Tuesday, March 17, 2015

ပြန်ပြင်မည့် ရင်းနှီးမြှုပ်နှံမှုဥပဒေတွင် အောက်ခြေလယ်သမား အကျိုးစီးပွား ပိုမိုပါဝင်စေရန် အကြံပြုမည်

ရန်ကုန် (မဇ္ဈိမ)။ ။ ပြန်လည်ပြင်ဆင်မည့် ရင်းနှီးမြှုပ်နှံမှု ဥပဒေ၏ လယ်ယာကဏ္ဍ ရင်းနှီးမြှုပ်နှံမှုအပိုင်းတွင် လယ်ဧက အနည်းစုပိုင်ဆိုင် သူများ၏ အခန်းကဏ္ဍ ပိုမိုမြင့်တက်စေရန် အကြံပြုသွားမည်ဟု စိုက်ပျိုးရေးပညာရှင် ဦးစံသိန်းက ပြောသည်။

Farmer-2
လယ်ယာသုံး စက်ပစ္စည်းများကို သမဝါယမချေးငွေဖြင့် ရောင်းချပေးနေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)



မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ဆောင်ရွက်နေသည့် နိုင်ငံသားရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ ပေါင်းစည်းရေး အကြံပြုချက်၌ ဧက ၅၀ အထက် လယ်လုပ်ပိုင်ခွင့်ကို ရင်းနှီးမြှုပ်နှံသူများကိုသာ ပေးအပ်ထားခြင်းနှင့် ယင်းတို့ကိုသာ ပေးအပ်ထားသည့် သွင်းအားပစ္စည်းများ သက်သက်သာသာသွင်းခွင့် အခွင့်အရေးများကို ကျန်လယ်သမား များရရှိရန် အကြံပြုမည်ဟု ၎င်းက ဆိုသည်။

“အစိုးရက အယူအဆတွေ လွဲနေတယ်။ တကယ်အလုပ်လုပ်တဲ့ လယ်သမားကို အားမပေးဘူး။ အထူးပြုနဲ့ ရင်းနှီး မြှုပ်နှံတဲ့ကုမ္ပဏီတွေကိုပဲ အလေးထားနေတယ်။ အဲဒီအတွက် အခုပြင်ဆင်မယ့် ရင်းနှီးမြှုပ်နှံမှုဥပဒေမှာ အသေးစား၊ အလတ် စား လယ်သမားတွေကိုလည်း ကုမ္ပဏီကြီးတွေပေးတဲ့ ခံစားခွင့်မျိုးကို တစ်နည်းနည်းနဲ့ ရရှိအောင် အကြံပြုချက်ပေးမှာပါ” ဟု ဦးစံသိန်းက ရှင်းပြသည်။

နိုင်ငံတကာတွင် လယ်ယာကဏ္ဍ တိုးတက်ရေးကို အောက်ဆုံးအဆင့် လယ်ယာအနည်းငယ် ပိုင်သူများ၏ စုပေါင်းအားနှင့် လုပ်ဆောင်ချိန်၌ မြန်မာနိုင်ငံတာဝန်ရှိသူများက လယ်ယာအထူးပြုကုမ္ပဏီများနှင့် ရင်းနှီးမြှုပ်နှံသူကိုပဲ အားပေးသည့် အတွေးအခေါ်ကို ပြောင်းလဲပေးရမည်ဟု အဆိုပါပညာရှင်က ပြောသည်။

လက်ရှိရင်းနှီးမြှုပ်နှံမှုဥပဒေတွင် လယ်ယာလုပ်ငန်း ဝင်ရောက်လုပ်ကိုင်မည့်ကုမ္ပဏီလုပ်ငန်းများကို လယ်ယာသုံး စက်ပစ္စည်များကို အခွန်သက်သာစွာ တင်သွင်းခွင့်၊ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးနှင့် လိုအပ်သည့် သွင်းအားစုအပိုပစ္စည်း များကို အခွန်လွတ်တင်သွင်းခွင့်များ ပေးအပ်လုပ်ဆောင်စေသော်လည်း ယင်းလုပ်ငန်းများက အခွန်သက်သာစွာ တင်သွင်း ရရှိသည့်ပစ္စည်းများကို ပြန်လည်ရောင်းချခြင်းများ ပြုလုပ်နေကြောင်း၊ လုပ်ပိုင်ခွင့်ရရှိထားသည့် စိုက်ခင်းမြေနေရာများတွင် လည်း အမှန်တကယ် လုပ်ငန်းအကောင်အထည်မဖော်ဘဲ သစ်တောများကို ခုတ်ထွင်၍ စီးပွားရှာမှုများရှိနေသည်ဟုလည်း စိုက်ပျိုးရေးပညာရှင်များက ပြောဆိုသည်။

လယ်ယာကဏ္ဍ တိုးတက်ရေးတွင် ရင်းနှီးမြှုပ်နှံသူများ ပိုမိုဝင်ရောက်စေရန် အစိုးရက အခွန်သက်သာခွင့်များ ပေးအပ်သော်လည်း လက်တွေ့နယ်ပယ်တွင် ကုမ္ပဏီအချို့က အခွင့်အရေးများ တလွဲအသုံးချနေသကဲ့သို့ နိုင်ငံခြားရင်းနှီး မြှုပ်နှံသူများ၏ လယ်ယာကဏ္ဍ၌ ဝင်ရောက်ရင်းနှီးမြှုပ်နှံမှုမှာ စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၀ ဒသမ ၂ ရာခိုင်နှုန်းသာ ရှိနေခြင်းမှာလည်း မြန်မာ့လယ်ယာကဏ္ဍ မည်မျှအားနည်းနေသည်ကို ရှုမြင်နိုင်သည်ဟု လယ်ယာအသင်းအဖွဲ့များက ထောက်ပြသည်။

ထို့အပြင် လွှတ်တော်၏ လယ်သမားအကျိုးစီးပွား မြှင့်တင်ရေးနှင့် အခွင့်အရေးကာကွယ်စောင့်ရှောက်ရေးဥပဒေ များမှာလည်း လယ်သမားတို့၏ အခွင့်အရေးများကို အမှန်တကယ်ဆောင်ကြဉ်းနိုင်ခြင်း ရှိ၊ မရှိဆိုသည်ထက် ယင်းဥပဒေ ကိုပင် တောင်သူအများစု မသိရှိကြကြောင်း လယ်သမားသမဂ္ဂ အတွင်းရေးမှူး ဒေါ်စီစီက ပြောသည်။

Credit - Mizzima News

No comments:

Post a Comment