Sunday, December 14, 2014

ကောင်းကွက် || သရော်စာ - မင်းဒင် ||

|| သရော်စာ - မင်းဒင် ||

(တစ်)

ယောက်ျားတန်မဲ့ အတင်းတုတ်တာတော့ မဟုတ်ရပါဘူးဗျာ။ လူငယ်တစ်ယောက်အ ကြောင်း ပြောပြချင်လို့ပါ။ ဒီသူငယ်ဟာ တခြား သူ ဟုတ်ပါရိုးလား၊ ကျုပ်တူအရင်းခေါက် ခေါက်ဆိုပါတော့။ ဟုတ်တယ်လေ။ သူ့အ မေဟာ ကျုပ်နှမအရင်းကိုး။ ကျုပ် နေတဲ့ ဖူးခက်ကို၊ တူတော်မောင် ရောက်လာတာ လာမယ့် လွတ်လပ်ရေးနေ့ဆို သုံးနှစ်တင်းတင်း ပြည့်ရော့မယ်။ ရောက်လာလာချင်းအချိုးစ၊ မပြေပုံက၊ ကျုပ်ကိုခေါ်လိုက်ပုံများ၊ ဘကြီး တဲ့။ ရိုက်ကွင်းဆယ့်တစ်ကွင်း တစ်ကွင်းမှ မ လွတ်ဘူး။


အမှန်ပြောရင် သူ့အမေအချိုးကို ကျုပ် ကြည့်မရလို့ သူတို့မိသားစုနဲ့ အဆက်ဖြတ် ထားခဲ့တာ ဆယ်နှစ်ကျော်ကျော်တောင် ရှိ ရော့မယ်။ ဆယ်တန်းနှစ်ခါဖြေပြီး၊ ရန်ကုန်မှာ ယောင်ဝါးဝါးလုပ်နေတဲ့ ကိုယ်တော်ချောဟာ ကျုပ်ဆီကိုလာချင်လွန်းလှပါချည့်ရဲ့ဆိုပြီး တယ်လီဖုန်းထဲကနေ တဂျီဂျီနားပူနား ဆာပေ မယ့် ကျုပ်ကတော့ နှစ်နှစ်လောက် ခပ်မဆိတ် မသိလိုက် မသိဘာသာနေခဲ့ပါသေးတယ်။

ဒါပေမဲ့ဗျ သွေးသားအရင်းအချာလည်း ဖြစ် ကျုပ်မလည်း အသက်က ထောက်လာ ပြီမို့ သူတစ်ပါးမြို့ရွာမှာ တစ်ကိုယ်တည်းနေ ရတဲ့ အထီးကျန်ဘ၀ လက်ကတုံးတောင် ဝှေး တိုင်ပင်ဖော်တိုင်ပင်ဖက် တစ်ယောက် လောက်တော့ ရှိသင့်တယ်လို့ ထင်မိတာ ကြောင့် နောက်ဆုံးမှာ ခေါ်ဖြစ်ခဲ့ရောဆိုပါ တော့။ အမှန်ဆိုဒီကောင့်ကို ကျုပ်နောက်ဆုံး မြင်ဖူးခဲ့တာ သူဆယ့်သုံးနှစ်သားလောက် ကဗျ။ ပြန်တွေ့တဲ့အချိန်မှာအသက်နှစ်ဆယ် ကျော်လူပျိုဖြစ်နေတဲ့အပြင်၊ အရပ်အမောင်း ကလည်း ကျုပ်တို့အမျိုးနွယ်သမို့ ငါးပေကိုး လက်မလောက်တောင် ရှိမယ်ထင်ပါရဲ့။

အင်း သူနဲ့ကျုပ်ဟာအချိန် အတော်ကြာ အနေဝေးခဲ့လေတော့ တူတော်မောင် ဘယ် လိုလူစားဆိုတာ ]ဒီကောင်အချိုးမှပြေပါ့မ လား} ဆိုတဲ့စိတ်နဲ့ မသိမသာအကဲခတ်ရတဲ့ အလုပ်တစ်ခု ပိုလာတာအမှန်ပဲဗျို့။ စောင့် ကြည့်တယ်ဆိုတာကလည်း အပြစ် တင်ချင် လို့ရမယ်ရှာတာမျိုးမဟုတ်ဘဲ၊ ]ငါ့တူ}ဘယ်နေ ရာမျိုးမှာထက်မြက်ထူးချွန်ပါလိမ့်ဆိုတဲ့ ကောင်း ကွက်ကိုရှာတာလည်း ပါတာအမှန်ပဲဗျ။

ဒီလိုနဲ့ သူရောက်ပြီး တစ်ပတ်လောက် လည်းနေရော ပွဲကြီးပွဲကောင်းစတွေ့တာပဲဗျို့။

(နှစ်)

ဖြစ်ပုံဒီလိုဗျ။ ဒီကောင်ဟာ ကျုပ်တူသား အရင်းဖြစ်နေလေတော့ ဝတ်ပုံစားပုံကအစ ဘာများ လိုအပ်နေပါလိမ့်မလဲဆိုပြီး၊ စေ့စေ့ စပ်စပ်ကြည့်မိတော့ ဒီကောင်စီးလာတဲ့ ဖိ နပ်ဟာ မြမာလာတံဆိပ် ခြေညှပ်ဖိနပ် တစ် ပတ်ရစ်ဖြစ်နေတာမို့ ဟန်မကျလှပါဘူးလေ ဆိုပြီး ဖူးခက်လိုမြို့ကြီးမှာ လူတောသူတော တိုးမယ့် အကောင်းစားဖိနပ်တစ်ရန်ဝယ်ပေးဦး မှပါလေဆိုပြီး ကျုပ်ဆုံးဖြတ်လိုက်တဲ့ နေ့ရဲ့ နောက်တစ်ရက်မှာပေါ့။

အဲဒီနေ့က နေ့လယ်ဘက်အလုပ်လည်း ပါးတာနဲ့ အိမ်ကနေ သူထိုင်နေတဲ့ဈေးဆိုင် ဆီကို ကားမောင်းသွားပြီး စူပါမတ်ကက် တစ်ခုဆီ ဒင်းကို တင်ခေါ်သွားလိုက်တော့ သူလည်း ကားထဲဝင်ထိုင်ရော ကျုပ်နှာခေါင်း ထဲကို ချဉ်စုပ်စုပ်အရက်နံ့ ထောင်းခနဲ တိုး ဝင်လာတော့တာပါပဲဗျာ။

ဒင်းပါးစပ်ကလည်း ပြောလိုက်တဲ့စကား တောင်စဉ်ရေမရ ကရားရေလွှတ်တာထက် တောင်ဆိုးသေး။ အမယ် ရွှေကိုယ်တော်က ဟေ့ကောင် မင်းနေ့လယ်ဘက်ကြီး အရက် သောက်လာသလားဆိုတော့ မသောက်ပါဘူး ဆိုပြီး ဗြောင်ငြင်းသဗျ။

စိတ်ပျက်ဖို့ကောင်းချက်ကတော့ဗျာ။ ကျုပ် ဟာ ငယ်နုစဉ်ဘ၀က အရက်ချိုး၊ ပန်ကာ့ထိပ် ကဝက်အူ ဆိုတာ သူ့ခမျာ မသိရှာဘူး။ လူ ငယ်သဘာဝ အရက်သောက်တာကို ကျုပ် အတင်းအကျပ်မတားပါဘူး။ နားလည် ပေး နိုင်ပါတယ်။ ခုတော့ဗျာ။ နေ့လယ်ဘက်ကြီး လည်း သောက်ထားသေး၊ လူကြီးမှန်းမသိ၊ သောက်စကား များနေလိုက်တာ။ ကားကို လမ်းဘေးထိုးရပ်ပြီး စိတ်ရှိလက်ရှိ နားဘန်၊ နားရင်းကျင်းပစ်လိုက်ချင်တဲ့ စိတ်ကို အတော် ထိန်းလိုက်ရတယ်။လက်စသတ်တော့ ဒီကောင် ဟာ ယောက်ျားမှန်သမျှ အရက်သောက် တတ်တဲ့ ကျုပ်တို့ မျိုးရိုးကို မတိမ်ကောအောင် ဇာတိမာန်အပြည့်နဲ့ ထိန်းသိမ်းနေတဲ့ လူငယ် အာသွက် ကာလူးသမားစာရင်းဝင် ယမကာ လုလင်လေးဖြစ်နေသကိုး။

နောက်ပိုင်းတော့ ကျုပ်လည်း အလုပ်ပြီး ချိန်သောက်ခွင့်ရှိတယ်။ အိမ်မှာသောက်ဆို တဲ့ တင်းကျပ်တဲ့စည်းကမ်းချက်နဲ့ လိုင်စင်ချ ပေးပြီးတစ်ပတ်ကို အရက်ပုလင်းနှစ်လုံးကိုယ် တိုင်ဝယ်ပေးရတဲ့ဘ၀ ရောက်ရောဆိုပါတော့။ ထားပါတော့လေ။ အရက်သောက်တာလောက် တော့ ရေးကြီးခွင့်ကျယ် လုပ်စရာမဟုတ်ပါ ဘူး။ နောက်ပိုင်းစကားစပ်မိလို့ ဗြောင်ငြင်း တဲ့ကိစ္စ စကားစပ်မိတော့ အမှန်အတိုင်းဝန်ခံ လိုက်ရင်၊ ဘကြီးကို အရိုအသေတန်မှာစိုးလို့ ပါတဲ့။လာလာချည်သေး။

(သုံး)

လောကကြီးမှာ မခေါ်ချင်ရင်သာနေလို့ ရတယ်။ မတော်ချင်လို့နေလို့မရပြန်တော့ ဒီ လိုပဲ စိတ်ရှည်လက်ရှည် သည်းခံခွင့်လွှတ်ပြီး စခန်းသွားရတာပေါ့ဗျာ။ ကိုယ့်ရပ်ကိုယ့်ရွာ မဟုတ်တဲ့ ရာဇဝင်ထဲက ရန်သူ့မြေမှာ အနေ အထိုင်တတ်မှာ တော်ကာကျမှာ မဟုတ်လား။ ကျုပ်စိတ်ထဲမတော့ တစ်စက်မှကြည့်မရ ကျုပ် စိတ်နဲ့ကီးမကိုက်တာ အမှန်ပဲဗျာ။

ကြည့်လေ။ ကျုပ်ဆိုတဲ့ ကောင်ဟာ၊ ယောက်ျားဆိုရင်ဒေါင်ကျကျ ပြားကျကျ၊ ရေ စိမ်ခံတဲ့ စိတ်ဓာတ်မျိုးကိုမှ သဘောကျတာ။ အခုတော့ဗျာ။ ဇီဇာကြောင်လိုက်တာ ကြက် သားမစားဘူးတဲ့။ ငါးဟင်းဆို ဒိုက်စော်နံသ တဲ့။ ရွေးလိုက်တဲ့ဟင်း၊ ဘာအာဟာရ ဓာတ် မှမပါတဲ့ ငြုပ်ဆီနီနီရဲရဲ၊ တရွှဲရွှဲနဲ့ ခေါက်ဆွဲ သုပ်၊ ကြာဆံသုပ်ကျတော့ ညကြီးသန်းခေါင် အားကြိုးမာန်တက်ကိုယ်တိုင် သုတ်စားသဗျ။

ပေါင်းသင်းဆက်ဆံရေး ကောင်းလိုက်ပုံ များ ဆိုင်မှာခေါ်ထားတဲ့သူနဲ့ အသက်မတိမ်း မယိမ်း ချာတိတ်သုံးကောင်ကို ဘာအကြောင်း ပြချက်မှ မရှိဘဲ စကားဟဟမပြောဘူးဗျာ။အ ရောတဝင်နေဖို့ဆိုတာဝေလာဝေး။ ဟကောင်၊ မချစ်သော်လည်း အောင့်ကာနမ်း၊ ကိုယ်က အထက်စီးမှာ နေတဲ့သူမို့ ရင်းရင်းနှီးနှီးနေပါဟ ဆိုပြန်တော့ ဒင်းတုံ့ပြန်ပုံက ကျွန်တော်သူတို့ ကို ဘာတစ်ခုမှ မတရားတာမလုပ်ဘူး။ အ လုပ်ဟာ အလုပ် စည်းကမ်းဟာ စည်းကမ်းပဲတဲ့ ဗျာ။ ကျုပ်ဘာမှ ဆက်မပြောသာပြန်ဘူး။ အွန် လိုင်းမှာ ဖေ့စ်ဘွတ်ဖွင့်တယ် ဆိုပြန်တော့ ဟုတ်မလားမှတ်တယ်။ ဖရင့်လစ်မှာ ခြောက် ယောက်တိတိ။

တစ်နှစ်ခွဲလောက်အကြာ၊ဆိုင်မှာအထိုင် များ အစားအသောက် ညကြီးအချိန်မတော် ကျမှ နင်းကန်စားလေတော့ ဗိုက်ပူပြီး ပုံပန်း ပျက်ချင်သလိုလိုဖြစ်လာပြန်တော့လည်း ဟ ကောင် ငါနဲ့အတူတူ ပန်းခြံထဲမှာ မနက်စော စော လိုက်ပြေးလဟလို့ အက်ဒီဒတ်တံဆိပ် ဖိနပ်တစ်ရန်ဝယ်ပေး ရှိခိုးဦးတင်ခေါ်တာတောင် တစ်ရက်လား ဆောင့်ကြီးအောင့်ကြီး လိုက် လာတယ်။

နောက်နေ့ မထုံတက်သေး။ အိပ်ရေးမ၀ လို့ဆိုတဲ့ ခေါင်းစဉ်နဲ့ ဂျက်စီဂျိန်းတာပါပဲ။ အ မယ် လေကတော့မလျှော့ဘူးဗျာ။ ကျွန်တော် ငယ်ငယ်တုန်းက ဝိတ်ပြားတွေနဲ့ ကစားထား တာဗျတဲ့။ ဗိုက်နည်းနည်းပူတာ ရေသောက် များလို့ပါတဲ့။

ကျုပ်လည်းနည်းမျိုးစုံနဲ့ ဆိုဆုံးမတာပါပဲ။ငါ့တူ၊ လူဆိုတာ အသိုင်းအဝိုင်းနဲ့ နေရတယ်။ပြင်ပဗဟုသုတရှိအောင် ငါနဲ့အတူ ဟိုဟိုဒီဒီလိုက် ခဲ့ပါလဟ ဆိုပြန်တော့လည်း ဗိုင်းကောင်း ကျောက်ဖိလေသံနဲ့ ကျွန်တော်ဒါမျိုးတွေ ဝါ သနာမပါဘူးဆိုပဲ။ ညညများဆို မှန်ရှေ့မှာ တစ်နာရီလောက်ရပ်ပြီး ဘိုကေကို ကြော့ အောင်ဖြီးဖြီးနေတာမြင်မိလို့ လူငယ် ဘာသာ ဘာဝ ရည်းစားသနာလေးများ ရှိခဲ့သလား လွမ်းဆွေးနေသလား၊ မရှိသေးရင် ဘယ်လို စိတ်ကူးများရှိသလဲစပ်စုမိတော့၊ အခုချိန်အ ထိမျက်နှာပွင့်နေတဲ့ သူ့ဘကြီးနဲ့တော့ ဆီနဲ့ရေ ပဲဗျို့။ ရည်းစားတော့ ထားဖူးတယ်။ အမေ ဇွတ်လုပ်လို့တဲ့။ မင်းနဲ့အဲဒီ ရည်းစား ဘယ်အ ဆင့်အထိ ရင်းနှီးခဲ့သတုံးဆိုတော့၊ သူတစ်ပါး အတွင်းရေးကို မစပ်စုပါနဲ့ဘကြီးရာတဲ့။

ဒါဖြင့်ဈေးဆိုင်မှာ၊ တစ်နေကုန်ထိုင်နေပါ လျက်၊ မင်းစိတ်ဝင်စားတဲ့ ဖူးခက်ကမြန်မာ မိန်းကလေးတစ်ယောက်တလေများ မတွေ့ မိဘူးလားဆိုမေးမိတော့၊ တောသူတောင် သားတွေ စိတ်ဝင်မစားဘူးတဲ့ခင်ဗျာ။ ဒါနဲ့ ကျုပ် လည်း အရွဲ့တိုက်ပြီး၊ မင်းသာ လိုချင်တယ် ပြော။ ဥရောပသူကိုရအောင် ငါကြံပေးမဟလို့ အငေါ်တူးလိုက်တော့ ကျွန်တော်က လူပျိုကြီး လုပ်မှာတဲ့။ ပတ်တောပိတ်ပြီပေါ့။လူစွမ်းလူစ နည်းတဲ့နေရာမှာတော့ ဩချရတယ်။

(လေး)

အမယ် နေဦးဗျ။ ရောက်ခါစက ညညဆို စာအုပ်တစ်အုပ်နဲ့ ငြိမ်ချက်သားကောင်းနေ တတ်တယ်။ တစ်ခါတလေ အရက်ကလေး ခပ်ထွေထွေနဲ့ ကျုပ်အိပ်ခန်းထဲ ခပ်ယို့ယို့လေး ဝင်ဝင်လာပြီး ထွေရာလေးပါး လာလာပြော တတ်တယ်။ သူစာအုပ်တွေအများကြီး ဖတ်ခဲ့ တယ်ဆိုပဲ။ မင်းဘယ်စာအုပ် အကြိုက်ဆုံးလဲ ဆိုတော့ ကမူးရရဲ့စည်းအပြင်ကလူတဲ့။ ဒီ ကောင် အဲလ်ဘတ်ကမူးကို စွဲလမ်းလိုက်ပုံများ ကမူးနဲ့ ပတ်သက်သမျှ အာဂုံဆောင်ထား သလားတောင် ထင်ရသဗျ။ ကမူးသာသက်ရှိ ထင်ရှား ရှိနေသေးရင် ဒီကောင့်ကို ကျေးဇူး တင်လွန်းလို့ ထမင်းတောင် ဖိတ်ကျွေးမယ် တွေးမိတဲ့အထိ။

နောက်တော့ မော်ရေးဗီးယားရဲ့ လက်ရာ တွေကို စွဲလမ်းသတဲ့။ ကြောက်စရာ့ရောမဆို တဲ့ ဝတ္ထုကိုအသေကြိုက်သတဲ့။ ဒါတင် ဘယ် ကဦးမလဲ။ တစ်ခါတလေ မူးမူးနဲ့ စာပေ၊ဂီတ၊ ရုပ်ရှင်၊ ဘောလုံးပွဲတွေအကြောင်း ဝေဖန်ရေး လေကန်ရေးတွေလည်း လုပ်တတ်သေးဗျ။ စကြ၀ဠာကြီးအကြောင်း၊ တခြားဂြိုဟ်ကသက် ရှိတွေအကြောင်း၊ သူဖတ်မိသမျှ သူထင်ရာ မြင်ရာသုံးသပ်ချက်တွေ ရေပက်မဝင်အောင် ပြောနေတတ်တာပါပဲဗျာ။ ကျုပ်ဖြင့် အားရလွန်း လို့ ငါ့ကောင် ဒီလိုဆိုတော့လည်း မဆိုးလှပေ ဘူးဆိုပြီး သောက်စားမထားတဲ့၊ သာမန်အချိန် တွေမှာ သူပြောခဲ့တဲ့ အကြောင်းတွေကို ပြန် ဆွေးနွေးကြည့်တော့။ အဲဒါတွေ ကျွန်တော် ပြောမိသလားတဲ့။ သေပြီဆရာပေါ့။

အမှန်တော့ ဒါတွေဟာ ကျုပ်အတ္တတွေ ပါဗျာ။ ကျုပ်တို့ညီအကိုမောင်နှမ ခုနစ်ယောက် မှာ နှစ်ယောက်သာ ဘွဲ့ရခဲ့တယ်။ ကျန်ရစ်မယ့် မျိုးဆက်မှာ ပညာတတ်တွေဖြစ်၊လူချွန်လူမွန် တွေ ဖြစ်စေချင်တဲ့စိတ်တွေ များလွန်းနေ တယ်ဆိုပါတော့။ သူ့အတွေးအခေါ် မြင့်ရာ မြင့်ကြောင်း၊ ကျုပ် ဖတ်မှတ်သိမြင်ထားတာ လေးနဲ့ ဆွေးနွေးဖလှယ်ချင်တာလည်း ပါသ ပေါ့။ ဒါပေမဲ့ ဘယ်လိုမှ ကျောက်ခဲ ရေညှစ် လို့ မရတဲ့အဆုံး သတ္တဝါတစ်ခုကံတစ်ခု သဗ္ဗေ၊ ခပ်သိမ်းကုန်သော၊ သတ္တာ သတ္တဝါတို့သည်၊ ကမ္မသကာ ကံစီမံရာ အတိုင်းသာဖြစ်ကြကုန် ၏ဆိုတဲ့ တရားနဲ့ပဲဖြေရမယ့်ကိန်း ဆိုက်ခဲ့ရော ဆိုပါတော့။

အင်း၊ လောကကြီးဟာ အဆန်းသား က လား၊ စိန်ကဲကျောက်ကဲထက် လူကဲခတ်ခက် တယ်ဆိုတာ တယ်မှန်သကိုး။ ကျုပ်လုံးလုံး လျားလျား စိတ်လျှော့လိုက်ပါပြီဆိုကာမှ မျှော် လင့်ချက် ရောင်ခြည်ဟာ မထင်မှတ်ဘဲ ဝင်း ခနဲလက်ခနဲ ပေါ်လာပါတော့တယ်။ လွန်ခဲ့ တဲ့ငါးရက်ကပေါ့ဗျာ။

(ငါး)

အဲဒီနေ့က တူဝရီးနှစ်ယောက် မနက်စော၊ စာစားနေကြတဲ့အချိန်ဗျ။ သူလည်းအိပ်ရာ ထကာစမို့ မသောက်မစား မျက်နှာ ကြည်ကြည် လင်လင်နဲ့ဆိုပါတော့။ မကြာသေးခင်က ဆယ် တန်းအောင်သွားတဲ့ သူ့ညီ၊ ကျုပ်တူအငယ် ကောင်အကြောင်း စကားစမိရာက မင်းညီကို ဗိုလ်သင်တန်းမဖြေခိုင်းဘူးလားလို့ အမှတ် မထင်မေးလိုက်မိတော့ သူရုတ်တရက် ဖြန်ဖြေ လိုက်တဲ့ အဖြေကြောင့် ကျုပ်တောင် ကြောင် အမ်းအမ်းဖြစ်သွားရတဲ့အထိ။

]ထမင်းတစ်လုတ်နဲ့ သိက္ခာကျမယ်၊ လူမှာ အရှက်နဲ့ သိက္ခာဟာအရေးအကြီးဆုံးပဲ။ ဒီ ခေတ် စစ်ဗိုလ်အများဟာ ခံယူချက်မမှန်ကြ ဘူး} တဲ့။

ဒါနဲ့ တအံ့တဩဖြစ်နေရင်း သူ့မျက်နှာ ကို စေ့စေ့စပ်စပ်ကြည့်နေလိုက်တော့ သူက ကျွန်တော့်ကို ]ဘကြီး (Saving Private Ryan) ကို ကြည့်ဖူးသလား} ဆိုပဲ။ ဒီလောက် ကမ္ဘာကျော်တဲ့ရုပ်ရှင်ဇာတ်ကားကို ကျုပ်မသိ ဘဲနေပါ့မလားဗျာ။ ဒုတိယကမ္ဘာစစ် အတွင်းမှာ ဝင်တိုက်ခဲ့ကြတဲ့ ရိုင်ယန်ညီအစ် ကိုလေးယောက်မှာ သုံးယောက်တိုက်ပွဲကျ သွားတယ်။ အမေရိကန် ကာကွယ်ရေးဦးစီး ချုပ်ဟာ သားသုံးယောက်ဆုံးပါးရရှာတဲ့ မိခင် မုဆိုးမကြီးကို သနားကရုဏာသက်လွန်းလို့ တပ်ဖွဲ့ဝင်ရှစ်ယောက်ပါတဲ့ အထူးတပ်ဖွဲ့ တစ်ဖွဲ့၊ နော်မန်ဒီစစ်မြေပြင်ကို စေလွှတ်ပြီး ဘရိုင်ယန် ညီအစ်ကိုတွေထဲက နောက်ဆုံး ကျန်ခဲ့တဲ့ ဘရိုင်ယန်ကို မဖြစ်မနေပြန်ကယ် တင်ခိုင်းခဲ့တဲ့ ဇာတ်လမ်းပေါ့။ ဒါပေမဲ့ ကျုပ် ဘာတစ်ခွန်းမှ ပြန်မဖြေဘဲ ခေါင်းကို အသာ ညိတ်ပြလိုက်ပါတယ်။

ဒီမှာတင် သူဟာ တပ်သားရိုင်ယန်ကို ကယ်တင်ခြင်းဆိုတဲ့ ဒါရိုက်တာစတီဗင်စပီး ဘတ်ရဲ့လက်ရာ၊ ရုပ်ရှင် ဇာတ်လမ်းကို ခရေ စေ့တွင်းကျရှင်းတော့တာပါပဲဗျ။ စစ်ပွဲတွေရဲ့ သဘာဝ၊ အမေရိကန်စစ်သားတွေရဲ့ ခံယူ ချက်နဲ့ဘ၀၊ အမေရိကန်စစ်တပ်ရဲ့ သာမန်အ ဆင့် အကြပ်တပ်သားတွေအပေါ် တန်ဖိုးထားမှု၊ စစ်ပွဲအတွင်း လူသားစရိုက်၊ စတီဗင်စပီးဘတ် ရဲ့ ပါရမီမြောက် ရိုက်ချက်၊ ဗိုလ်ကြီး မီလာအ ဖြစ်သရုပ်ဆောင်တဲ့ အော်စကာမင်းသားတွမ် ဟင့်ရဲ့ အရည်အသွေး၊ ပြောလိုက်တာမှ စုံ လို့၊ ကျုပ်ဖြင့် ပါးစပ်အဟောင်းသားနဲ့ သူ့ရှေ့ မှာ တပည့်တစ်ယောက်လို နာရီဝက်ကျော် ကျော် မှင်တက်မိပြီး နားထောင်နေမိသဗျာ။သူပြောတဲ့ နောက်ဆုံးမှတ်ချက်ကို ကျုပ်သ ဘောအကျဆုံးပဲ။

]ဒီရုပ်ရှင်ဟာ အမေရိကန်စစ်တပ်ပေါ်လ စီကားလို့ ယူဆရင်လည်းရတယ်။ ဒါပေမဲ့ အ လားတူဖြစ်ရပ်မျိုး၊ ပထမဆုံး အမေရိကန် သမ္မတကြီးလင်ကွန်းလက်ထက်မှာလည်း ဖြစ် ခဲ့ဖူးတယ်။ ကျွန်တော့်ညီသာမက ကျွန်တော်ပါ စစ်ထဲဝင်ဖို့ အဆင်သင့်ရှိတယ်ဘကြီး။ ဒါပေမဲ့ စစ်တပ်ဟာ တကယ်ကိုတိုင်းပြည်ကိုချစ်တဲ့၊ ကာကွယ်ရေးတာဝန်ကို ပီပီပြင်ပြင်ထမ်းဆောင် တဲ့ စစ်တပ်မျိုးဖြစ်ဖို့တော့လိုတယ်။ စစ်သား ဦးရေသန်းချီပြီး ဝင်တိုက်နေတဲ့ ဒုတိယကမ္ဘာ စစ်လို ဧရာမစစ်ပွဲကြီးအတွင်းမှာတောင်၊ သာ မန်တပ်သားတစ်ယောက်ရဲ့ အသက်ကို တန် ဖိုးထားတဲ့ စစ်တပ်မျိုးမှာမှ ကျွန်တော် စစ် သားဖြစ်ချင်တာ}

တကယ့်ကို သမ္မာဒိဋ္ဌိ အမြင်မှန်တဲ့ ကျုပ် တူပေပဲ။ လူတစ်ယောက်ရဲ့ ကောင်းကွက်တစ် ခုတည်းကိုပဲ လိုချင်လို့တော့ ဘယ်ရပါ့မတုံး၊ ဒွန်တွဲတဲ့ဆိုးကွက်တွေလည်း ပါပေမပေါ့။ ဒီ လိုဆိုတော့လည်း ကျုပ်တို့ နတ်မောက်အနွယ် အမျိုးတွေဟာ မညံ့လှပါကလားဗျာ။ အေး လေ။ ကျုပ်တို့ အမျိုးတန်ခိုးရှိဖို့ဆိုတာ ဒီလို လူငယ်မျိုးတွေနဲ့မှ ဖြစ်မှာကိုး။ ကျုပ်တို့ တိုင်း ပြည်ကို အုပ်ချုပ်မင်းလုပ်နေတဲ့ ရွှေကိုယ် တော်များ တူတော်မောင့်လို အသိမြင်အမျိုး သာရှိခဲ့ရင် မြန်မာပြည်မှာ ရွှေမိုးငွေမိုးရွာတာ ကြာလှပေါ့။ စကား လက်စသတ်ရင်း ထမင်း ငုံ့စားနေတဲ့ ကျုပ်တူတော်မောင်ကို ရုတ်တ ရက် ကြည့်လိုက်မိတော့၊ ကျုပ်မျက်စိထဲမှာ ပုဒ်မ ၄၃၆ ကိုပြင်ဖို့ လက်မှတ်ထိုးတဲ့အမှုနဲ့ ထောင်ဒဏ်ကျသွားရရှာတဲ့ ဗိုလ်မှူးကျော် စွာဝင်းဆိုတဲ့ လူငယ်ကိုပြေးမြင်မိပါရဲ့။

Credit -  The Ladies News Journal



 

No comments:

Post a Comment