မန္တလေး (မဇ္ဈိမ)။ ။ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊
ပြင်ဦးလွင်မြို့နယ်၊ ဇီးပင်ကြီးကျေးရွာအုပ်စုမှ ရွာလေးရွာရှိ တောင်သူများ
ထံက လျော်ကြေးမပေးဘဲ သိမ်းယူခဲ့သော မြေများထဲမှ ပိုလျှံမြေပေါ်တွင်
တောင်သူများက မတ်လ ၄ ရက် နံနက်ပိုင်းက ထွန်တုံးတိုက်ပွဲ စတင်ခဲ့သည်။

မန္တလေးတိုင်း၊
ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၊ ဇီးပင်ကြီးအုပ်စုရှိ ကျေးရွာ ၎
ရွာမှ ဒေသခံတောင်သူများ ထွန်တုံးတိုက်ပွဲ ဝင်နေစဉ်။ (ဓာတ်ပုံ -
အောင်ကိုဦး၊ မဇ္ဈိမ)
အဆိုပါမြေများမှာ ၁၉၉၅ ခုနှစ်တွင် သိမ်းယူခဲ့ခြင်းဖြစ်ပြီး လယ်ယာမြေ ဧက ၃,၆၀၀ ကျော် ရှိကာ ဗဟိုဝန်ထမ်း တက္ကသိုလ်၊ ရဲအရာရှိ လေ့ကျင့်ရေး သင်တန်းကျောင်းနှင့် ဗဟိုမီးသတ် သင်တန်းကျောင်း တည်ဆောက်ရန် သိမ်းခဲ့ခြင်းဖြစ်ကာ ပိုလျှံမြေများကို ပြန်တောင်းသော်လည်း မပေးခြင်းကြောင့် မတ်လ ၄ ရက် နံနက် ၁၁ နာရီတွင် တောင်သူများက ထွန်တုံး တိုက်ပွဲဝင်ပြီး ထွန်ယက်စိုက်ပျိုးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ယင်းအပြင် မတ်လ ၁၅ ရက်တွင် ပြင်ဦးလွင်မြို့ပေါ်တက်၍ ဒေသခံ တောင်သူ ၁,၀၀၀ ကျော်ဖြင့် ဆန္ဒဖေါ်ထုတ် တောင်းဆိုမှုများ ပြုလုပ်သွား မည်ဟု ဇီးပင်ကြီးကျေးရွာမှ ဦးလှငွေက မဇ္ဈိမ ကိုပြောသည်။
ဦးလှငွေက "ကျွန်တော်တို့က စီမံကိန်းထဲကမြေကို တောင်းတာမဟုတ်ဘူး။ သူတို့လုပ်ပြီး ပိုလျှံမြေကို ပြန်ထွန်ပြီး စိုက်ပျိုးတာပါ။ အခုလို ထွန်ပြီး မြို့ပေါ်တက်ပြီး ဆန္ဒဖော်ထုတ်တောင်းဆိုမယ်။ ဥပဒေဘောင်ထဲကပဲ ရအောင်လုပ်ဆောင်မယ် " ဟု ပြောသည်။
အဆိုပါကျောင်းများ တည်ဆောက်ရန် ဧက ၃,၀၀၀ ကျော် သိမ်းဆည်းခဲ့သော်လည်း အသုံးပြုထား သည့် မြေဧက မှာ ၁,၀၀၀ ကျော်သာရှိသောကြောင့် ပိုလျှံနေသောလယ်ယာမြေများကို ပြန်လည်စွန့်လွှတ်ပေးရန် ၂၀၁၂ ခုနှစ်မှစတင်၍ သက် ဆိုင်ရာဝန်ကြီးဌာန အဆင့်ဆင့်သို့ တင်ပြတောင်းဆိုမှုများ ပြုလုပ်ခဲ့သော်လည်း ဖြေရှင်းပေးမှုများ ဆောင်ရွက်ပေးခြင်း မရှိသောကြောင့် ထွန်တုံးတိုက်ပွဲဝင်၍ ဝင်ရောက် စိုက်ပျိုးရခြင်းဖြစ်သည်ဟု ဒေသခံတောင်သူများက ဆိုသည်။
ကံပြင်ကျေးရွာမှ ဦးညွှန့်ဝင်းက "သူတို့အသုံးပြုလို့ ပိုလျှံတဲ့မြေကိုပါ အခုခြံခတ်နေတယ်။ဒါကို ဆက်မခတ်ဖို့ ရွာက တားထားတယ်။ အဲဒီလိုလုပ်ရင် ရွာပျက်ရုံပဲရှိတော့မယ်။ ရွာမှာက လုပ်စရာမြေမရှိတဲ့အပြင် ထင်းတောင် ဝင်ခုတ်လို့မရတော့ဘူး။ အခုသူတို့က စက်ကြီးတွေနဲ့ ထိုပြီးလုပ်နေတာ တချို့ စိုက်ထားတဲ့စိုက်ခင်းတွေ ပါပျက်တယ်။ ဒါကြောင့် မခံနိုင်လို့ လုပ်တာပါ" ဟု ပြောသည်။
အဆိုပါ ပိုလျှံမြေများကို ဖေဖေါ်ဝါရီလမှစတင်၍ မတ်လ ၃ရက်အထိ ခြံစည်းရိုးခတ်နေပြီး ဒေသခံများက ဆက်လက် မခတ်ရန် တားမြစ်ရာ ဒေသခံဦးတင်သိန်း၊ ဦးအောင်နိုင်၊ ဒေါ်ထွေးထွေးနှင့် ဒေါ်လှလှဝင်း တို့အား တာဝန်ဝတ္တရား နှောက်ယှက်မှုဖြင့် တရားစွဲဆိုထားသည်ဟု တရားစွဲဆိုခံထားရသူ ဒေါ်ထွေးထွေးက ပြောသည်။
သို့သော်လည်း ဇီးပင်ကြီး နယ်မြေရဲစခန်းသို့ မေးမြန်းရာ တွင် အမှုဖွင့်ထားခြင်းမရှိကြောင်း ခေါ်ယူမေးမြန်းခြင်း သာ ပြုလုပ်ခဲ့သည်ဟု နယ်ထိန်း ရဲတပ်ကြပ်ကြီးက မဇ္ဈိမကိုပြောသည်။
လယ်ယာမြေ သိမ်းဆည်းခံကျေးရွာများမှာ ရွာမ၊ ရွာလယ်၊ ကံပြင်နှင့် ဇီးပင်ကြီးကျေးရွာ တို့ဖြစ်ပြီး ရွာမ ကျေးရွာရှိ လယ်ယာမြေများကို ရဲအရာရှိ သင်တန်းကျောင်း၊ ကံပြင်ကျေးရွာရှိ လယ်ယာမြေများကို ဗဟိုဝန်ထမ်း တက္ကသိုလ်၊ ဇီးပင်ကြီးကျေးရွာတို့မှလယ်ယာမြေများအား ဗဟိုမီးသတ်သင်တန်းကျောင်း တို့က သိမ်းယူခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
ဇီးပင်ကြီးကျေးရွာ အုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီဝင်ဦးလှငွေက "သိမ်းထားတာက လိုအပ်တာထက် ပိုပြီး သိမ်းထားတယ်။ ဒါကြောင့်ပိုလျှံမြေတွေကို မူလပိုင်ရှင်ထံပြန်ပေးရမယ်။ ပြန်ပေးဖို့ကိုလည်း ကျွန်တော်တို့အနေနဲ့ ကန့်ကွက် စာတွေတင်တယ်။
ပြန်စွန့်လွှတ်ပေးဖို့လည်း တင်ပြတယ်။ ဒါပေမယ့် ဒီနေ့အချိန်ထိ ဘာမှဖြစ်မလာဘူး" ဟု မဇ္ဈိမကို ပြောသည်။
ပိုလျှံမြေများ ခြံစည်းရိုးခတ်နေမှုနှင့်ပတ်သက်၍ အဆိုပါကျောင်းများ၏ ဒုတိယပါမောက္ခချုပ် ဦးခင်မောင်ဝင်းကို မဇ္ဈိမက သွားရောက်မေးမြန်းရာတွင် ဂိတ်အပေါက်တွင် တာဝန်ကျသူက ဝင်ခွင့်မပြုခဲ့ပေ။
ဒေသခံတောင်သူများသည် ထွန်တုံးတိုက်ပွဲကို နေ့စဉ် ပြုလုပ်စိုက်ပျိုးသွားမည်ဖြစ်ပြီး အဆိုပါတောင်သူများသည် မေမြို့ပန်းအမျိုးမျိုးနှင့် ပဲအမျိုးမျိုးတို့ စိုက်ပျိုးသွားမည်ဟု ဒေသခံများကဆိုသည်။
Credit - Mizzima News
No comments:
Post a Comment