ရန်ကုန် (မဇ္ဈိမ)။ ။ အောင်တံခွန် (၃) သင်္ဘောနစ်မြုပ်စဉ် အနီးရှိ တံငါရွာ တစ်ရွာဖြစ်သော အုန်းချောင်းကျေးရွာအုပ်စုမှ စက်လှေပိုင်ရှင် သားအဖ သုံးဦးက လူပေါင်း ၁၂၅ ဦးကို ကိုယ်ပိုင်စက်လှေများဖြင့် သွားရောက် ကယ်တင်ထားသည်ဟု ကာယကံရှင်များက ပြောသည်။
သင်္ဘော နစ်မြုပ်စဉ် ည ခုနှစ်နာရီ ခွဲဝန်းကျင်တွင် သွားရောက်ကယ်တင်ခဲ့ရပြီး စက်လှေ နှစ်စီးဖြင့် တစ်စီးလျှင် ငါးခေါက်စီ ကယ်တင်ခဲ့သည်ဟု စက်လှေပိုင်ရှင် ဦးကျော်ဆန်းမြင့်ကပြောသည်။
"ရေထဲကလူတွေကို ကယ်ပြီး မြောက်ကြွမ်ကျွန်းကို သွားပို့ထားတယ် မိုးလင်းတော့ အရာရှိတွေလာခေါ်သွားတယ်" ဟု ဦးကျော်ဆန်းမြင့်က မဇ္ဈိမကို ပြောတယ်။
ဒုတိယ လှေရှင် ဦးသန်းအောင်က "အသံတွေကြားတော့ ည ခုနှစ်နာရီလောက်က စပြီးသွားပြီး အနီးဆုံးကျွန်းကို ပို့တာ ည ဆယ့်နှစ်နာရီ လောက်မှ ပြီးတယ်"ဟု
ပြောသည်။
အောင်တံခွန် သင်္ဘော နစ်မြုပ်မှုတွင် ပြည်နယ် အစိုးရက အသက်ရှင်လျှက် ပြန်လည် ကယ်တင်နိုင်သူ စာရင်းမှာ ၁၆၅ ဦးရှိသည် ဟုထုတ်ပြန်ထားသည်။
ရခိုင်ကမ်းရိုးတမ်းသွား အောင်တံခွန် သင်္ဘော နစ်မြုပ်မှုတွင် မတ်လ ၁၇ ရက်အထိ လူသေအလောင်း ၆၈ လောင်းတွေ့ရှိပြီ ဖြစ်သည် ဟု ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေသူ ကျောက်ဖြူလူငယ်အဖွဲ့က ဆိုသည်။
ပြည်နယ် အစိုးရကမူ သေဆုံးသူများနှင့် ပြန်လည် လွတ်မြောက်လာသူများကို စုစုပေါင်းငွေကျပ် သန်းတစ်ထောင့်သုံးရာကျော်ကို ပေးအပ်လှူဒါန်းခဲ့သည်။
အောင်တံခွန်သင်္ဘောများဖြင့် ပြေးဆွဲမှုကို ခတ္တရပ်နားထားမည်ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။ အောင်တံခွန် သင်္ဘောများသည် ၁၉၉၆ ခုနှစ်က တရုတ်နိုင်ငံမှ ဝယ်ယူခဲ့သော သင်္ဘောများဖြစ်ပြီး ပြေးဆွဲသက်တမ်း နှစ် နှစ်ဆယ် နီးပါးရှိပြီဖြစ်သည်။
Credit - Mizzima News
No comments:
Post a Comment