Tuesday, March 17, 2015

အောင်တံခွန် သင်္ဘောနစ်မြုပ်မှု စုံကော်ဖွဲ့ရေး အရေးကြီးအဆို လွှတ်တော် လက်မခံဟုဆို

နေပြည်တော် (မဇ္ဈိမ)။ ။ ပြီးခဲ့သည့် မတ်လ ၁၃ ရက်က လူပေါင်း ၅၀ ကျော်သေဆုံးခဲ့သည့် အောင်တံခွန် သင်္ဘောနစ်မြှပ်မှုကို စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ရန် ပြည်သူ့လွှတ်တော်သို့ အရေးကြီး အဆိုတင်သွင်းခဲ့သော်လည်း  လက်မခံခဲ့ဟု ကျောက်ဖြူမြို့နယ်၊
ပြည်သူ့လွှတ်တော် အမတ် ဦးဘရှိန်က ပြောသည်။

Parliament-5



ဦးဘရှိန်က ''မနက်က ကျွန်တော်ရယ်၊ ဦးဖေသန်း(မြေပုံမြို့နယ်၊ ပြည်သူ့လွှတ်တော် အမတ်) ရယ် လွှတ်တော် ဥက္ကဋ္ဌ ရုံးကို (အရေးကြီး အဆို)သွားတင်တော့ ဥက္ကဋ္ဌ (သူရဦးရွှေမန်း) ဆီ တိုက်ရိုက်တင်လို့ မရပါဘူး၊ ကိုယ်ရေးအရာရှိဆီတင်ခဲ့ပါဆိုလို့ တင်ခဲ့တယ်၊ နောက်တော့မှ အဆိုကို လက်မခံပါဘူးဆိုပြီးဖြစ်တာ’’ ဟု တယ်လီဖုန်းမှတစ်ဆင့် ဖြေကြားသည်။

ဦးဘရှိန်က ပြည်သူ့အသံ၊ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ၊ လွှတ်တော်ဆန္ဒ၊ ပြည်သူတို့၏လိုလားချက်၊ လွှတ်တော်က ဖော်ဆောင်ရွက် ဟူသော ဆောင်ပုဒ်ကို ''လွှတ်တော်က မေ့သွားပြီလား’’ ဟု မေးခွန်းထုတ်လိုက်သည်။

အောင်တံခွန်သဘောင်္နစ်မြုပ်မှုတွင် အစိုးရ၏လစ်ဟာမှုများ ရှိနေသော်လည်း ယင်းကိစ္စများကို ပြည်နယ်အစိုးရအဖွဲ့မှ စုံစမ်းစစ်ဆေးနေသည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌမှ အကြောင်းပြချက်ပေးထားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ယင်းသင်္ဘောသည် မတ်လ ၁၃ ရက် ည ၈နာရီ ၃ဝ မိနစ်ခန့်တွင် ဟောင်းနွမ်းနေသော သင်္ဘော ကိုယ်ထည် ကြောင့် နစ်မြုပ်ခဲ့ခြင်းဖြစ်ပြီး မတ်လ ၁၆ ရက်တွင် သေဆုံးသူ ၅၆ ဦး၏ ရုပ်အလောင်းများကို တွေ့ရှိထားပြီဖြစ် ကြောင်း ၎င်းက ဆိုသည်။

အဆိုပါ အောင်တံခွန်သင်္ဘောတွင် ရေယဉ်ဝန်ထမ်း ၁ဝ ဦးနှင့် ခရီးသည် ၂၁၄ ဦး လိုက်ပါစီးနင်းခဲ့ကြောင်း အစိုးရအဖွဲ့မှ သတင်းထုတ်ပြန်ထားပြီး ယင်းသင်္ဘောကို ၁၆၈ ဦးသာ တင်ဆောင်ခွင့်ပြုထားကြောင်း ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီဌာနမှ ထုတ်ပြန်ထားသည်။

ဦးဘရှိန်က ''အဆိုမရရင်တော့ မေးခွန်းပဲမေးရမှာပေါ့'' ဟု ဆိုသည်။ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်သည် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအကြံပေး ဖြစ်သူ တောင်သာမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးအောင်သောင်းအား အမေရိကန်နိုင်ငံမှ ဘဏ္ဍာရေးပိတ်ဆို့မှုပြုလုပ်စဉ် ကန့်ကွက်ခဲ့ဖူးသည်။

Credit - Mizzima News

No comments:

Post a Comment