ပြည် (မဇ္ဈိမ) ။ ။ အမျိုးသားပညာရေး ဥပဒေကြမ်းကို သပိတ်မှောက်သည့်
ကျောင်းသားများအား အကြမ်းဖက် ဖမ်းဆီးမှုအား ပြန်လွှတ်ပေးရန် နှင့်
ကျောင်းသားများကို ဝန်းရံသည့် ပြည်သူများကို ပြန်လွှတ်ရန် ပဲခူးတိုင်း၊
ပြည်မြို့တွင် မတ် ၂၁ရက်က လက်ပတ်ဖြူဝတ် တောင်းဆို လှုပ်ရှားခဲ့သည်။

“ဖမ်းဆီးခံထားရတဲ့ ကျောင်းသားနဲ့ ပြည်သူတွေကို လွှတ်ပေးဖို့နဲ့ ဒီလိုမျိုးအကြမ်းဖက်မှုမျိုး နောက်ထပ် မပေါ်ပေါက်အောင် အစိုးရက ဂုဏ်သိက္ခာ
ရှိရှိ ရပ်တည်ပေးဖို့ တောင်းဆိုတာပါ” ဟု လက်ပတ်ဖြူလှုပ်ရှားမှုကို ဦးဆောင်သူ ကိုကျော်ဆွေက ဆိုသည်။
လက်ပတ်ဖြူ လှုပ်ရှားမှုကို ဦးဆောင်သည့် ပြည်မြို့ခံ လူမှုလုပ်ငန်းလုပ်သူ ၂၀ဦးခန့်က မတ်လ ၂၁ရက် နံနက် ၉နာရီခွဲခန့်က စတင်ကာ ပြည်မြို့ အတွင်းရှိ အောင်မင်္ဂလာဈေး၊ ပြည်မြို့မဈေးကြီး နှင့် လ္ဘက်ရှည်ဆိုင်ကြီးများ ဖြစ်သည့် ဝိုင်း၊ အောင်ဆန်းပွင့်၊ ရွှေတိုက်စိုး၊ ဆိပ်ကမ်းသာ၊ TOP STAR လက်ဖက်ရည်ဆိုင်များတွင် လက်ပတ်ဖြူကန်ပိန်းကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
လူမှုအဖွဲ့ဝင်များသည် ပြည်သူလူထုအား အဖြူရောင်ကန်ပိန်းနှင့် ပတ်သတ်သည်များကို ရှင်းလင်းပြောကြားခဲ့ပြီး လက်ပတ်ဖြူများ ဝတ်ဆင်ပေးခြင်း၊ ထောက်ခံလက်မှတ်များရယူခြင်းများကို ဆောင်ရွက်ခဲ့သည်။
လက်ပတ်ဖြူ လှုပ်ရှားမှုကို ရန်ကုန်မြို့တွင် ကဗျာဆရာများ အပါအဝင် တက်ကြွလှုပ်ရှားသူများက စတင်ခဲ့ပြီး ရန်ကုန်အပါအဝင် မြို့နယ် ၁၉မြို့နယ်တွင် ဆက်တိုက် ပြုလုပ်သွားမည်ဖြစ်သည်။
Credit - Mizzima News
No comments:
Post a Comment