ချင်းမိုင် (မဇ္ဈိမ) ။ ။ တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်မူကြမ်း (NCA) ကို
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့်
တစ်နိုင်ငံလုံး အပစ်ရပ် ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ ၇ကြိမ်မြောက်
တွေ့ဆုံဆွေးနွေးရန် အဖွဲ့ဝင်အချို့ မတ်လ ၁၄ရက်က ရောက်ရှိနေပြီ ဖြစ်သည်။

NCCT ခေါင်းဆောင် နှစ်ဦးဖြစ်သည့် နိုင်ဟံသာ နှင့် ဖဒို ကွယ်ထူးဝင်းတို့မှာ ရန်ကုန်မြို့သို့ ရောက်ရှိနေပြီဖြစ်ကာ NCCT၏ ဒု-တာဝန်ခံလည်းဖြစ်၊ ကချင်လွတ်လပ်ရေးတပ်မတော်၏ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော် နှင့် အဖွဲ့တို့ မတ်လ ၁၄ရက် မွန်းလွဲပိုင်းက မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာသည်။ ထိုမှတစ်ဆင့် နေပြည်တော်၊ ရန်ကုန်မြို့များသို့ သွားရောက်မည် ဖြစ်သည်။
၇ကြိမ်မြောက် ဆွေးနွေးပွဲတွင် ထူးခြားမှုအဖြစ် လေ့လာသူများ တက်ရောက်ရန် နှစ်ဖက်သဘောတူထားပြီး RCSS/SSA၊ UWSP ၊ မိုင်းလား၊ ABSDFနှင့် နာဂ အဖွဲ့အစည်းများကို တစ်ဖွဲ့လျှင် ကိုယ်စားလှယ် ၂ ဦးတက်ရောက်ရန် ဖိတ်ခေါ်ထားသည်။ လေ့လာသူအဖြစ် ဖိတ်ခေါ်ထားသည့် အထဲမှ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA) မှ ကိုယ်စားလှယ်နှစ်ဦး ဆွေးနွေးပွဲသို့ တက်ရောက်မည် ဖြစ်သော်လည်း ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) က တက်၊ မတက်ကို မဆုံးဖြတ်ရသေးဟု မဇ္ဈိမကို ပြောသည်။ အခြားအဖွဲ့များကိုမူ မဇ္ဈိမက ဆက်သွယ်မရခဲ့ပေ။
UWSP ၏ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်က “အဆုံးအဖြတ်မရှိသေးဘူး။ အခုထိတော့ ဘာမှ မပြောသေးဘူး။ မပြောတတ်သေးဘူး။ အနည်းဆုံး မနက်ဖြန်ထွက်ရမှာ။ ဆွေးနွေးဆဲပဲ။ ဆုံးဖြတ်ချက်က လူကြီးတွေ အပေါ်တင်လိုက်ပြီ”ဟု သူက မဇ္ဈိမကို ပြောသည်။
တစ်နိုင်ငံလုံး အပစ်ရပ်မူကြမ်း ၇ကြိမ်မြောက် ဆွေးနွေးပွဲကို ရန်ကုန်မြို့တွင် မတ်လ ၁၆ရက်မှ ၂၁ရက်အထိ ခြောက်ရက်ကြာ ဆွေးနွေးမည်ဖြစ်သည်။
Credit - Mizzima News
No comments:
Post a Comment