Wednesday, March 18, 2015

သတင်းသမားများကို ရဲတပ်ဖွဲ့၏ အကြမ်းဖက် ဖမ်းဆီး၊ ရိုက်နှက်မှု စုံစမ်းစစ်ဆေးပေးရန် IPI တောင်းဆို

ရန်ကုန် (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် အလုပ်သမားနှင့် ကျောင်းသားဆန္ဒပြမှုများအတွင်း ဂျာနယ်လစ်များကို ဖမ်းဆီးရိုက်နှက်မှု များနှင့် ပတ်သက်၍ မြန်မာအာဏာပိုင်များက အဆောတလျင် စုံစမ်းမှုများ လုပ်ဆောင်ရန် လိုကြောင်း နိုင်ငံတကာပုံနှိပ်အဖွဲ့အစည်း IPI က သတင်းထုတ်ပြန်လိုက်သည်။

Journalist
အမျိုးသား ပညာရေးကို ဆန့်ကျင်ဆန္ဒပြကြသည့် ပင်မကျောင်းသား ပိတ်စစ်ကြောင်းနှင့် သတင်းထောက်များကို ၂၀၁၅ ခုနှစ် မတ်လ ၁၀ ရက်နေ့က ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ်တွင် ရဲတပ်ဖွဲ့မှ အကြမ်းဖက်ဖြိုခွင်း၍ ထွက်ပြေးနေကြသော သတင်းထောက်များကို တွေ့ရစဉ်။ (ဓာတ်ပုံ - သက်ကို၊ မဇ္ဈိမ)



"ရဲတွေက ဆန္ဒပြသူများဘက်ရှိနေတဲ့ ဂျာနယ်လစ်တွေကို ပစ်မှတ်ထားတာက တကယ်ကို တုန်လှုပ်စရာ ကောင်းပါတယ်။ ပြည်သူ အကျိုးအတွက် သတင်းမှန်တင်နိုင်ဖို့ကလွဲလို့ ဘာမှမလုပ်တဲ့ သတင်းသမားတွေကို အကြမ်းဖက်တာကို ကျွန်တော်တို့ ရှုတ်ချပါတယ်။ မြန်မာအစိုးရက ဒီကိစ္စအပေါ် တရားမျှတမှု အပြည့်အဝနဲ့ ပွင့်လင်းမြင်သာစွာ စုံစမ်းအရေးယူပေးဖို့ တိုက်တွန်းပါတယ်" ဟု IPI ယာယီ အမှုဆောင်ဥက္ကဋ္ဌ ဘာဘာရာ ထရီယွန်ဖီးက ပြောသည်။

"ဒါက အကြမ်းဖက်တာပါပဲ။ အာဏာပိုင်တွေအနေနဲ့ မီဒီယာလွတ်လပ်ခွင့် ပေးထားတာကို သက်သေပြသင့်တယ်။ ဒီလိုလုပ်ရပ်မျိုးတွေကို ရပ်ပြီး အခြေခံလူ့အခွင့်အရေးတွေကို ထုတ်ဖော်ပေး သင့်တယ်" ဟု ၎င်းက ပြောသည်။

လက်ပံတန်းတွင် မတ် ၁၀ ရက်၌ ဖြစ်ပွားခဲ့သည့် နံပါတ်တုတ်ကိုင်ရဲများနှင့် ဆန္ဒပြသူများကြား ထိပ်တိုက် ပဋိပက္ခတွင် အနည်းဆုံး သတင်းထောက်နှစ်ဦးကို ဖမ်းဆီးထားခဲ့ပြီး ရိုက်နှက်ခံရကာ လွတ်မြောက်လာသူများလည်း ရှိသည်။

ရဲများက ဆန္ဒပြသူများကို ဖြိုခွင်းစဉ် အသံချဲ့စက်မှနေ၍ မီဒီယာသမားများကိုလည်း တိုက်ခိုက်ဟု အမိန့်ပေးသည်ကိုလည်း ကြားသူတချို့ရှိထားကြောင်း သိရသည် ဟု IPI က သတင်းထုတ်ပြန်ထားသည်။

Credit - Mizzima News

No comments:

Post a Comment