![]() |
ဒီဇင်ဘာ ၁၂ ရက်က မြို့တော်ခန်းမရှေ့ ပိတ်ကာ ဆန္ဒပြနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်ကျော်ထက်) |
အစိုးရသစ်လက်ထက် သက်တမ်းအကြာရှည်ဆုံး သပိတ်စခန်းအဖြစ် ရန်ကုန်မြို့တော် ခန်းမရှေ့ရှိ မိကျောင်းကန် သပိတ်စခန်းက မှတ်တမ်းဝင်နေခဲ့ပါပြီ။ တိုင်းပြည်ကို အုပ်ချုပ်ပြီး ပြည်သူတွေရဲ့ အကျိုး၊ ပြည်သူတွေရဲ့ ဆန္ဒကို အလေးထားဆောင်ရွက်နေတဲ့ နိုင်ငံတော်အုပ်ချုပ်သူ အစိုးရ ဟုတ်မဟုတ် မေးခွန်းတွေကို ကိုးလကျော်ကြာ အစိုးရရဲ့ လျစ်လျူရှုမှုကို ခံထားရတဲ့ မိကျောင်းကန် သပိတ်စခန်းက မေးခွေန်းမေး အဖြေတောင်းခံနေတယ်။
အသိမ်းဆည်းခံမြေ ပြန်လည်ရရှိရေး စတင်တောင်းခံမှု
၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၂၇ ရက်မှာ သင်္ဃန်းကျွန်းမြို့နယ် ဝေဇယန္တာလမ်းနှင့် ပြည်သာယာလမ်းထောင့်ရှိ စစ်တပ်က သိမ်းယူထားတဲ့မြေ ယခင်မိချောင်းကန်ရပ်ကွက် (၁၊ ၂၊ ၃) နေရာကို ယခင်စစ်အစိုးရလက်ထက် အင်အားသုံး၍ အတင်းအကျပ် ပြောင်းရွှေ့ခံရသူများက လူဦးရေ ၅၀၀ ဖြင့် မြေနေရာ ပြန်လည်ရရှိရေးအတွက် စတင်ဆန္ဒပြ တောင်းဆိုခဲ့ပါတယ်။
ဒီလို ဆန္ဒထုတ်ဖော်ရခြင်းမှာ ယခင်စစ်အစိုးရ လက်ထက်တွင် စစ်အစိုးရက နိုင်ငံတော်အတွက် အမှန်တကယ် လိုအပ်သောနေရာ မဟုတ်ဘဲနဲ့ ရပ်ကွက်ကို အင်အားသုံးဖယ်ရှား ဖျက်ဆီးလုပ်ဆောင်ခြင်းများကြောင့် မိမိတို့အနေနဲ့ ဆန္ဒထုတ်ဖော်မူများ ပြုလုပ်ရခြင်းဖြစ်ကြောင်း ဆန္ဒပြသူများက ဆိုပါတယ်။
ဖယ်ရှားခံရတဲ့ သူများကပြောတဲ့ မိကျောင်းကန် အပိုင်း ၁၊ ၂၊ ၃ ရာဇ၀င်
ဖယ်ရှားခံ မိကျောင်းကန် အပိုင်း ၁၊ ၂၊ ၃ နေထိုင်သူတွေရဲ့ ပြောကြားချက်အရ စစ်အစိုးရအနေနဲ့ တစ်ရပ်ကွက်တည်း နေသူများအနက် ဇေယျာသီရိလမ်းဘက်မှာ နေထိုင်သူအချို့ကိုသာ အစားထိုး တိုက်ခန်းများပေးခဲ့ပြီး ကျန်နေထိုင်သူအချို့ကို လှိုင်သာယာ၊ ရွှေပြည်သာ၊ အေးမြသာယာ၊ ဒဂုံတောင်၊ ဒဂုံမြောက်နေရာတွေကို ပို့ဆောင်ခဲ့ကာ ပေ ၂၀ တစ်ကွက်ကို ကာလတန်ကြေး ကျပ် ၄၈၀၀ နဲ့ ၀ယ်ယူခိုင်းခဲ့ပြီး ကျန်တချို့ကိုတော့ နစ်နာကြေး ငွေကျပ်ငါးသိန်းစီ ပေးခဲ့ပါတယ်။ ဒီလို ဖယ်ရှားပြီး ကြားကာလမှာ စစ်တပ်က စိုက်ပျိုးရေးလုပ်ကိုင်သူ အချို့ကို ဆက်လက်ငှားရမ်း လုပ်ကိုင်စေခဲ့ပါတယ်။ လက်ရှိ ဆန္ဒပြ တောင်းဆိုနေသူတွေဟာ ယင်းကာလ ငွေကြေးမြင့်မားလွန်းတာကြောင့် စစ်တပ်မှရောင်းချတဲ့ မြေကွက်ကို မ၀ယ်ယူနိုင်ခဲ့သူများနဲ့ လျော်ကြေးငွေ မရှိသေးသူများဖြစ်ကြောင်း သိရပါတယ်။ ဒီလို ပေနှစ်ဆယ် မြေကွက်ကို ကျပ် ၄၈၀၀ ပေးကာ မ၀ယ်နိုင်သူတွေကို အလွန်ဝေးလံခေါင်ခိုက်တဲ့ အေးသုခ၊ အေးမြသာယာ၊ ပဲခူးတိုင်းတောထဲသို့ ပို့ဆောင်ခဲ့၍ ငှက်ဖျားရောဂါနဲ့ မြွေဆိုးကိုက် သေဆုံးခဲ့သူများ ရှိခဲ့ကာ စားသောက်ရေးအတွက်လည်း ပီလောပီနံ စိုက်စားခဲ့ရပြီး ၎င်းတို့နေထိုင်ရာ ရပ်ကွက်ကို နိုင်ငံတော်အတွက် အမှန်တကယ် လိုအပ်တဲ့နေရာ မဟုတ်ဘဲ မိုးသီးဇွန် နေထိုင်ခဲ့တဲ့ ရပ်ကွက်ဖြစ်တာကြောင့် နိုင်ငံရေး အာဃာတကြီးစွာနဲ့ ရပ်ကွက်ကို အင်အားသုံး ဖျက်သိမ်းဖယ်ရှားခဲ့တယ်လို့ ဆန္ဒပြသူတွေက တညီတညွတ်တည်း ဆိုကြပါတယ်။
မိကျောင်းကန် မြေနေရာ နေထိုင်သူအားလုံးကို လျော်ကြေးပေးပြီး ဖယ်ရှားခဲ့သည် ဆိုသော်လည်း သက်ဆိုင်ရာက မီဒီယာများအား အထောက်အထား ပြည့်စုံစွာနဲ့ သတင်းစာရှင်းလင်းမှုများ မရှိသေးသည့်အပြင် ယခင်စစ်အစိုးရလက်ထက် လုပ်ကိုင်ဆောင်ရွက်ခဲ့မှုတွေမှာ ပွင့်လင်းမြင်သာမှု မရှိခဲ့ဆိုလျှင် လက်ခံရပါမယ် . . . . .
အသိမ်းဆည်းခံမြေ ပြန်လည်ရရှိရေး ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်လာမှု
မိကျောင်းကန်မြေ ပြန်ရရှိရေး ဆန္ဒပြသူများအနေနဲ့ သင်္ဃန်းကျွန်းမြို့နယ် ယခင်မိကျောင်းကန် မြေနေရာရှေ့ အပါအ၀င် ရန်ကုန်မြို့တော်ခန်းမရှေ့၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက်ခဲ့တဲ့ သမ၀ါယမပွဲ သုဝဏ္ဏအားကစားကွင်းရှေ့တို့မှာ ဆန္ဒပြတောင်းဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။ သပိတ်စခန်းဖွင့် ဆန္ဒပြမှုကိုတော့ ယခင်မိကျောင်းကန် မြေနေရာရှေ့ တစ်ကြိမ်နဲ့ ရန်ကုန်မြို့တော် ခန်းမရှေ့မှာ နှစ်ကြိမ် စုစုပေါင်းသုံးကြိမ်မြောက် ရှိပြီဖြစ်သည်အထိ နိုင်ငံတော်အစိုးရ အနေနဲ့ ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးမှု မရှိသေးပါဘူး။
တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ပြောကြားချက်
တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းနဲ့ တပ်ပိုင်း တာဝန်ရှိသူများ၏ ပြောကြားချက်အရ မိကျောင်းကန် မြေနေရာအား အိုးအိမ်မှတစ်ဆင့် စစ်မှုထမ်းဟောင်းများအတွက် နေအိမ်တန်းလျား ဆောက်လုပ်ရန် လျာထားသော နေရာဖြစ်တဲ့အတွက် ပြန်လည်စွန့်လွှတ်ရန် အစီအစဉ် လုံးဝမရှိကြောင်း ပြောဆိုထားပြီး ယခင်နေထိုင်သူတွေကို လျော်ကြေးငွေပေးထားပြီဖြစ်ကြောင်း ပြောဆိုထားပါတယ်။
နေထိုင်သူအားလုံးကို အမှန်တကယ် လျော်ကြေးပေးပြီး သိမ်းခဲ့တာလား
တပ်မတော်က မိကျောင်းကန် မြေနေရာ နေထိုင်သူအားလုံးကို လျော်ကြေးပေးပြီး ဖယ်ရှားခဲ့သည် ဆိုသော်လည်း သက်ဆိုင်ရာက မီဒီယာများအား အထောက်အထား ပြည့်စုံစွာနဲ့ သတင်းစာရှင်းလင်းမှုများ မရှိသေးသည့်အပြင် ယခင်စစ်အစိုးရလက်ထက် လုပ်ကိုင်ဆောင်ရွက်ခဲ့မှုတွေမှာ ပွင့်လင်းမြင်သာမှု မရှိခဲ့ဆိုလျှင် လက်ခံရပါမယ်။ ဒါ့အပြင် ယနေ့အချိန်ထိ သိမ်းဆည်းထားတဲ့ မြေပေါ်မှာ စီမံကိန်း အကောင်အထည်ဖော်ခြင်း မရှိသေးပါဘူး။ ကာကွယ်ရေးဦးစီးချုပ် အနေနဲ့ တပ်မှသိမ်းဆည်းထားသော မြေနေရာများ အမှန်တကယ် အသုံးပြုနိုင်ခြင်း မရှိပါက ပြန်လည်စွန့်လွှတ်ပေးမယ်လို့ မီဒီယာများကို ဖြေကြားထားဖူးပါတယ်။
ဆန္ဒပြသူများ ရရှိတဲ့ အကျိုးရလဒ်နဲ့ အစိုးရရဲ့ တုံ့ပြန်မှု
သက်ဆိုင်ရာ အာဏာပိုင် အစိုးရအဖွဲ့အစည်း အနေဖြင့် အသိမ်းခံမြေ ပြန်လည်ရရှိရေး ဆန္ဒပြတောင်းဆိုနေတဲ့ သပိတ်စခန်းကို တရားဥပဒေနဲ့အညီ အင်အားသုံးဖယ်ရှားခဲ့ပြီး ဥပဒေနဲ့အညီ သပိတ်စခန်း ဦးဆောင်သူကို ထောင်ဒဏ်နှစ်နှစ်ကျော် ချမှတ်ခဲ့ကာ ၎င်းရဲ့အမှုအတွက် အယူခံဝင်မှုတွေကိုလည်း တရားရုံးက ပလပ်ခဲ့ပါတယ်။ မြေပြန်ရရှိရေး ဆန္ဒပြသူ တစ်ဦးဖြစ်သည့် အသက်(၇၆)နှစ်အရွယ် အဘွားအိုတစ်ဦးမှာလည်း လူကြီးရောဂါနဲ့ ဆန္ဒပြနေရင်း ကွယ်လွန်ခဲ့ပါတယ်။ ဒါ့အပြင် ယခုရက်ပိုင်းအတွင်း မြို့တော်ခန်းမရှေ့ ဆန္ဒပြတောင်းဆိုမှုကို မြို့တော်ခန်းမအတွင်း တာဝန်ရှိသူများက အသံချဲ့စက်များ၊ စပီကာများဖြင့် ခေတ်ပေါ် Hip Hop သီချင်းများကို အသံကျယ်လောင်စွာဖွင့်ပြီး ဆန္ဒပြသူများဘက်သို့ လှည့်ကာ ဆန္ဒပြနေသည့်အသံကို ဖုံးလွှမ်းစေအောင် ပြန်လည်တုံ့ပြန် ဖြေရှင်းမှု ပြုလုပ်ခဲ့ပါတယ်။ ယင်းသို့ တုံ့ပြန်မှုကို တွေ့မြင်ရသည်မှာ အစိုးရတစ်ရပ် အနေနဲ့ ပြည်သူလူထု၏ တောင်းဆိုမှုကို လက်ခံနားထောင်ပေးနိုင်ခြင်း မရှိတာလား၊ လျစ်လျူရှုထားတာလား၊ အုပ်ချုပ်သူတွေဖြစ်ပြီး ပြည်သူတွေအရေးကို တာဝန်ခံဖြေရှင်းပေးနိုင်မှု မရှိတာလားဆိုတဲ့ အတွေးတွေက ဆန္ဒပြသူတွေစိတ်ထဲမှာ နာကြည်းမှုတွေအဖြစ် ကျန်ရစ်နေပါတယ်။
သပိတ်စခန်းအကြောင်း သိသွားတဲ့ ကုလလူ့အခွင့်အရေး ကိုယ်စားလှယ်နှစ်ဦး
ရက်ကာလကြာရှည် ဆန္ဒပြတောင်းဆိုနေတဲ့ မိကျောင်းကန် သပိတ်စခန်း အကြောင်းရင်းနဲ့ မိကျောင်းကန်သပိတ် ဆန္ဒပြနေသူတွေ လူ့အခွင့်အရေး အချိုးဖောက်ခံနေရမှုကို မြန်မာနိုင်ငံ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် နှစ်ဦးဖြစ်တဲ့ မစ္စတာကင်တားနားနဲ့ မစ္စရန်ဟီလီတို့ကို သပိတ်စခန်းခေါင်းဆောင်က အသိပေး အကြောင်းကြားစာများ တွေ့ဆုံပေးအပ်ခဲ့ပါတယ်။ တင်ပြမှုကို ကုလသို့ အစီရင်ခံစာ တင်သွင်းမှု၌ ထည့်သွင်းဖော်ပြပေးမည်ဟု ကုလလူ့အခွင့်အရေး ကိုယ်စားလှယ်နှစ်ဦးက ဆိုခဲ့ပေမယ့် အစိုးရအနေဖြင့် စိုးရိမ်မှုတစ်စုံတစ်ရာ ဖြစ်ပေါ်ခဲ့ခြင်း မရှိဘဲ သပိတ်စခန်းအား ဆက်လက်လျစ်လျူရှုထားမြဲ ဖြစ်ပါတယ်။
ပြည်ထောင်စုလွှတ်တော် အတည်ပြု တိုက်တွန်းထားမှုကို လျစ်လျူရှုထားတာလား
မိကျောင်းကန်မြေ အပိုင်း ၁၊ ၂၊ ၃ မြေအသိမ်းခံရမှု ဖြစ်စဉ်ကို ပြည်ထောင်စုလွှတ်တော်မှ ဖွဲ့စည်းပေးထားတဲ့ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေး ကော်မရှင်က ဒသမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ လယ်ယာမြေစုံစမ်းစစ်ဆေးရေး ကော်မရှင် အစီရင်ခံစာ အပိုင်း ၄ ၌ အထူးကိစ္စတစ်ရပ် (ထူးခြားဖြစ်စဉ်) အနေနဲ့ တင်ပြ၍ ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုကာ ပြည်ထောင်စုအစိုးရအား ဖြေရှင်းဆောင်ရွက်ပေးရန် တိုက်တွန်းထားကြောင်း လယ်ယာမြေစုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင် ဦးခိုင်မောင်ရည်က ပြောကြားထားပါတယ်။ မိကျောင်းကန်မြေ သိမ်းဆည်းခံရမှု အစီရင်ခံစာမှာ မြေသိမ်းဆည်းသည့် အဖွဲ့အစည်းသည် သိမ်းဆည်းထားသော မြေပေါ်တွင် သိမ်းဆည်းစဉ် ရည်မှန်းချက်အတိုင်း အပြည့်အ၀ အကောင်အထည်ဖော်နိုင်ခဲ့ခြင်း မရှိသည့်အပြင် နှစ်ပေါင်း ၂၀ ကျော် မြေကွက်လပ်အဖြစ် ထားရှိ၍ ဟင်းသီးဟင်းရွက် ပန်းမန် စိုက်ပျိုးသူများကို ယာယီငှားထားသည်ကို သိရှိရကြောင်း၊ ၂၀၁၃ ခုနှစ်တွင် အဆိုပါ ယာယီငှားရမ်းထားသူများကို အတင်းအဓမ္မ ဖယ်ရှားရာမှ မူလနေထိုင်သူများက မြေနေရာ ပြန်လည်တောင်းခံမှု၊ ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သော်လည်း တစ်စုံတစ်ရာ ဖြေရှင်းဆောင်ရွက်ပေးမှု ပြုနိုင်ခဲ့ခြင်း မရှိသည်ကို တွေ့ရှိရကြောင်းနှင့် အဆိုပါ အိမ်ထောင်စု ၃၀၀ ကျော်ကို မူလစာရင်းနှင့် တိုင်ဆိုင်စစ်ဆေး၍ သင့်လျော်သည့် မြို့သစ်ရပ်ကွက်များတွင် မြေနေရာ အခမဲ့ချထားပေးခြင်း၊ အခြားပံ့ပိုး ထောက်ပံ့မှု တစ်ခုခုဖြင့် ဆောင်ရွက်ပေးခြင်း နည်းလမ်းများဖြင့် ဆောင်ရွက်ပေးသင့်ပါကြောင်းဟု ရေးသားထားသော်လည်း ပြည်ထောင်စုအစိုးရ အနေဖြင့် ယခုအချိန်အထိ အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်း မရှိသေးသည်မှာ ဥပဒေပြုရေးဖြစ်တဲ့ ပြည်ထောင်စုလွှတ်တော်ကိုပါ အလေးမထား လျစ်လျူရှုထားနေပြီလားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်စေခဲ့ပါတယ်။

မြို့တော်ခန်းမရှေ့ပိတ်ကာ ဆန္ဒပြနေသည်ကို ဒီဇင်ဘာ ၁၂ ရက် ညနေပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-အောင်ကျော်ထက်) |
အစိုးရတစ်ရပ် အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေကို လိုက်နာခြင်း မရှိတာလား
လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေး ကော်မရှင် အဖွဲ့ဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က “အစိုးရကို ပြည်ထောင်စုလွှတ်တော်ရဲ့ အစီရင်ခံစာအတိုင်း အကောင်ထည်ဖော်ဆောင်ရွက်ဖို့ တိုက်တွန်းထားတယ်။ အစိုးရအနေနဲ့ ပြည်ထောင်စုလွှတ်တော်ရဲ့ အတည်ပြု တိုက်တွန်းမှုတွေကို အကောင်ထည်ဖော်ဆောင်ရွက်ဖို့ တာဝန်ရှိတယ်။ အကယ်၍ ဆောင်ရွက်ပေးနိုင်ခဲ့ခြင်း မရှိရင် တာဝန်မကျေပွန်မှုဆိုတာ ရှိပါတယ်။ အစိုးရအနေနဲ့ နိုင်ငံသားတွေရဲ့ အခက်အခဲကို မဖြေရှင်းပေးချင်ရင် အစိုးရလုပ်ဖို့ မသင့်တော်ပါဘူး” ဟု မိကျောင်းကန် သပိတ်စခန်းသို့ လာရောက်တွေ့ဆုံစဉ် ပြောကြားခဲ့ဖူးတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၂၈ အရ- ပြည်ထောင်စု အစိုးရသည် (က) ပြည်ထောင်စုလွှတ်တော်က အခါအားလျော်စွာ ချမှတ်သည့် အုပ်ချုပ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရမည်။ မိမိ၏ အရေးယူဆောင်ရွက်ချက်များကို ပြည်ထောင်စုလွှတ်တော်သို့ ပြန်လည်အစီရင်ခံရမည်။ (ခ) နိုင်ငံတော်၏ အခြေအနေ အရပ်ရပ်နှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်သို့ အခါအားလျော်စွာ တင်ပြရမည်ဟု ပြဋ္ဌာန်းထားပါတယ်။
မိကျောင်းကန် သပိတ်စခန်းရဲ့ အလားအလာ
သိမ်းဆည်းခံမြေ ပြန်လည်ရရှိရေးအတွက် ကိုးလကျော်ကြာ ရက်ကာလကြာရှည် မိကျောင်းကန်သပိတ်စခန်း ဆန္ဒပြသူများမှာ ၎င်းတို့ရဲ့ ဆန္ဒပြမှုများကို အစိုးရအနေနဲ့ ညှိနှိုင်းဖြေရှင်းပေးမှု မရှိသဖြင့် ဆန္ဒပြမှုများ အရှိန်မြှင့်သွားမည်ဖြစ်ပြီး ဖမ်းဆီးမည်ဆိုပါက ဖမ်းဆီးခံသွားမည်ဟု ဆုံးဖြတ်ထားကြသည့်အတွက် ယင်းအခြေအနေများက အစိုးရနှင့် ထိပ်တိုင်ရင်ဆိုင် ပဋိပက္ခ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒီလို အခြေအနေကို အစိုးရတစ်ရပ် အနေဖြင့် လျစ်လျူရှုထားကာ သက်တမ်းရှည် သပိတ်စခန်းအား မြို့လယ်ကောင် ကမ္ဘာလှည့် ခရီးသွားများအတွက် အထင်ကရ ဆွဲဆောင်မှုနေရာ တစ်ခုအဖြစ်သာ သတ်မှတ်ထားရှိလေသလားဆိုတာ တွေးမိစရာပင် ဖြစ်ပါတယ်။ နိုင်ငံတိုင်းရှိ အစိုးရတစ်ရပ်အနေနဲ့ ပြည်သူတို့ရဲ့ အခက်အခဲတွေကို ဖြေရှင်းဆောင်ရွက်ပေးရမည်မှာ နိုင်ငံအုပ်ချုပ်သူ အစိုးရတိုင်း၏ တာဝန်သာ ဖြစ်ပါတယ်။ ပထမဦးဆုံး ဒီမိုကရေစီ အစိုးရအနေနဲ့ မိကျောင်းကန်သပိတ်စခန်း အရေးကိစ္စကို ဖြေရှင်းပေးမှုမရှိဘဲ နောင် ၂၀၁၅ အပြီး ရွေးကောက်ခံအစိုးရသို့ လွှဲပြောင်းပေးအပ်မှာလား၊ ဖြေရှင်းပေးမှာလားလို့ မြို့တော်ခန်းမရှေ့ သက်တည်းရှည် မိကျောင်းကန်သပိတ်စခန်းရဲ့ အလားအလာကို တွေးမိရင်း ဆန္ဒပြ ပြည်သူတွေအတွက် ရင်မောနေမိပါတယ်။

Credit - Eleven Media Group
No comments:
Post a Comment