Thursday, March 19, 2015

တတိယအကြိမ် တိုင်းရင်းမီဒီယာ ညီလာခံစတင်

ချင်းမိုင် (မဇ္ဈိမ) ။ ။ တိုင်းရင်းသားမီဒီယာအပါအဝင် သတင်းဌာန ၁၂ခု ပါဝင်သော နိုင်ငံတကာ မြန်မာ့သတင်း(BNI)၏ တတိယအကြိမ် တိုင်းရင်းမီဒီယာ ညီလာခံကို ချင်းပြည်နယ် ဟားခါးမြို့တွင် မတ်လ ၁၈ ရက်တွင် စတင်ကျင်းပနေပြီ ဖြစ်သည်။

ညီလာခံ ဖွင့်ပွဲသို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဟုန်းငိုင်းနှင့် ပြန်ကြားရေးဌာနက ဒုတိယ ဝန်ကြီး ဦးပိုက်ထွေးတို့ တက်ရောက်ခဲ့သည်ဟု သံလွင်တိုင်မ်းသတင်းဌာနမှ အယ်ဒီတာ ကိုကိုဇော်က ပြောသည်။ 

“မနက်ပိုင်းက opening လုပ်တယ်။ ဒီနေ့ အခုလောလောဆယ် ဆွေးနွေးနေတဲ့ Agenda ၁ ကတော့ Peace and media ငြိမ်းချမ်းရေးနှင့် မီဒီယာအခန်းကဏ္ဍကို ဆွေးနွေးနေတယ်။ တခြားက Role of community media, redio and TV ဆွေးနွေးမယ်”ဟု သူက မဇ္ဈိမကို ပြောသည်။ 

ငြိမ်းချမ်းရေးနှင့် မီဒီယာအခန်းကဏ္ဍ (Peace and media) ကို စတင်ဆွေးနွေးနေပြီး ဒေါက်တာသောင်းထွန်း၊ ရွှေဂက်စ်မှ ကိုဝင်းအောင်၊ ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ (RNDP) မှ ဦးလှစော၊ BNI မှ နိုင်ကဆော့မွန်တို့ လေးဦးတို့ ဦးဆောင်ဆွေးနွေးခဲ့သည်ဟု သူက ပြောသည်။

တတိယအကြိမ် တိုင်းရင်းမီဒီယာညီလာခံတွင် တိုင်းရင်းသား မီဒီယာများ ဖွံ့ဖြိုးရေးအတွက် တိုင်းရင်းမီဒီယာများနဲ့ ပူးပေါင်း ဆောင်ရွက်ရေးကို အဓိကထား ဆွေးနွေးကြမည် ဖြစ်ကြောင်း ကိုကိုဇော်က ဆက်လက် ပြောဆိုသည်။ 

“အဓိကတော့ တိုင်းရင်းမီဒီယာ ဖွံ့ဖြိုးရေးကိစ္စတွေမှာ တိုင်းရင်းသားမီဒီယာ ပူးပေါင်းဆောင်ရွက်ရေးဆိုတာကို အဓိက ထားပြီး သွားဖို့ ရှိတယ်။ တိုင်းရင်းသားမီဒီယာတွေ တည်တံ့ခိုင်မြဲစေခြင်းဆိုတဲ့ဟာပေါ့”ဟု သူက ပြောသည်။

ထို့ပြင် တစ်နိုင်ငံလုံးအတိုင်းအတာ မီဒီယာအခြေအနေများ၊ လက်ရှိ ကျင်းပနေသော အစိုးရနှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ တွေ့ဆုံဆွေးနွေးနေသော ငြိမ်းချမ်းရေး ဖြစ်စဉ်များကိုလည်း ဆွေးနွေးသွားရန် ရှိသည်ဟု သိရသည်။

ဟားခါးမြို့တွင် ပြုလုပ်နေသော ပထမနေ့ တိုင်းရင်းမီဒီယာ ညီလာခံသို့ BNI အဖွဲ့ဝင်များအပြင် တိုင်းရင်းသားအခြေပြု မီဒီယာများ၊ ပြည်တွင်း ပြည်ပ မီဒီယာအချို့၊ မြန်မာနိုင်ငံသတင်းစာဆရာအသင်း (MJA) ၊ မြန်မာဂျာနယ်လစ်ကွန်ယက် (MJN)၊ မြန်မာငြိမ်းချမ်းရေးစင်တာ (Myanmar Peace Council) မှ ကိုယ်စာလှယ်များ၊ အလှူရှင်များနှင့် ဒေသခံများ အပါအဝင် လူဦးရေ ၁၅၀ ခန့် တက်ရောက်နေသည်။

ထိုညီလာခံကို မတ်လ ၁၈ ရက်မှ ၂၀ ရက်ထိ သုံးရက်ကြာ ဟားခါးမြို့တွင် ကျင်းပမည် ဖြစ်သည်။ ပထမအကြိမ် တိုင်းရင်းမီဒီယာ ညီလာခံကို မွန်ပြည်နယ်၊ မော်လမြို့မြို့တွင် ၂၀၁၃ခုနှစ် ဧပြီလက ကျင်းပခဲ့ပြီး ဒုတိယအကြိမ်ကို ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ၂၀၁၄ခုနှစ် မတ်လက ကျင်းပခဲ့သည်။

BNIတွင် တိုင်းရင်းသားဒေသကို အထူးပြုပြီး မြန်မာပြည်တွင်းမှ အဖြစ်အပျက်များကို ပြည်တွင်း နှင့် နိုင်ငံတကာမှ နားလည်စေရန် ဦးတည်လုပ်ဆောင်သည့် သတင်းဌာန ၁၂ဖွဲ့က အဖွဲ့ဝင်အဖြစ်ပါဝင်သည်။ BNIတွင် လွတ်လပ်သော မွန်သတင်းအေဂျင်စီ၊ ကချင်သတင်းဌာန၊ ကုလားတန်သတင်းဌာန၊ ကန္တာရဝတီတိုင်း(မ်)၊ ရွှေဟင်္သာသတင်းဌာန၊ ကေအိုင်စီ၊ ခိုနူမ်းထုန်သတင်းဌာန၊ မဇ္ဈိမသတင်းဌာန၊ နိရဉ္ဇရာသတင်းဌာန၊ သတင်းနှင့်မီဒီယာကွန်ယက်၊ သျှမ်းသံတော်ဆင့်သတင်းဌာန နှင် သံလွင်တိုင်းမ်တို့ ပါဝင်သည်။


Credit - Mizzima News

No comments:

Post a Comment