Tuesday, March 17, 2015

လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ချေးငွေတစ်ခုတည်းဖြင့် အလုပ်မဖြစ်ဟုဆို

ရန်ကုန် (မဇ္ဈိမ)။ ။ လယ်ယာကဏ္ဍနှင့် တောင်သူလယ်သမားဘဝ ဖွံ့ဖြိုးတိုးတက်ရေး ချေးငွေ တစ်ခုတည်းဖြင့် အလုပ်မဖြစ်နိုင်ကြောင်း လယ်သမားအရေး ဆောင်ရွက်သူများနှင့် စိုက်ပျိုးရေး ပညာရှင်များက ပြောသည်။

Farmer
စစ်ကိုင်းတိုင်းအတွင်းရှိ လယ်ယာလုပ်ငန်းခွင် တစ်ခုကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟောင်ဆာ(ရာမည)၊ မဇ္ဈိမ)



ကျေးလက်နေ ပြည်သူများတွင် အတန်းပညာအရည်အချင်း နိမ့်ကျသကဲ့သို့ အသိပညာနှင့် ဗဟုသုတပိုင်းတွင်လည်း အားနည်းချက်များ ရှိနေခြင်းကြောင့် ချေးငွေထုတ်ချေးပေးရုံဖြင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာနိုင်မည် မဟုတ်ဟု မြန်မာ နိုင်ငံလယ်သမားသမဂ္ဂ အတွင်းရေးမှူး ဒေါ်စီစီက ဆိုသည်။

“အစိုးရချေးငွေတွေ ထုတ်ချေးပေးနေရုံနဲ့တော့ လယ်သမားတွေဘဝ တိုးတက်လာဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒီငွေကို လယ်ယာလုပ်ငန်းရဲ့ ဘယ်မှာသုံးမှာလဲ၊ လယ်သမားတွေ ဒါတွေမသိဘူး။ နည်းပညာလည်း မသိသလို ဘယ်လိုဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ရမလဲ ဆိုတာလည်းမသိတော့ သူတို့ကို ဟောပြောစည်းရုံးမှုတွေ အများကြီးလိုအပ်နေတယ်” ဟု ၎င်းက ရှင်းပြသည်။

အစိုးရက လယ်သမားဘဝ ဖွံ့ဖြိုးရေးအတွက် သမဝါယမချေးငွေ၊ လယ်ယာစိုက်ပျိုးရေး ဘဏ်တို့က စိုက်စရိတ် ချေးငွေအမျိုးမျိုး ထုတ်ချေးပေးနေသော်လည်း တောင်သူအများစုက မိမိလက်တွင်းရှိငွေကို မည်ကဲ့သို့အသုံးချရမည်ကို ကွဲကွဲပြားပြား မသိသကဲ့သို့ လယ်ယာအဖွဲ့အစည်း အသီးသီးကလည်း ယင်းလိုအပ်ချက်ကို မဖြည့်ဆည်းနိုင်ဖြစ်နေသည်ဟု လယ်သမားသမဂ္ဂ တာဝန်ရှိသူက ပြောသည်။

တောင်သူများ၏ အသိပညာနိမ့်ကျမှုကြောင့် လယ်ယာသုံးသွင်းအားစုများ ဝယ်ယူရာတွင်လည်း မိမိလယ်ယာနှင့် ကိုက်ညီသည့်ပစ္စည်းများ မရွေးချယ်နိုင်သကဲ့သို့ အဆိုပါသွင်းအားစုများ ရောင်းချသည့်ကုမ္ပဏီများ၏ မမှန်မကန် လုပ်ဆောင် မှုများကိုလည်း ခံစားနေရသည်ဟု စိုက်ပျိုးရေးပညာရှင်များက ဆိုသည်။

စိုက်ပျိုးရေးပညာရှင် ဦးဆလိုင်းထွန်းသန်းက ''မြန်မာနိုင်ငံရဲ့ လယ်ယာကဏ္ဍဟာ လက်ရှိအချိန်ထိ လက်မှုလယ်ယာ အဆင့်ပဲ ရှိသေးတယ်။ ဒီကဏ္ဍမှာရှိနေတဲ့ လယ်သမားတွေရဲ့ အခြေအနေတွေက အဘက်ဘက်က နိမ့်ကျနေတဲ့အတွက် တကယ်လုပ်မယ်ဆိုရင် အားလုံးကို ဖြည့်ဆည်းမှရမှာပါ။ တစ်ခုတည်း လုပ်လို့မရပါဘူး”ဟု ထောက်ပြသည်။

မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍ တိုးတက်ရေး၌ ဘက်ပေါင်းစုံလိုအပ်ချက်များ ရှိနေသည့်အတွက် တောင်သူလယ် သမားအသင်း အဖွဲ့များကလည်း လယ်သမားအကျိုးကို အမည်ခံလုပ်ဆောင်ခြင်းမဟုတ်ဘဲ အမှန်တကယ် လက်တွေ့အလုပ် လုပ်သင့်ကြောင်း၊ အစိုးရပိုင်းကလည်း တောင်သူချေးငွေ ထုတ်ချေးမှုများကို အခမ်းအနားပုံစံ လုပ်ဆောင်ခြင်းမျိုးထက် သူတို့လိုအပ်သည့် နည်းပညာ အသိပညာများအား လက်တွေ့ကူညီသည့် တောင်သူဖွံ့ဖြိုးရေးစင်တာများကို ကျေးလက် ဒေသအရောက် ဖွင့်လှစ်ပေးရန် လိုအပ်နေသည်ဟု မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်းဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောသည်။

Credit - Mizzima News

No comments:

Post a Comment