Wednesday, March 18, 2015

အောင်တံခွန် ရေယာဉ်နစ်မြုပ်မှု ပို့ဆောင်ရေး ဝန်ကြီး နုတ်ထွက်ပေးရန် တောင်းဆိုမည်

ရန်ကုန် (မဇ္ဈိမ)။ ။ အစိုးရပိုင် ရေယာဉ် တစ်ခုဖြစ်သည့် ရခိုင်ကမ်းရိုးတမ်းသွား အောင်တံခွန်ရေယဉ် နစ်မြုပ်မှုနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေး ဝန်ကြီးဌာန၏ တာဝန်ယူမှု အားနည်းနေခြင်းကြောင့်ဖြစ်ပြီး ဝန်ကြီးအနေဖြင့် ရာထူးမှ နုတ်ထွက်ပေးရန် တောင်းဆိုမည်ဟု ကျောက်ဖြူ လူငယ်များက ပြောသည်။

Sittwe-1
(ဓာတ်ပုံ - အီးပီအေ)



အောင်တံခွန် ရေယဉ်နစ်မြုပ်မှုတွင် သင်္ဘော ခိုင်ခန့်မှု အားနည်းခြင်း၊ ကုန်စည်များ မတန်တဆ တင်ဆောင်ခြင်းကြောင့် ဖြစ်ပွားခဲ့ပြီး ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် လည်း နှောင့်နှေးကြန့်ကြာခြင်းများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ထိုသို့တောင်းဆိုမည့် ကျောက်ဖြူ လူငယ် အဖွဲ့မှ ကိုထွန်းထွန်းနိုင်ကဆိုသည်။

"ကယ်ဆယ်ရေး လုပ်ငန်းတွေကို ကျွန်တော်တို့ လူငယ်အဖွဲ့ကပဲလုပ်တာ အစိုးရက ဆယ်တာမဟုတ်ဘူး၊ သင်္ဘောကို ပြန်ဆယ်ဖို့လိုတယ်၊ သင်္ဘော အောက်မှာ အလောင်းတွေရှိသေးတယ်" ဟု ဆိုသည်။

အောင်တံခွန် သင်္ဘော နစ်မြုပ်မှုကြောင့် လတ်တလော အလောင်းများဆယ်ယူရရှိသည့် လူ ငါးဆယ်ကျော်အတွက် တစ်ဦးလျှင် ဆယ့်တစ်သိန်းစီ အစိုးရက နစ်နာကြေးများ ပြန်လည်ပေးအပ်ခဲ့သည်။

"အစိုးရပိုင်းက တာဝန်ယူမှုတွေက မရှိဘူး၊ ကိစ္စတော်တော်များများကို ဖုန်းကွယ်ထားချင်တယ် ဒါကို ကျွန်တော်တို့ မကျေနပ်ဘူး၊ လျော်ကြေးပေးရုံနဲ့ မရဘူးဗျ တာဝန်ယူမှု တစ်ခုခုတော့ ပေးရမယ်၊ ပို့ဆောင်ရေး ဝန်ကြီးနုတ်ထွက်မလား ဘာလုပ်ပေးမလဲပေါ့" ဟု ကျောက်ဖြူ လူငယ် အဖွဲ့မှ ကိုမင်းကျော်သူက ပြောသည်။

ရခိုင်ကမ်းရိုးတမ်းသွား အောင်တံခွန် သင်္ဘော နစ်မြုပ်မှုတွင် မတ်လ ၁၇ ရက်နေ့ အထိ လူသေ အလောင်း ၆၈ လောင်းတွေ့ရှိပြီ ဖြစ်သည် ဟု ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေသူကျောက်ဖြူ လူငယ်အဖွဲ့က ဆိုသည်။

ပြည်နယ် အစိုးရကမူ သေဆုံးသူများနှင့် ပြန်လည် လွတ်မြောက်လာသူများကို စုစုပေါင်းငွေကျပ် သန်း တစ်ထောင့်သုံးရာ ကျော်ကို ပေးအပ်လှူဒါန်းခဲ့သည်။

အောင်တံခွန် သင်္ဘောများဖြင့် ပြေးဆွဲမှုကို ခေတ္တရပ်နားထားမည်ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

အောင်တံခွန် သင်္ဘောများသည် ၁၉၉၆ ခုနှစ်က တရုတ်နိုင်ငံမှ ဝယ်ယူခဲ့သော သင်္ဘောများဖြစ်ပြီး ပြေးဆွဲသက်တမ်း နှစ် နှစ်ဆယ် နီးပါးရှိပြီ ဖြစ်သည်။

Credit - Mizzima News

No comments:

Post a Comment