုချက်များတွင် ဖော်ပြထားသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ထွက်ရှိသည့် ရေနံသဘာဝဓာတ်ငွေ့၊ ကျောက်မျက်၊ သစ်များအား ပြည်ပသို့ တင်ပို့ရောင်းချရာတွင် ကောက်ခံရရှိသည့် ကုန်သွယ်လုပ်ငန်းခွင်အား အချိုးကျခံစားခွင့်ပြုရန် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်ဦးစံပြည့်က အကြံပြုထားကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

Credit - Eleven Media Group


No comments:

Post a Comment