Sunday, December 14, 2014

မနာလိုတိုရှည် ယောက်မကြီးနဲ့ မွှေ

  


 ရွှေသီးရေ . . . ဒီတစ်ပတ်တော့ မင်းကို ကဗျာလေး တစ်ပုဒ်ရွတ်ပြချင်တယ်။ မင်းမှတ်မိမှာပါ။ န၀မတန်းပြဋ္ဌာန်းကဗျာ စာအုပ်ထဲက ကဗျာတစ်ပုဒ်ပေါ့။ ရေးတဲ့သူက မန်လည်ဆရာတော်၊ ကဗျာအမျိုးအစားက လေးဆစ်တဲ့။

‘‘ပြစ်မရှိ ပြစ်ရှာ

လမင်းကို ခွေးဟောင်လို့

ရွှေလရောင် ပြောင်မပျက်တယ်။

ထွန်းလျက်ပင်သာ။

မြရွှေဂူ ပတ္တမြားကိုလ

ဝက်များက ငြူစူစွာ

ညွန်လူးကာ တိုက်နဲ

ပွတ်လေလေ

ဂူရွှေမှာ အရောင်ထွက်တယ်။

ရှေးကထက် ကဲ . . . တဲ့။

ကဗျာက ရှင်းပြစရာမလို အောင်ကို ရှင်းပါတယ်။ လမင်း ကြီးထိန်ထိန်သာနေတာကိုကြည့် ပြီး ခွေးက ဟောင်သတဲ့။ ဘယ် လောက်ပဲ ခွေးဟောင်ဟောင် လမင်းရဲ့ အရောင်အ၀ါက ညှိုးကျသွားပါ့မလား။ ခွေးသာမောပြီး သေသွားမှာပေါ့။ ဒီလိုပါပဲ အရောင်တလက်လက်တောက် နေတဲ့ မြရွှေဂူက ပတ္တမြားကို အရောင်တွေ ၀င်းလက်နေလို့ ဆိုပြီး ၀က်တွေက ကိုယ်မှာ ရွှံ့ ညွန်တွေလူးပြီးပွတ်တိုက်သတဲ့။ ဒါပေ မဲ့ ၀က်တွေ ကိုယ်နဲ့ ပွတ်လေပတ္တမြားက ပိုပြီး အရောင်လက် လာလေပဲ မဟုတ်လား။ ဒီကဗျာ ကို  ဆရာတော်က ဗုဒ္ဓရဲ့ ဇာတကတွေထဲက ယူပြီးရေးလိုက်တာကွ။ အဲဒီမှာ ကဗျာရဲ့အစ ‘‘ပြစ်မရှိ ပြစ် ရှာ’’ဆိုတာက ကဗျာကို ပိုလေး နက်သွားစေတယ်နော်။ ဒီကဗျာ မှာပါတဲ့ ခွေးရဲ့စိတ်နဲ့ ၀က်တွေရဲ့ စိတ်ကိုဖွင့်ပြလိုက်တာ ဣဿာ၊မစ္ဆရိယတဲ့။ မနာလိုဝန်တိုစိတ်ပေါ့။

ရွှေသီးရေ . . . အခါတစ်ပါး မြတ်စွာဘုရားက ရာဇဂြိုဟ်ပြည် ဝေဒီယတောင်ယံ ဣန္ဒသာလ လိုဏ်ဂူမှာ သီတင်းသုံးနေတော်မူ သတဲ့။ သိကြားမင်းက အခြွေအရံ တွေနဲ့ ဗုဒ္ဓကို လာရောက်ဖူးမြော် ပြီး ‘‘ဘုန်းတော်ကြီးသော မြတ်စွာ ဘုရား။ ဤလောကမှာ လူဖြစ်စေ၊နတ်ဖြစ်စေ၊ အခြားသတ္တ၀ါများ ဖြစ်စေ ရန်ကင်းလိုကြပါတယ်။ ဒဏ်ကင်းလိုကြပါတယ်။ စိတ် ဆင်းရဲကင်းလို၊ အမျက်ဒေါသ ကင်းလိုကြပါတယ်။ အဲသည်လို ကင်းအောင် အားထုတ်ကြပေ မယ့်လည်း သတ္တ၀ါတွေမှာ ရန် လည်း မကင်း၊ ဒဏ်လည်း မကင်း၊စိတ်ဆင်းရဲခြင်းလည်းမကင်း၊ အမျက်ဒေါသလည်း မကင်းကြ ပါ။

အဲဒါဘာဖြစ်လို့ပါလဲ’’လို့ မေးလျှောက်သတဲ့။ မြတ်စွာဘုရား က သိကြားမင်းကို မနာလိုဝန်တို ခြင်းကြောင့် သတ္တ၀ါတွေ အဲသည်လိုဖြစ်တာလို့ပြန်ဖြေသတဲ့။ ဣ ဿာမစ္ဆရိယပေါ့။ ဣဿာဆိုတာ က သူတစ်ပါးရဲ့ စည်းစိမ်ဥစ္စာကို ငြူစူခြင်းလို့ အဓိပ္ပာယ်ရတယ်။ မစ္ဆရိယကတော့ မိမိစည်းစိမ်ဥစ္စာ ကို ၀န်တိုတာတဲ့။ အဲဒီမစ္ဆရိယမှာ ပဲ ငါးမျိုးရှိပြန်သတဲ့။ အာဝါသ မစ္ဆရိယ-ကိုယ့်အရိပ်၊ ကိုယ့်နေရာကို သူများဝင်လာမှာ စိုးတာ။ ကုလ မစ္ဆရိယ-ကိုယ့်ကိုကြည်ညိုနေသူ တွေ သူများကိုကြည်ညိုသွားမှာ စိုးတာ။ ၀ဏ္ဏမစ္ဆရိယ-ကိုယ့်ထက် ပိုလှ၊ ပိုတင့်တယ်သွားမှာ စိုးတာ။ လာဘမစ္ဆရိယ-ကိုယ့်လာဘ် လာဘသူများဆီရောက်သွားမှာ စိုးတာ။ ဓမ္မမစ္ဆရိယ-ကိုယ်သိ ထားတာ သူများသိသွားမှာ၊ ကိုယ့်ထက်ပိုသိသွားမှာ စိုးတာလို့ အကြမ်းဖျင်းပြောရင်ရမယ်။

ရွှေသီးရေ . . . ငါဒီအ ကြောင်းတွေ ဘာလို့ စဉ်းစားမိနေ လဲဆိုရင် သမ္မတကြီးပြောနေကျ စကားတွေကို ပြန်ပြန်ကြားလို့ကွ။ ‘‘မတူတဲ့ အုပ်စုတွေကို ဖယ်ထုတ် ဖို့ ကြိုးစားတာမျိုးမလုပ်ဘဲ လက် တွဲဖြေရှင်းဖို့’’ ဆိုတာမျိုး အမြဲပြော နေတော့ စကားအရာတော့တယ်ကောင်းပါလားလို့ထင်မိတယ်။ မတူတဲ့ အုပ်စုတွေကို ဖယ် ထုတ်ဖို့ကြိုးစားတယ်ဆိုတာ မစ္ဆ ရိယစိတ်ပဲလေ။ အဲဒီမစ္ဆရိယကို အခြေခံနေသမျှ ရန်လည်းမကင်း၊ ဒဏ်လည်းမကင်း၊ စိတ်ဆင်းရဲ လည်းမကင်း၊ အမျက်ဒေါသ လည်းမကင်း ဖြစ်နေကြဦးမှာကိုး။

ဒါပေမဲ့ လက်တွေ့မှာတော့ သမ္မတကြီးပြောခဲ့သလို မတူတဲ့ အုပ်စုတွေကို ဖယ်ထုတ်ဖို့ ကြိုး စားနေတာ ဘယ်သူလဲ။ မစ္ဆရိယ တွေများနေတာ ဘယ်သူလဲဆို တာကို ပြန်ဆန်းစစ်ဖို့လိုလိမ့် မယ်။ ခုတစ်လော တစ်တိုင်းပြည် လုံးမှာ ပွင့်ချင်တိုင်း ပွင့်နေတဲ့ အပွင့်တွေကို မြင်ရတော့ မန်လည်ဆရာတော်ရဲ့ ကဗျာကို သတိရမိ တယ်။

သြော် . . . ပြစ်မရှိ ပြစ်ရှာဆို တဲ့ ဆရာတော့်ကဗျာတယ်မှန်ပါ လားလို့။ တစ်ရက်က ရန်ကုန် တိုင်းဒေသကြီးမှာ ၁၂ ပွင့်ဆိုင် ဆိုပြီး ထလုပ်၊ စစ်ကိုင်းတိုင်း လွှတ်တော်မှာကျတော့ ထိပ်သီးတွေ့ဆုံပွဲမှာ တိုင်းရင်းသားရေးရာဝန်ကြီးတွေပါ ထည့်သွင်းဖို့ လုပ်ပြန်တော့ အင်း . . . ရွှံ့တွေတော့ လူးကုန်ပြီလို့ တွေးမိပြန်တယ်။

ပြည်ထောင်စုလွှတ်တော်က တောင်းဆိုတာ ဘာအတွက်လဲ။ အရင်းအမြစ်ကဘာလဲ။ ပြဿနာ က ဘာလဲဆိုပြီး မစဉ်းစားနိုင် အောင်ကို မစ္ဆရိယတွေ အပြိုင် အဆိုင်ထနေကြတာလို့ပဲ ငါတော့ မြင်တယ်။

ပထမဆုံးသမ္မတနဲ့ ကာချုပ် တို့ရဲ့ နှုတ်ဖျားက တိုင်းရင်းသား တွေအတွက် အမြော်အမြင်ကြီး သယောင်နဲ့ လေးပွင့်ဆိုင်ဆို ကျဉ်းတယ်လို့ စပြောလိုက်ကတည်း က ရွှံ့တွေလူးနေတဲ့ ၀က်တွေကို ငါတော့ ပြေးမြင်တော့တာပဲ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကမ္ဘာ့ မျက်နှာစာမှာ ထင်ပေါ်ကျော်ကြားမှု၊ နိုင်ငံတစ်ဝန်းပြည်သူလူထုရဲ့  ချစ်ခင်ကြည်ညိုအားကိုးမှုတွေကို သေးသိမ်အောင်လုပ်လိုက်တာပဲ လို့ မြင်လိုက်တယ်။ တိုင်းရင်းသားနဲ့ အခြားအဖွဲ့အစည်းတွေကိုပါ တို့ထိပြီး ဒီပွဲထဲကိုဝင်လာ အောင် ဆွလိုက်တာပဲလေ။

တကယ်တော့ ဒေါ်အောင် ဆန်းစုကြည်ကြောင့် တစ်ကမ္ဘာ လုံးက မြန်မာဆိုတာကို ဂရုတ စိုက်ရှိခဲ့ကြတာမဟုတ်လား။ ကုန် ကုန်ပြောရရင် ပြီးခဲ့တဲ့ စစ်အာ ဏာရှင် အစိုးရလက်ထက်မှာ တောင် တိုင်းပြည်ကိုဖြစ်ဖြစ်၊ ကမ္ဘာကိုဖြစ်ဖြစ် ဟန်ပြစရာကိစ္စ ရှိရင် ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ခေါ်ပြီး တွေ့ဆုံပါတယ်ဆို တာ သူတို့ခေါင်ချုပ်ကြီး ကိုယ် တိုင်လုပ်ခဲ့ရတာမဟုတ်လား။ ခု ဦးသိန်းစိန်လက်ထက်မှာကော သမ္မတဖြစ်ပြီးပြီးချင်း ဘယ် ပုဂ္ဂိုလ်၊ ဘယ်အတိုက်အခံခေါင်း ဆောင်ကို ခေါ်တွေ့ခဲ့လဲ။ ဒါက ရှင်းနေတဲ့ အဖြေမဟုတ်လား။ ဒါ ကို ခုချိန်ကျမှ အပွင့် အပွင့်တွေ ထပ်ကာထပ်ကာ ရှုပ်နေတာက တော့ ရွှေလသာတာကို မနာလို တာလို့ပဲ ငါတို့တော့ မြင်တယ် ရွှေသီး။

မြန်မာနိုင်ငံမှာ တိုင်းရင်း သားကြီး ရှစ်မျိုးနဲ့ မျိုးနွယ်စုပေါင်း ၁၃၅ မျိုးရှိတယ်လေ။ ဒါကိုမှ ငါတို့က လူမျိုးကြီးမို့ ငါတို့ပဲတွေ့မယ်ဆိုရင် လူမျိုးစုငယ်လေးတွေ ကကော လက်ခံပါ့မလား။ တစ် လောကပဲ ‘၀’တိုင်းရင်းသားခေါင်း ဆောင်တစ်ယောက်က သူတို့ဟာ ပြည်နယ်သက်သက်ရှိတဲ့ လူမျိုး၊ နောက်မှ ရှမ်းပြည်နယ် လက် အောက်ပေါင်းခံလိုက်ရတယ်။ ‘၀’ ပြည်နယ် သီးခြားရှိဖို့တောင်းဆို မယ်လို့ ဂျာနယ်အင်တာဗျူးတစ်ခု မှာ ပြောသွားတာ ဖတ်လိုက်ရ တယ်။

ကဲ . . .အဲဒီလို တိုင်းရင်းသားစုတွေကိုကော ဘယ်လိုလုပ်  မလဲ။

မြန်မာ့သမိုင်းကြောင်းတစ် လျှောက် လွတ်လပ်ရေးကြိုးပမ်းမှု ကာလကစပြီး ခုချိန်ထိလူထု ထောက်ခံမှုအရဆုံးဟာ ဗိုလ်ချုပ် အောင်ဆန်းပြီးရင် ဒေါ်အောင်ဆန်း စုကြည်ပဲ ရှိတယ်ဆိုတာလက်ခံသည်ဖြစ်စေ၊ လက်မခံသည် ဖြစ် ငြင်းလို့မရတဲ့ အမှန်တရားပါ။ အဲဒီလို ပုဂ္ဂိုလ်မျိုးနဲ့ တွေ့ဆုံပြီးနိုင်ငံ့အနာဂတ်ကို ဆွေးနွေးရင် လူအများလည်း ကျေနပ်၊ တိုင်းပြည်လည်း အဆင်ပြေမှာကို သိရဲ့သားနဲ့ ကြံကြံဖန်ဖန် အပြစ်မရှိ အပြစ်ရှာပြီး ဟိုအပွင့်၊ ဒီအပွင့်တွေဆွဲထည့်နေတော့ ဒီလူတွေနအဖလုပ်တဲ့ အမျိုးသားညီလာခံကြီးကို မေ့သွားပြီထင်တယ်လို့ တွေးမိပြန်တယ်။ ၁၉၉၀ ရွေး ကောက်ပွဲနိုင် ကိုယ်စားလှယ်တွေ အင်အားနည်းအောင် အကွက် ကျကျစီမံလိုက်တဲ့ နအဖရဲ့ အလုပ်သမား၊ လယ်သမား၊ တတ်သိ၊ တိုင်းရင်းသား စသည့်စသည့် အပွင့်တွေကပဲ ခုတိုင်းပြည်ကို ဒုက္ခပေးနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကြီးကို ခေါင်းညိတ်ခဲ့ ကြတာမဟုတ်လား။ အဲဒီအပွင့်တွေကို လက်ညှိုးထိုးထိုးပြီး ၂၀၀၈ ဖွဲ့စည်းပုံဟာ ပညာရှင်များ၊ အပွင့်များနဲ့ ဆွဲထားတာပါလို့ ခုထိသမ္မတရော၊ ကာချုပ်ရော မျက် လုံးစုံမှိတ်ပြောနေကြတုန်း မဟုတ်လား။

ငါတော့ ဒီအကြောင်းတွေကို ရေးနေ၊ ပြောနေရင်း တို့ကလေး ဘ၀အရွယ်က ကစားရင်း အော် ဟစ်ခဲ့တဲ့ စကားတစ်ခွန်းကို သွား သတိရတယ်။ မနာလိုတိုရှည် ယောက်မကြီးနဲ့ မွှေဆိုတာလေ။ ကလေးတွေ ကစားနေတုန်း တခြား တစ်ယောက်ယောက်က ပွဲ ပျက်အောင် လုပ်လာရင် လှောင် တဲ့၊ ပြောင်တဲ့ စကားပေါ့။ ခုလည်းတို့နိုင်ငံရဲ့ ဒီမိုကရေစီလမ်း ကြောင်းကို ရှုပ်ထွေးအောင် ဘယ်သူတွေက ယောက်မကြီးနဲ့ ၀င်မွှေ နေသလဲဆိုတာ ကြည့်တတ်ရင် မြင်ပါတယ်။

ရွှေသီးရေ . . . တို့မြန်မာနိုင်ငံ သမိုင်းမှာ လမင်းကိုဟောင်တဲ့ ခွေးလို၊ ရွှံ့ညွန်လူးပြီး ပတ္တမြား အရောင်ကို အုပ်ဖို့ကြိုးစားတဲ့ ၀က်လို၊ ပွဲပျက်အောင် လုပ်တဲ့ မနာလိုတိုရှည်ယောက်မတွေလို လူမျိုးတွေကို သတိသာထားပေ တော့။

မင်းရှေ့မှာ ရောက်ရင် ရောက်နေမှာကွ။

Credit - 7DAY DAILY

No comments:

Post a Comment