Wednesday, March 18, 2015

ဒီချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကြောင့် လွှတ်တော်သို့ ခွင့်သုံးရက်တိုင်ထား

နေပြည်တော် (မဇ္ဈိမ)။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (ဒီချုပ်) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ကျန်းမာရေး အခြေအနေကြောင့် လွှတ်တော်သို့ ခွင့်သုံးရက် တိုင်ထားသည်ဟု အဆိုပါ ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက ပြောသည်။

DASSK-1



ဒီချုပ်ပါတီ၊ ဥတ္တရသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူက ‘‘ခွင့်တိုင်ထားတာ သုံးရက်ပါ၊ ပင်ပန်းတာလည်းပါတယ်၊ ဗိုက်သိပ်မကောင်းတာလည်း ပါတယ်’’ ဟု တယ်လီဖုန်းမှ တစ်ဆင့် ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မတ်လ ၁၆ ရက်နှင့် ၁၇ ရက်များတွင် ကျင်းပသည့် လွှတ်တော်အစည်းအဝေး များတွင် ခွင့် ၂ ရက် တိုင်ကြားခဲ့ပြီး မနက်ဖြန် မတ်လ ၁၈ ရက်တွင်ပါ ခွင့်ယူမည်ဟု ဆိုသည်။

ဦးမင်းသူက "နောက်ထပ် ဆက်ယူ၊ မယူတော့မသိဘူး’’ ဟု ဖြည့်စွက်ပြောသည်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအကြံပေး တောင်သာမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းက မကြာမီ ကျင်းပဖွယ်ရှိသည်ဟု ဆိုသော ခြောက်ပွင့်ဆိုင် တွေ့ဆုံပွဲအမီ ပြန်လည်ကျန်းမာလာစေရန် သဝဏ်လွှာပို့ ဆုတောင်းပေးခဲ့ပြီး ကန်ပက်လက်မြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကိုနှင့် ဇနီးကလည်း အိမ်တိုင်ရာရောက် သွားရောက်အားပေးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးအောင်ကိုတို့သည် လွှတ်တော်တွင်းတွင် ဘေးချင်းကပ်လျက် နေရာချထားခြင်း ခံရရုံသာမက ၎င်းတို့နှစ်ဦး ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်သည့် ကော်မတီများသည်လည်း အဆောက်အအုံတစ်ခုတည်းတွင် ရုံးစိုက်ပြီး ခင်မင်ရင်းနှီးမှုများစွာရှိသည်ဟု ကိုယ်စားလှယ်အချို့က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဆရာဝန်ဖြစ်သူ ဒေါက်တာ တင်မျိုးဝင်းကလည်း သာမာန် ဖျားနာမှုသာဖြစ်သဖြင့် ကိုယ်တိုင် ရန်ကုန်မှ နေပြည်တော်သို့ မသွားရောက်ခြင်းဖြစ်သည်ဟု ဆိုသည်။

ဦးမင်းသူက ‘‘စိုးရိမ်စရာ မရှိပါဘူး’’ ဟု ဆက်လက်ပြောကြားသည်။

Credit - Mizzima News

No comments:

Post a Comment