ရန်ကုန် (မဇ္ဈိမ)။ ။ ပြည်တွင်း ဈေးကွက်တွင် ပဲမျိုးစုံဈေးနှုန်းများ
ဆက်လက်မြင့်တက်လာကာ သုံးရက်အတွင်း မတ်ပဲ တစ်တန်ကို ကျပ်လေးသောင်း
ဝန်းကျင်အထိ ဈေးတက်ခဲ့သည်ဟု ရန်ကုန်မြို့၊ ဘုရင့်နောင်ကုန်စည်ဒိုင်၏ မတ်လ
၁၅ ရက်က ထုတ်ပြန်သော ပဲဈေးနှုန်းများတွင် ဖော်ပြထားသည်။
![]() |
ရန်ကုန်မြို့ရှိ ပဲခွဲစက်တစ်ရုံတွင် လုပ်ငန်းများဆောင်ရွက်နေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) |
ထိုကဲ့သို့ ပြည်တွင်း ပဲဈေးများ တစ်ဟုန်ထိုးမြင့်တက်လာခြင်းသည် ပဲလိုအပ်ချက် ကြီးမားနေသော အိန္ဒိယနိုင်ငံ၏ ဝယ်ယူဈေးများ မြင့်တက်လာခြင်းကြောင့်ဖြစ်သည်ဟု မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဒေါက်တာမြတ်စိုးက မဇ္ဈိမကို ပြောသည်။
၎င်းက ''အိန္ဒိယမှာရော မြန်မာမှာပါ ပြီးခဲ့တဲ့နှစ် (၂၀၁၄ စိုက်ပျိုးသီးနှံ) ပဲလက်ကျန်က မရှိတော့ဘူး။ အခုနှစ်မှာလည်း ပဲအထွက်က ထပ်ကျတော့ ဈေးကွက်လိုအပ်ချက်များတာနဲ့အတူ ဈေးလိုက်ပြီး မြင့်တက်လာတာပါ'' ဟု ပြောသည်။
မတ်လ ၁၀ ရက်တွင် ဖြစ်ပေါ်ခဲ့သည့် ပဲဈေးနှင့် မတ်လ ၁၃ ရက်တွင် ဖြစ်ပေါ်ခဲ့သည့် ဈေးများအရ မတ်ပဲ FAQ တစ်တန်ကို ကျပ် ၃၈,၀၀၀ နှင့် မတ်ပဲ SQ (အရည်အသွေးကောင်း) တစ်တန်ကို ကျပ် ၄၆,၅၀၀ အထိ အသီးသီး ဈေးတက် ခဲ့ခြင်းဖြစ်သည်။
မတ်လ ၁၀ ရက်က မတ်ပဲ FAQ တစ်တန်ကို ကျပ် ၉၁၆,၀၀၀ သာရှိခဲ့ပြီး မတ်ပဲ SQ တစ်တန်ကို ကျပ် ၉၆၇,၅၀၀ ဈေးသာရှိခဲ့ခြင်း ဖြစ်သည်။ သို့သော် မတ်လ ၁၃ ရက်တွင် မတ်ပဲ FAQ တစ်တန်ကို ကျပ် ၉၅၄,၀၀၀ နှင့် SQ တစ်တန်ကို ကျပ် ၁,၀၁၄,၀၀၀ အထိ ဈေးတက်လာခဲ့သည်ဟု ဈေးနှုန်းစာရင်းများတွင် ဖော်ပြထားသည်။
ပဲစင်းငုံနီဈေးများမှာလည်း မတ်လ ၁၀ ရက်တွင် တစ်တန်ကို ကျပ် ၉၁၇,၀၀၀ မှ မတ်လ ၁၃ ရက်တွင် ကျပ် ၉၃၆,၀၀၀ အထိ ဈေးများသို့ မြင့်တက်လာသည်ဟု ဖော်ပြထားသည်။
ပဲကုန်သည်တစ်ဦးက ''အိန္ဒိယ ဝယ်လိုအားများရင်တော့ ပဲဈေးက နှစ်တိုင်းတက်လေ့ရှိပါတယ်။ အဓိကကတော့ အိန္ဒိယမှာ ပဲအထွက်ကောင်းပြီး ပြည်တွင်းစားသုံးမှု လုံလောက်တယ်ဆိုရင်တော့ ပဲဈေးကျလေ့ရှိတယ်''ဟု ပြောသည်။
ယခုဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဖေဖော်ဝါရီ ၂၇ ရက်အထိ ပဲမျိုးစုံ တန်ချိန် ၁,၀၄၆,၀၀၀ ကျော် တင်ပို့ထားခြင်းဖြစ်ကာ ကန်ဒေါ်လာ ၈၄၁ သန်းကျော် ရရှိထားခြင်းလည်းဖြစ်သည်။ ၎င်းပမာဏသည် ပြီးခဲ့သည့် ၂၀၁၃-၁၅ ဘဏ္ဍာနှစ်အောက် တင်ပို့မှု တန်ချိန် ၁,၁၄၆,၀၀၀ ကျော် လျော့နည်းနေခြင်းဖြစ်ကာ ရငွေ ကန်ဒေါ်လာ ၄၆ သန်းကျော် ပိုမိုရရှိထားခြင်းဖြစ်သည်ဟုလည်း ဒေါက်တာ
မြတ်စိုးက ပြောသည်။
Credit - Mizzima News
No comments:
Post a Comment