Friday, March 20, 2015

မန္တလေးတွင် ဗကသအဖွဲ့ဝင် ကျောင်းသားနှစ်ဦး ဖမ်းခံရ၊ စစ်ဆေးနေဆဲဖြစ်

မန္တလေး (မဇ္ဈိမ) ။ ။ ဗကသ အဖွဲ့ဝင် နည်းပညာတက္ကသိုလ် (ကျောက်ဆည်)မှ ကိုရဲရင့်ပိုင်မှူးနှင့် ရတနာပုံတက္ကသိုလ်မှ ကိုသျှိုင်းမင်းတို့ကို မတ်လ ၂၀ ရက် ည ၈ နာရီ ၂၅ မိနစ် ကျုံးအရှေ့ဘက်တွင် လက်ထိတ်ခတ်ဖမ်းဆီးပြီး အောင်မြေသာစံမြို့နယ် ရဲတပ်ဖွဲ့က အမှတ် ၅ ရဲစခန်းတွင် ခေါ်ယူ၍ ည ၁၀နာရီ ၁၅ မိနစ်အထိ စစ်ဆေးနေဆဲ ဖြစ်သည်။

အမှတ် ၅ ရဲစခန်းသို့ မဇ္ဈိမက ဝင်ရောက်မေးမြန်းသော်လည်း စစ်ဆေးဆဲဖြစ်သောကြောင့် မဖြေနိုင်သေးဟု တာဝန်မှူး ဒုရဲအုပ်က ပြောသည်။

"သိသိချင်းလိုက်သွားတော့ ကလေးတွေက လက်ထိတ်ခတ်ပြီးနေပြီ မခတ်ဖို့ပြောတာမရဘူး။ ကလေးတွေကို ဘာအတွက် အဖမ်းခံရတယ်ဆိုတာမသိဘူး။ ဒီလိုသာ အပြင်ထွက်တိုင်း ဖမ်းနေမယ်ဆို ဘယ်လိုလုပ်ကြမလဲ။ ကျွန်မတို့ ညတွင်းချင်း လွတ်အောင်လုပ်နေတယ်။ အခုကလေးတွေ မိဘတွေရောက်နေတယ်။"ဟု လက်ပံတန်းအရေးတွင် ဖမ်းဆီးခံရသူများအား လ်ုက်ပါကူညီ ဆောင်ရွက်ပေးနေသူ ဒေါ်အမာနီက မဇ္ဈိမ ကိုပြောသည်။

ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုနိုင်ရဲဝေကလည်း "ဗကသ အဖွဲ့အတော်များများကို စောင့်ကြည့်ခံနေရတယ်။အခုလည်း ကျုံးဘေးဆိုတာ လူအများသွားလာနေတယ်။ အဲဒီလိုကြားထဲကမှ ရွေးပြီးအဖမ်းခံရတယ်ဆိုတာ ဗကသ ကျောင်းသားတွေကို မတရားဥပဒေတွေနဲ့ ထိန်းချုပ်ချင်လို့ပဲ။ ဒါကိုလက်မခံဘူး။"ဟု မဇ္ဈိမကို ပြောသည်။

ယခုအခါတွင် ရတနာပုံ သမဂ္ဂမှကျောင်းသူ/သားများ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများနှင့် ကျောင်းသားမိဘများက ရဲစခန်းရှေ့တွင် စောင့်နေကြပြီး တစ်ချို့မိဘများမှာ ဝင်ရောက်၍ ညှိနှိုင်းနေသည်။

ရဲစခန်းမှ အမည်မဖေါ်လိုသည့် ရဲအရာရှိတစ်ဦး စစ်ဆေးချက်သာယူခြင်းဖြစ်ပြီး စစ်ဆေးပြီးပါက ပြန်လည်လွှတ်ပေးမည်ဟု မဇ္ဈိမ ကိုပြောသည်။


Credit - Mizzima News

No comments:

Post a Comment